Transparency Myanmar

transparency.myanmar@gmail.com

Yahoo News,Peter Footer, 5th Feb 2010

          အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရတ် အိုဘားမား သည် ဒလိုင်းလားမား နှင့် ဝါရှင်တန်တွင် ယခုလ နှောင်းပိုင်းတွင် တွေ့ဆုံလိမ့်မည် ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့ပါသည်။ ထိုသို့ တွေ့ဆုံခြင်းသည် တရုတ်နှင့် ဖြစ်ပေါ်နေသည့် သံတမန် ဆက်ဆံရေးတွင် တင်းမာမှုများကို ပိုမို တောက်လောင်နိုင်ကြောင်း တရုတ်၏ သတိပေးမှုများကြားမှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

          အဆိုပါ ကြေညာချက်သည် အိမ်ဖြူတော်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး၊ ကုန်သွယ်ရေးတွင် သဘောတူညီမှု မရရှိခြင်း၊ တိုင်ဝမ်သို့ လက်နက်များ ရောင်းချခြင်း၊ တရုတ်၏ အင်တာနက် ဆင်ဆာ ကိစ္စများနှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိခြင်းတို့နောက် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

          တွေ့ဆုံမည့် ရက်ကို အတိအကျ ပြောကြားခြင်း မရှိသော်လည်း၊ ပြည်ပရောက် တိဗက် ခေါင်းဆောင်သည် ဝါရှင်တန်သို့ ဖေဖော်ဝါရီလ ၁၇ မှ ၁၈ ရက်အတွင်း လာရောက်မည် ဖြစ်ပါသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Robert Gibbs က ဒလိုင်းလားမား နှင့် စားပွဲဝိုင်းတွင် ဆွေးနွေးပွဲ ပြုလုပ်မည်လော။ သာမန် တွေ့ဆုံခြင်းမျိုး ဖြစ်မည်လောကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဆိုပါသည်။ ဒလိုင်းလားမား ကို တရုတ်က အန္တရာယ်ရှိသော ခွဲထွက်ရေးသမားဟု စွပ်စွဲ ပါသည်။

အဆိုပါ ကြေညာချက်ကြောင့် ဝါရှင်တန်ရှိ တရုတ်သံရုံးက Beijing ၏ သတိပေးချက် အတိုင်းပင် အိုဘားမား အစိုးရသည် တွေ့ဆုံမှုကို ပယ်ဖျက်သင့်ကြောင်း၊ သို့မှသာ နှစ်နိုင်ငံ ဆက်ဆံရေးတွင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ရှောင်ရှားနိုင်လိမ့်မည် ဖြစ်ကြောင်း ထပ်မံ တုန့်ပြန်ခဲ့ပါသည်။

ပြီးခဲ့သည့် အောက်တိုဘာလက သမ္မတ အိုဘားမား သည် ၎င်း၏ တရုတ်ပြည် ခရီးစဉ် မတိုင်မီ ဆက်ဆံရေး ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဒလိုင်းလားမား အား တွေ့ဆုံရန် ငြင်းပယ်ခဲ့ခြင်းအား လူ့အခွင့်အရေး အဖွဲ့များ၏ ပြင်းထန်စွာ ဝေဖန်ခြင်းကို ခံခဲ့ရပါသည်။

အမေရိကန် ပြည်ထောင်စုက ပြောကြားရာတွင် အိုဘားမား သည် တရုတ်၊ သမ္မတ ဟူကျင်တောင်း အား ၎င်းသည် ဒလိုင်းလားမားနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလက ပြောခဲ့သည်ဟု ဆိုပါသည်။ လေ့လာသူများကမူ လာမည့် ဧပြီလတွင် ဟူကျင်တောင်း ဝါရှင်တန်သို့ ပြန်လည် လာရောက်မည် အစီအစဉ် လွဲချော်လေမည်လားဟု သေချာစွာ စောင့်ကြည့်နေကြမည် ဖြစ်ပါသည်။

တရုတ် အစိုးရသည် မည်သည့် နိုင်ငံတကာ ခေါင်းဆောင်ကိုမဆို ဒလိုင်းလားမား နှင့် တွေ့ဆုံခြင်းကို ကန့်ကွက်ပြီး၊ တရုတ်နိုင်ငံ၏ တိဗက်ကို တရုတ်၏ အစိတ်အပိုင်းအဖြစ် ထိန်းသိမ်းထားရေး ရည်မှန်းချက်ကို အကြောင်းပြချက် မရှိဘဲ ဝင်ရောက် စွက်ဖက်ခြင်းဟု ရှုမြင်သည်ဟု တရုတ်က ဆိုပါသည်။

ယခုအချိန်သည် အမေရိကန်က အီရန်အပေါ် အရေးယူရေးအတွက် တရုတ်၏ ထောက်ခံချက် ရရှိရန်နှင့် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် ဖျက်သိမ်းရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲ လိပ်ခဲတည်းလည်း ဖြစ်နေမှုအပေါ် တရုတ်၏ အကူအညီ ရယူရန် ကြိုးစားနေသည့် အချိန် ဖြစ်ပါသည်။

သို့သော် တရုတ် အနေဖြင့် ၎င်း၏ အရှေ့အလယ်ပိုင်းမှ အဓိက မဟာမိတ်ဖြစ်သလို ရေနံ တင်ပို့သည့် နိုင်ငံဖြစ်သော အီရန် အပေါ် အမေရိကန်၊ ပြင်သစ် နှင့် အခြား အနောက်နိုင်ငံများ၏ အရေးယူရေး အစီအစဉ်တွင် ပါဝင်လိမ့်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi က ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

ယခု အခြေအနေအပေါ် အရေးယူရေး ကိစ္စကို ပြုလုပ်လျှင် အခြေအနေများ ပိုမို ရှုပ်ထွေး လာစေမည် ဖြစ်ပြီး၊ သံတမန်ရေးရာဖြင့် အဖြေရှာသည့်လမ်းကို ရွေးသင့်ကြောင်း ပြင်သစ် Think Tank တစ်ခုရှိ လူအများကြား Yang က ပြောကြားခဲ့ပါသည်။

ယခုအပတ် အစောပိုင်းက အိုဘားမား သည် ဒီမိုကရက်တစ် ဆီနိတ်တာများသို့ ကတိပြုခဲ့ရာတွင်လည်း ၎င်းသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး စည်းမျဉ်းများ ပြုလုပ်ရေးတွင် ပိုမို ခက်ခဲမှုများ ရင်ဆိုင်ရမည် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် တရုတ် ပို့ကုန်တင်ပို့သူများ မမျှတစွာ အသာရနေသော တရုတ်၏ ယွမ်ငွေဈေးကိုလည်း အရေးဆိုသွားမည် ဖြစ်ကြောင်း ပြောသွားခဲ့ပါသည်။

ယခုအပတ်များ အတွင်း တရုတ်နိုင်ငံရှိ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ ကျယ်ကျယ် လောင်လောင် စောဒက တက်နေသည့် ကိစ္စတစ်ခုမှာ တရုတ်နိုင်ငံသည် ဒေသခံများကို ဦးစားပေးသည့် မူဝါဒသစ်အရ နိုင်ငံခြား ကုမ္ပဏီများကို မမျှတစွာ ပစ်ပယ်လျက် ရှိသည်ဟူသော အရေးကိစ္စ ဖြစ်ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment