Transparency Myanmar

transparency.myanmar@gmail.com

BBC News, 8th February 2010

နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများအတွက် အဆင်သင့် ဖြစ်နေစေရန် သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံအား လူသားချင်း စာနာ ထောက်ထားသော အကူအညီများ တိုးမြှင့် ပေးအပ် ကူညီမည်ဟု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါသည်။

မြန်မာ ပြည်သူများအပေါ် ဆိုးကျိုးများ ကျရောက်စေမည့် တတိတိ ဖျက်ဆီး ဆုံးရှုံးမှု များ ဖြစ်ပေါ်နေခြင်းကို ခွင့်မပြုနိုင်ပါဟု  Stephen Smith  က ပြောပါသည်။

မြန်မာ အစိုးရ အပေါ် ဆွေးနွေး ညှိနှိုင်းမှုနှင့် အရေးယူ ပိတ်ဆို့မှုကို တပြိုင်တည်း ကျင့်သုံးနေသော အမေရိကန် ပြည်ထောင်စု၏ မူဝါဒ အတိုင်း အကူအညီများကို တိုးမြှင့်ပေးသွားမည်ဟု ၎င်းက ဆိုပါသည်။

သို့ရာတွင် Mr Smith က ယခု ကတိကဝတ်သည် မကြာမီ ရွေးကောက်ပွဲများ ကျင်းပမည့် တပ်မတော် ခေါင်းဆောင် များ၏ အစီအစဉ် အတွက် ပေးအပ်ခြင်း မဟုတ်ဟု ပြောပါသည်။

ယခု အခါ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြန်လည် တည်ဆောက်ပေးမှု စတင်ရန် လိုအပ်နေသည် ဟုလည်း ၎င်းက ပြောဆိုပါသည်။

လူသားခြင်း စာနာ ထောက်ထားသော အကူအညီကို ယခု ဘဏ္ဍာရေးနှစ်တွင် သြစတြေးလျ ဒေါ်လာ သန်း ၃၀  ( အမေရိကန် ဒေါ်လာ  ၂၆သန်း ) မှ လာမည့် နှစ်တွင် သြစတြေးလျ ဒေါ်လာ သန်း ၅၀ အထိ ၄၀%  တိုးမြှင့်သွားမည်ဟု ဆိုပါသည်။

အရေးပါသော ပြောင်းလဲမှု

Mr Smith က ပြောကြားရာတွင် အကူအညီ တိုးမြှင့်ခြင်းသည် မြန်မာ့ တပ်မတော်ကို ချီးမြှင့်ခြင်း မဟုတ်ကြောင်းနှင့် လက်ရှိနှင့် အနာဂတ် မြန်မာ မျိုးဆက်သစ်များ ရင်ဆိုင်နေရသည့် ကြီးမားသော အခက်အခဲများကို အသိအမှတ် ပြုခြင်းသာ ဖြစ်သည်ဟုဆိုပါသည်။

မြန်မာပြည်သူများ၏ ဒီမိုကရေစီ ရည်မှန်းချက်ကို မြန်မာ စစ်တပ်က ဖိနှိပ်ခြင်းနှင့် ပြည်သူလူထု၏ လူ့အခွင့်အရေးကို မလေးစားခြင်းတို့ကြောင့် သြစတြေးလျနိုင်ငံ အနေဖြင့် အလွန်ပင် တုန်လှုပ် ခြောက်ချား ခဲ့ရကြောင်းလည်း ၎င်းက ပြောကြားပါသည်။

မြန်မာ အာဏာပိုင်များထံမှ အရေးပါသော ပြောင်းလဲမှုများ မြင်တွေ့ရသည် အထိ သြစတြေးလျက ဘဏ္ဍာရေး အရ ပိတ်ဆို့ အရေးယူမှု ဝါဒကို ကျင့်သုံး သွားမည်ဟုလည်း  Mr Smith  က ပြောကြား လိုက်ပါသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ ဆန္ဒပြသူများအား မြန်မာ အစိုးရက ချေမှုန်းခဲ့စဉ်မှ စ၍ မြန်မာစစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များ လာရောက်ခွင့်ကို သြစတြေးလျက ပိတ်ပင်ခဲ့ပြီး ကာကွယ်ရေး လက်နက် ပစ္စည်းများ မြန်မာသို့ တင်ပို့ခြင်းကိုလည်း တားမြစ်ထားခဲ့ပါသည်။

ပြီးခဲ့သော နှစ်ကမူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အရေးယူ ပိတ်ဆို့မှုများ သက်သက်ဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပေါ်ထွက်လာရန် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ သို့ဖြစ်၍ တပ်မတော် ခေါင်းဆောင်များနှင့် ညှိနှိုင်း ဆွေးနွေးရန် အိမ်ဖြူတော်က ကြိုးစားနေသည်ဟု ပြောကြားခဲ့ပါသည်။

မြန်မာ စစ်ဖက် အစိုးရက ယခုနှစ် ကုန်တွင် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်နေပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော NLD ပါတီကို အသိအမှတ် ပြုရန် မြန်မာ စစ်တပ်က ငြင်းဆန်ခဲ့ပြီး နောက်ပိုင်း ယခု ပထမဆုံး အကြိမ် ပြန်လည် ကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်။

ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်နှင့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလောတွင် နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ထားခြင်း ခံနေရပြီး ရွေးကောက်ပွဲတွင် ပါဝင်ရန် အချိန်မှီ လွတ်မြောက်နိုင်ဖွယ် မရှိဟု မျှော်လင့်ရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment