Transparency Myanmar

transparency.myanmar@gmail.com

monstersandcritics.com, 21st February 2010

          ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း လုပ်သားများ မှတ်ပုံတင်ရေးကို ယခု လကုန်အထိ အချိန်ပေးထားမည် ဖြစ်ပြီး မဟုတ်ပါက ပြန်ပို့ခြင်း ခံရမည် ဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်းမ် သတင်းစာတွင် တနင်္ဂနွေနေ့က ဖော်ပြထားသည်။

          မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအာဏာပိုင်များသည် ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံ ပုဂံမြို့၌ ပြုလုပ်သော အစည်းအဝေးတွင် ထိုင်းနိုင်ငံ၏ နိုင်ငံသား ပြန်လည်စိစစ်ရေး အစီအစဉ်နှင့် ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့ကြသည်ဟု မြန်မာတိုင်းမ်က ဆိုသည်။

          အဆိုပါ အစီအစဉ်အရ မြန်မာ အလုပ်သမားများသည် ယာယီ နိုင်ငံကူး လက်မှတ်နှင့် ထိုင်း အလုပ်လုပ်ခွင့် ပါမစ် ရယူရန်အတွက် မြန်မာနိုင်ငံသို့ ပြန်ရမည် ဖြစ်သည်။ ၎င်းတို့သည် မှတ်ပုံ တင်ရာတွင် ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ဖော်ပြရမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက် မတိုင်မီ ပြုလုပ်ရမည် ဖြစ်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူက ပြောကြားခဲ့သည်။

          မှတ်ပုံတင်ပြီးလျှင် မြန်မာ အလုပ်သမားများသည် ထိုင်းဥပဒေအောက်တွင် ထိုင်း အလုပ်သမားများ နှင့်အတူ တရားဝင် အဆင့်အတန်း ခံစားရရှိမည် ဖြစ်ကြောင်း မြန်မာတိုင်းမ်က ရေးသားထားသည်။ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ထားသော အလုပ်သမားသည် ထိုင်းဗီဇာ လျှောက်ခွင့် ရှိပြီး၊ အလုပ် လုပ်ခွင့် ပါမစ်နှင့် ကျန်းမာရေး အာမခံများ ထားရှိနိုင်မည် ဖြစ်သည်။

          ထိုင်းနိုင်ငံ အလုပ်ခန့်ထားရေး ဌာနမှ ဒါရိုက်တာ Jirisak Sukhonchaat က သတ်မှတ်ရက် မတိုင်မီ မှတ်ပုံတင်ခြင်း မပြုသော အလုပ်သမားများသည် နေရပ်သို့ ပြန်ပို့ခြင်း ခံရမည် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

          ၎င်းက ဆက်လက် ပြောကြားရာတွင် မြန်မာ ရွှေ့ပြောင်း လုပ်သား တစ်သန်းခန့် ရှိသည့်အနက် နှစ်သိန်းကျော်မှာ မှတ်ပုံတင်ရန် အကြောင်းပြချက် ဖော်ပြပြီး ဖြစ်သည်ဟု ဆိုသည်။ မြန်မာတိုင်းမ်၏ အဆိုအရ ၂၇၀၀၀ နီးပါးမှာ လုပ်ငန်းစဉ် အားလုံး ပြီးစီးပြီ ဖြစ်သည်ဟု သိရှိရသည်။

          မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က မြန်မာတိုင်းမ်သို့ ပြောကြားရာတွင် မြန်မာ အစိုးရသည် ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၁.၂ သန်း ခန့်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးထား၍ ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးရန် စဉ်းစား ထားသည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

          ပြီးခဲ့သည့် အပတ်က ကုလသမဂ္ဂသည် ထိုင်းနိုင်ငံက မြန်မာ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ ရွှေ့ပြောင်းလုပ်သားများကို နှင်ထုတ်မည့် အရေးအား စိုးရိမ်ကြောင်း ပြသခဲ့သည်။ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ အလုပ်သမားများသည်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံသား ပြန်လည် စိစစ်ရေး အစီအစဉ်တွင် ပါဝင်သည်။

          ထိုင်းနိုင်ငံသည် ၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက် နောက်ပိုင်းတွင် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ အထောက်အထား ရှိသော ရွှေ့ပြောင်း အလုပ်သမားများရော၊ မရှိသော ရွှေ့ပြောင်း အလုပ်သမားများကိုပါ နေရပ်သို့ ပြန်ပို့ဖွယ်ရာ ရှိကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းလုပ်သားများ၏ လူ့အခွင့်အရေး ကျွမ်းကျင်သူ Jorge Bustamante က ဂျီနီဗာတွင် ပြောကြားခဲ့သည်။

          ဇန်နဝါရီလက ထိုင်း ကက်ဘိနက်သည် ၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက် မတိုင်မီ ၎င်းတို့၏ အစိုးရများထံတွင် ကိုယ်ရေး အချက်အလက်များ ပေးပို့ရန် ဆန္ဒရှိသူ ရွှေ့ပြောင်းလုပ်သား ၁.၃ သန်း ကို အလုပ်လုပ်ခွင့် ပါမစ် သက်တမ်း ၂ နှစ် တိုးပေးရန် ဆုံးဖြတ်ခဲ့သည်။

          လူ့အခွင့်အရေး အဖွဲ့များက နိုင်ငံသား အသိအမှတ်ပြု စာရွက်စာတမ်း မစုံလင်သော မြန်မာနိုင်ငံကဲ့သို့ တိုင်းပြည်မျိုးတွင် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း လုပ်သားများသည် သတ်မှတ်ရက်တွင် အချိန်မီ မပြီးစီးနိုင်ကြောင်း ဆိုသည်။

          ထို့အပြင် နိုင်ငံရေး ကိစ္စကြောင့် ထွက်ပြေးလာရသူများသည် အစိုးရထံ သွားရောက် မှတ်ပုံတင်ရေးကို ပြုလုပ်လိုလိမ့်မည် မဟုတ်သည့် အချက်ကိုလည်း လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ်ကြသည်။

          ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဖောင်ဒေးရှင်း၏ Migrant Justice Program မှ ဒါရိုက်တာ Andy Hall က ရွှေ့ပြောင်း လုပ်သားများသည် သတ်မှတ်ရက် ကျော်သော်လည်း တရားမဝင် အလုပ်သမားအဖြစ် ဆက်လက် လုပ်ကိုင်နေကြဦးမည် ဖြစ်ကြောင်း မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။

          ၎င်းက ထိုင်း စီးပွားရေးအရ ၎င်းတို့ကို လိုအပ်ပြီး၊ ၎င်းတို့ကိုဆက်လက် အမြတ်ထုတ်နေလိမ့် ဦးမည် ဖြစ်ကြောင်း ပြောသည်။

          အလုပ်သမားများ ရပိုင်ခွင့် အဖွဲ့က ထိုင်းနိုင်ငံရှိ မြန်မာ လုပ်သားများကို ခေါင်းပုံဖြတ်ခြင်းကို ရှောင်ရှားနိုင်ရန် သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။

          သို့သော် ထိုင်းအလုပ်သမား ဝန်ကြီး Paitoon Kaewthong က မြန်မာတိုင်းမ်သို့ ပြောကြားရာတွင် မှတ်ပုံတင်ရေး အစီအစဉ်မှာ အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှု လျော့ပါးစေရန် ဖြစ်ကြောင်း ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment