Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘာပေါ်တွင် ဆန်စပါးအများဆုံး တင်ပို့သူဖြစ်သော ထိုင်းနိုင်ငံက နှစ်လကျော်ခန့် သိုလှောင် ထားသည့် ဆန်တန်ချိန် ၂ သန်းခန့်ကို ရောင်းချဖွယ် ရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် ဆန် ဝယ်ယူသူများထံမှ ဝယ်လိုအား မြင့်တက်လာချိန်၊ ပြိုင်ဘက်နိုင်ငံများ၏ ဆန်တင်ပို့မှု ခေတ္တမျှ ရပ်ဆိုင်းနေချိန် တို့ကို အကျိုးအမြတ် ရယူသည့် အနေဖြင့် ယင်းသို့ တင်ပို့ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ထိုင်း အရာရှိတစ်ဦးက ဆိုပါသည်။

ထိုင်း နိုင်ငံခြားကုန်သွယ်ရေး ဌာန၏ အဆိုအရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော ဆန်တန်ချိန် ၃၅၀၀၀၀ နှင့် ပတ်တွန်တာနီဆန် တန်ချိန် ၁၅၀၀၀၀ တို့ကို ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများအား ရောင်းချမည်ဖြစ်သည်။ ထိုမျှမကသေးဘဲ ထိုင်းနိုင်ငံ အနေဖြင့် ဆန်များကို အစိုးရအချင်းချင်း ရောင်းချသည့် စနစ် (G to G) ဖြင့်လည်း ရောင်းချရန် စီစဉ် ထားသည်ဟု နိုင်ငံခြား ကုန်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Vichak Visetnoi ကပြောပါသည်။

ယခုအခါ ထိုင်းနိုင်ငံတွင် ရောင်းချရန် သိုလှောင်ထားသည့် ဆန်တန်ချိန် စုစုပေါင်း ၅ ဒဿမ ၆ သန်းခန့် ရှိရာ ဈေးကွက်တွင်း ဆန်ဈေးနှုန်းများ ကျဆင်းနေမှုကို ပိုမိုဆိုးရွား စေနိုင်သောကြောင့် ထိုင်းအစိုးရက ယင်းသို့ ထုတ်ရောင်းရန် စီစဉ်ခြင်းလည်းဖြစ်ပါသည်။

အမေရိကန် စိုက်ပျိုးရေး ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ထိုင်းယခုနှစ်အတွင်း ကမ္ဘာလုံး ဆိုင်ရာ ဆန်တင်ပို့ ရောင်းချမှုတွင် ဆန်တန်ချိန် ၃၀ ဒဿမ ၈၅ သန်းခန့်ရှိသည်။

"ပြိုင်ဘက် ဆန်တင်ပို့တဲ့ နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ မြန်မာတို့က ဆန်တင်ပို့မှုကို လျှော့ချနေတဲ့ အချိန်မှာ အခုလို သိုလှောင်ထားတဲ့ ဆန်တွေကို ထုတ်ဖို့ စီစဉ်တာဟာ အချိန်ကိုက်ပါပဲ။ ဆန်ဝယ်လိုအား ကလည်း ကောင်းနေတုန်းပဲလေ" ဟု Vichak Visetnoi ကဘန်ကောက်မြို့တွင် ပြောကြားသည်။ "တကယ်လို့ စီစဉ်ထားတဲ့အတိုင်း ဆန်ရောင်းချနိုင်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ သိုလှောင်ထားတဲ့ အထဲက တန်ချိန် ၂ သန်းလောက်အထိ ထုတ်နိုင်မှာပါ"ဟု ၎င်းက ဆက်လက်ပြောဆိုပါသည်။

အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ပေါင် ၁၀၀လျှင် ၁၆ ဒဿမ ၂၇ ဒေါ်လာအထိ ဈေးနှုန်းမြင့်တက် ခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် ၁၃ ဒဿမ ၄၂ ဒေါ်လာဖြင့် အရောင်းအဝယ် ရှိဖြစ်ခဲ့သည်။

"အကယ်၍ ထိုင်းအစိုးရကသာ လာမယ့် ၂ လအတွင်း ဆန်တန်ချိန် ၂သန်းကို ထုတ်ရောင်းမယ် ဆိုရင် ထိုင်းနိုင်ငံက စံသတ်မှတ်ထားတဲ့ ဈေးနှုန်းတွေ လျော့ကျလာပါလိမ့်မယ်။ တစ်တန်ကို ၁၀ ဒေါ်လာက နေ ၂၀ ဒေါ်လာအထိ ကျဆင်းသွားနိုင်ပါတယ်" ထိုင်းနိုင်ငံ စားသောက်ကုန် ရောင်းဝယ်ရေးဌာနမှ ဒါရိုက်တာ Kiattisak Kanlayasirivat ကပြောကြားပါတည်။

"ကမ္ဘာ့ဈေးကွက်မှာ ဆန်ဝယ်လိုအားကျဆင်းနေပါတယ်" ဟု ၎င်းကဆိုသည်။ အဆိုပါ ဌာန သည် တစ်နှစ်လျှင် ဆန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့် တင်ပို့ရောင်းချလျက်ရှိသည်။ အ လားအလာရှိသော ဝယ်လက်များ အစိုးရအချင်းချင်း ရောင်းဝယ်ဖောက်ကားရေး အစီအစဉ်အရ ထိုင်းနိုင်ငံသည် မကြာမီကာလအတွင်း ဆန်တန်ချိန် ၇၀၀၀၀၀ (ခုနစ်သိန်း) ကို အရှေ့တောင်အာရှ ဒေသသို့ တင်ပို့ရောင်းချရန် စီစဉ်တော့မည် ဖြစ်သည် ဟု Vichak Visetnoi ကပြောပါသည်။

သို့သော် အဆိုပါ အစီအစဉ်သည် တန်ချိန် ၂ သန်း ရောင်းချမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်၊ မဖြစ်သည်ဟူသော အချက်ကိုမူ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ထိုင်းနိုင်ငံမှ ဆန်များကို ဝယ်ယူရန်စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုပါသည်။

သေချာသည့် အချက်မှာ အာဖရိက၊ ဖိလစ်ပိုင်နှင့် သဘာဝ ဘေးအန္တရာယ် ဆိုးများ ထိခိုက်မှု ခံထားရသော နိုင်ငံများမှ ဝယ်လိုအားကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်လာဖွယ်ရှိသည် ဟု ထိုင်း နိုင်ငံခြား ကုန်သွယ်ရေးဌာနက ကြေညာချက်ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင် နိုင်ငံကလည်း လာမည့် မတ်လ တွင် ၂၀၁၀ ပြည့်နှစ်အတွက် ဆန်ပိုမို တင်သွင်း နိုင်ရန် တင်ဒါ ခေါ်ယူဖွယ်ရှိပြီး အာဖရိက နိုင်ငံများကလည်း သိုလှောင်ထားသည့် ဆန်များ လျော့နည်း နေပြီဖြစ်သည့် အတွက်ကြောင့် ဆန်တင်ပို့မှုကို တိုးမြင့်လာနိုင်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်သည် ကမ္ဘာပေါ်တွင် ဆန်အများဆုံး ဝယ်ယူတင်သွင်းသည့် နိုင်ငံတစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့တွင် နိုင်ငံတော်က အရံထားသည့် ဆန်တန်ချိန် ၃၇၅၀၀၀ အား ရောင်းချမည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သည်။ ဝယ်လိုအား လျော့နေသောကြောင့် ဟုဆိုသည်။

Bloomberg သတင်းဌာန၏ Thailand may sell 2 million tons of stockpiled rice ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment