Transparency Myanmar

transparency.myanmar@gmail.com

မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြောက်မြားစွာ ပြုလုပ်ထားသော တရုတ် နိုင်ငံသည် လွန်စွာ စိုးရိမ် ပူပန်လျက် ရှိကြောင်း တရုတ် နိုင်ငံဖက်မှ တာဝန်ရှိ အာဏာပိုင်များထံမှ သိရှိရသည်။

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ရရှိသော သတင်းများအရ  မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု တန်ဖိုးမှာ ၆၀၀ ဘီလီယံ ဒေါ်လာရှိကြောင်း၊ ယင်းပမာဏသည် မြန်မာပြည်တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တန်ဖိုး အနေဖြင့် အများဆုံး ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် သတ္တု တူးဖော်ရေး ကဏ္ဍများတွင် လည်းကောင်း၊ တိုင်းရင်းသား လူနည်းစုများ၏ နယ်စပ်ဒေသ စီးပွားရေး လုပ်ငန်းများတွင် လည်းကောင်း ဝင်ရောက် ရင်းနှီး မြှုပ်နှံထားသည်။

တရုတ် အစိုးရသည် မြန်မာနိုင်ငံနှင့် ထိကပ်နေသော ယူနန်ပြည်နယ် ဒေသ တစ်လျှောက် ပဋိပက္ခများ ဖြစ်ပွားမည်ကို မလိုလားပေ။ အထူးသဖြင့် လက်နက်ကိုင် ပုန်ကန် တော်လှန်ရေးကို စွန့်လွှတ်ရန် စစ်အစိုးရ၏ တိုက်တွန်းခြင်း ခံထားရသော တိုင်းရင်းသား လူနည်းစုများ၏ ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက် ရှိသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ခိုက်မှုများကို တတ်နိုင်သရွေ့ ရှောင်ရှားရန် တရုတ် အစိုးရက မြန်မာ စစ်အစိုးရကို အကြံပြုထားသည်။ ယခုအခါ ဝ၊ ကချင်နှင့် ရှမ်းတို့သည် သူတို့၏ လက်နက်ကိုင် တပ်ဖွဲ့ များအား မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင် ကူးပြောင်း ရေး အဆိုကို လက်မခံဘဲ ပယ်ချထားကြောင်း နယ်စပ်ဒေသ အခြေစိုက် တရုတ် လုံခြုံရေး ဌာနများ၏ အဆိုအရ သိရသည်။

အဓိက လက်နက်ကိုင် တပ်ဖွဲ့ကြီးများ ဖြစ်ကြသော ဝ ပြည်နယ် စည်းလုံး ညီညွတ်ရေးတပ် (UWSA)၊ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့(KIO)၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA)၊ ရှမ်းပြည်နယ် မြောက်ပိုင်း တပ်ဖွဲ့(SSA-N)၊ တို့သည် အငြင်းပွားဖွယ်ရာ ဖြစ်နေသော မြန်မာ စစ်အစိုးရ၏ နယ်စပ်ဒေသ စောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး အဆိုကို ပယ်ချထားသည်။

မြန်မာ စစ်အစိုးရသည် ဖေဖော်ဝါရီလ နောက်ဆုံးထား၍ နယ်စပ်ဒေသ စောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် သတ်မှတ် ပေးထားကြောင်း လက်နက်ကိုင် တပ်ဖွဲ့များထံမှ သတင်း ရရှိသည်။

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များသည် ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တပ်ဖွဲ့များ အရေးကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်လိမ့်မည် ဖြစ်ကြောင်း၊ ထိုလက်နက်ကိုင် တပ်ဖွဲ့များ လုံးဝ ပြိုကွဲသွားအောင် ငွေကြေး အမြောက် အများ သုံးစွဲသွားနိုင်ကြောင်း နယ်စပ်ဒေသ အခြေစိုက် တရုတ် လုံခြုံရေး ဌာနများထံမှ သတင်းများ ရရှိသည်။

ယူနန်ပြည်နယ် အစိုးရသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ကာ မြန်မာ စစ်တပ်နှင့် အဓိက လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သော UWSA နှင့် KIO တို့အကြား မလွဲမသွေ ဖြစ်ပွားနိုင်သည့် စစ်ပွဲများ ကိစ္စကို ဆွေးနွေးခဲ့သည်။

မြန်မာ စစ်အစိုးရက နိုင်ငံရေး ပြဿနာများကို ဒိုင်ယာလော့ခ် ပုံစံ ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာလိုစိတ် မရှိသလို တိုင်းရင်းသား လက်နက်ကိုင်များကလည်း စစ်ပွဲကို စတင် ဆင်နွဲရန် မလိုလားကြပေ။

"တရုတ်က မြန်မာပြည်မှာ ဒေါ်လာ ဘီလီယံ ၆၀၀ လောက် ရင်းနှီး မြှုပ်နှံ ထားတော့ နယ်စပ် ဒေသမှာ စစ်မက် ဖြစ်ပွားမှာကို မလိုလားဘူး၊ တကယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက တိုက်ပွဲကို စလိုက်ရင် တရုတ်က မြန်မာ စစ်တပ်နဲ့ ပေါင်းပြီး နယ်စပ်ဒေသက လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို တိုက်ခိုက်မှာ သေချာတယ်" ဟု နယ်စပ်ဒေသ အခြေစိုက် စစ်ရေး သုံးသပ်သူ တစ်ဦးက Kachin News Group သို့ ပြောကြားသည်။

ယခင်က ဖြစ်ပွားခဲ့ဖူးသော အတွေ့အကြုံအရ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များ ပြဿနာတွင် မြန်မာနှင့် တရုတ် အစိုးရတို့ ပူးပေါင်းပြီး စစ်ရေး ဗျူဟာကို အသုံးပြုကာ နယ်မြေ ခွဲခြား ရှင်းလင်းခဲ့သည်ကို တွေ့ရသည်။

တရုတ်နိုင်ငံသည် စစ်အာဏာရှင် စနစ် ကြီးစိုးသော မြန်မာနိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုထက် မြန်မာနိုင်ငံတွင် စီးပွားရေးအရ ရင်းနှီး မြှုပ်နှံ ထားမှုများ အပေါ် ပိုမို စိတ်ဝင်စားလျက် ရှိ သည်ဟု နယ်စပ်ဒေသ စစ်ရေး လေ့လာ သုံးသပ်သူများက ဆိုသည်။

Kachin News Group ၏ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment