Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ စစ်အစိုးရသည် ဒေသတွင်း နျူကလီးယား အန္တရာယ် လုံခြုံရေး အဖွဲ့ ဖြစ်သော အာရှ ပစိဖိတ် လုံခြုံရေး ကွန်ရက် Asia Pacific Safeguards Network (APSN) သို့ ဆက်သွယ် ဝင်ရောက်ရန် စိတ်ဝင်စားလျက် ရှိကြောင်း သြစတြေးလျ ရေဒီယို သတင်းဌာန၏ အဆိုအရ သိရပါ သည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ APSN သည် သြစတြေးလျတွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရပါသည်။ မြန်မာ စစ်အစိုးရ အနေဖြင့် APSN တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ရန် စိတ်ဝင်စားလျက် ရှိကြောင်း အစိုးရ အဖွဲ့အစည်း မဟုတ်သော ဝါရှင်တန် အခြေစိုက် သိပ္ပံနှင့် နိုင်ငံတကာ လုံခြုံရေး အဖွဲ့ထံမှ စုံစမ်း သိရှိရပါသည်။

အထီးကျန် တစ်ကိုယ်တော် သမားအဖြစ် ပြုမူ နေထိုင်လျက် ရှိသော မြန်မာ စစ်အစိုးရ၏ အုပ်ချုပ်သူများသည် မြောက်ကိုရီးယား၏ အကူအညီဖြင့် နျူကလီးယား လက်နက် တပ်ဆင်ရေး ကိစ္စများကို တိုးမြှင့် ဆောင်ရွက်လျက် ရှိသော နိုင်ငံတစ်ခု ဖြစ်ပါသည်။

ယင်းသို့ အဖွဲ့ဝင် ဖြစ်ရန် မြန်မာ အစိုးရက စိတ်ဝင်စားလျက် ရှိသည်ကို အချို့သော ဒေသတွင်း နိုင်ငံအချို့က ယုံကြည်မှု ရှိမည် မဟုတ်ပေ။ အချို့အတွက်မူ အငြင်းပွားစရာပင် ဖြစ်နေပါသည်။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ မြန်မာနိုင်ငံမှ တရားဝင် ဆက်သွယ် တောင်းဆိုမှု မရှိသေးသဖြင့် စဉ်းစားရန် မလိုသေးဟု ပြောကြားသည်။ "ဒီကိစ္စ အမှန်တကယ် ဖြစ်လာပြီဆိုရင် ဒီ လုံခြုံရေး ကွန်ရက်မှာ ပါဝင်တဲ့ တခြား အဖွဲ့ဝင်တွေနဲ့လည်း ညှိနှိုင်းဖို့ လိုပါတယ်။ သူတို့ရဲ့ သဘော တူညီမှု၊ တစ်နည်းအားဖြင့် အများရဲ့ သဘော တူညီမှု ရဖို့ လိုပါတယ်" ဟုလည်း ၎င်းက ဆက်လက် ပြောကြားပါသည်။

ဤသို့သော အချိန်မှာပင် သြစတြေးလျ နိုင်ငံသည် လူသားချင်း စာနာ ထောက်ထားသော အနေဖြင့် မြန်မာနိုင်ငံအား နောင် သုံးနှစ်တာ ကာလအတွက် ၄၀ ရာခိုင်နှုန်း အထိ တိုးမြှင့် ထောက်ပံ့ရန် ဆုံးဖြတ်ချက် ချမှတ် လိုက်သည်။

နိုင်ငံရေးအရ တိုးတက် ပြုပြင် ပြောင်းလဲမှုများကို စောင့်စားနေရန် မဖြစ်နိုင်တော့သည်က တစ်ကြောင်း၊ မြန်မာ နိုင်ငံသားများ ဆင်းရဲ ဒုက္ခ အဖုံဖုံဖြင့် လူ့ အခွင့်အရေးများ ဆုံးရှုံးနေရသည်ကို မတွေ့မြင် လိုသည်က တစ်ကြောင်း ဤသို့ အကူအညီများ တိုးမြှင့် ထောက်ပံ့ပေးခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေး စသည်တို့ အတွက် ရည်ရွယ်ပြီး ယခင် ထောက်ပံ့ငွေ ဒေါ်လာ ၂၆ သန်းမှ ဒေါ်လာ ၄၃ သန်းအထိ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါသည်။

သို့သော် အဆိုပါ အကူအညီ ပေးမည့် ကိစ္စသည် မြန်မာ စစ်ဗိုလ်ချုပ်များ အတွက် ဆုငွေ ချီးမြှင့်ပေးခြင်း လုံးဝ မဟုတ်ပါကြောင်း၊ သြစတြေးလျသည် နိုင်ငံတကာ အသိုင်းအဝိုင်း နည်းတူ မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့ပေးရန် အသင့် အနေအထားတွင် ရှိပါကြောင်း ၎င်းက ဆိုပါသည်။

Radio Australia ၏ Burma Considers joining regional nuclear safeguards body ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment