Transparency Myanmar

transparency.myanmar@gmail.com

straitstimes.com, 22nd February 2010

          မြန်မာနိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံနေရသော အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားသူ ညီညီအောင်နှင့် စေ့စပ်ထားသည့် အမျိုးသမီး ဝါဝါကျော်က အမေရိကန် အစိုးရ အနေနှင့် သစ္စာဖောက်သည်ဟု သူမ ခံစားမိကြောင်း ပြောကြားခဲ့ပြီး မြန်မာစစ်ဖက် အစိုးရအပေါ် ပိုမို ထိရောက်သော တုံ့ပြန်မှုများ ပြုလုပ်ရန် တိုက်တွန်းလိုက်သည်။

          တနင်္လာနေ့ထုတ် Wall Street ဂျာနယ်တွင် ဖော်ပြထားသော ဆောင်းပါး၌ "သူမနှင့် ညီညီ အောင်တို့သည် အမေရိကန် နိုင်ငံကို ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး တို့အပေါ် တန်ဖိုး ထားသည့် နိုင်ငံအဖြစ် လက်ခံထားသည့် အားလျော်စွာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခွင့်ရသည်ကို အလွန် ကျေးဇူးတင် ဝမ်းမြောက်ခဲ့ကြောင်း၊ သို့သော်လည်း လွန်ခဲ့သော ၅ လအတွင်း မိမိတို့ အစိုးရသည် မိမိတို့ကို သစ္စာဖောက်ခဲ့သည်ဟု အရှေ့ပိုင်း မေရီလန်းပြည်နယ်မှ သူနာပြုတစ်ဦး ဖြစ်သူ ဝါဝါကျော်က ရေးသားခဲ့သည်။

          ထောက်ခံသူများ၏ ပြောကြားချက်အရ ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကျော်ဇောလင်း (ခေါ်) ညီညီအောင်သည် အကျဉ်းကျ ခံနေရသော နိုင်ငံရေး အကျဉ်းသား မိခင် မကျန်းမာ၍ မြန်မာနိုင်ငံသို့ စက်တင်ဘာလတွင် ပြန်သွားခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခြင်း ခံရကာ စာရွက်စာတမ်း အတု ကိုင်ဆောင်မှု၊ နိုင်ငံခြား ငွေကြေး ကြေညာရန် ပျက်ကွက်မှုတို့ဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံရခြင်း ဖြစ်သည်ဟု သိရသည်။

          နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ Philip Crowley က ၎င်းအား လွှတ်ပေးရန် မြန်မာ အစိုးရကို တိုက်တွန်းထားပြီး ညီညီအောင်ကို နိုင်ငံရေး အမြင်ကတ်မှုဖြင့် မတရား ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲလိုက်သည်။ သို့သော်လည်း တရားရုံးက စီရင်ချက် မချမှီ ကြိုးပမ်းမှု မရှိခဲ့မှုအပေါ် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို ဝါဝါကျော်က အပြစ်တင်ခဲ့သည်။ လတ်တလော ကာလသည် အမေရိကန်က မြန်မာနိုင်ငံကို ပစ်ပယ် ထားခဲ့ခြင်းကို အဆုံးသတ်ရန် သမ္မတ အိုဘားမား အစိုးရက တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နေသော အချိန် ကာလလည်း ဖြစ်နေသည်။

          သမ္မတ အိုဘားမားနှင့် ဝန်ကြီး ကလင်တန်တို့အား ကျွန်မ ပြောလိုသည်မှာ ရိုးရိုးလေးသာ ဖြစ်သည်။ သင်တို့၏ ပြောဆိုမှုများနှင့် ဆောင်ရွက်မှုများသည် ညီညီအောင်၏ ကိစ္စတွင် ထိရောက်စွာ ဆောင်ရွက်ခြင်း မရှိသည်ကို ပြသနေပါသည်ဟု ဝါဝါကျော်က ရေးသားထားသည်။ ညီညီအောင်၏ ပြဿနာကို ဆက်လက် လစ်လျူ မရှုရန်နှင့် ဥပဒေမဲ့ မတရား ဖမ်းဆီးထားခြင်းမှ လွတ်မြောက်ရေး အတွက် ကူညီပေးပါရန် တောင်းပန်လိုသည်။ အမေရိကန် နိုင်ငံကို ကာကွယ် စောင့်ရှောက်ပါမည်ဟု ကျမ်းကျိန်ထားသည့် အတိုင်း မိမိတို့ လိုက်နာမည် ဖြစ်သလို မိမိတို့အားလည်း ကာကွယ် စောင့်ရှောက် ပေးပါရန် မေတ္တာ ရပ်ခံပါသည်ဟု သူမက ဆိုထားသည်။

          အိုဘားမား အစိုးရသည် မြန်မာ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယမန်နှစ်က စတင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံကို အရေးယူ အပြစ်ပေးသည့် ယခင်နည်းလမ်းမှာ မအောင်မြင်ခဲ့ဟု ပြောကြား ခဲ့သည်။ သို့ရာတွင် အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ချမှတ်ထားဆဲ ဖြစ်ပြီး ဒီမိုကရေစီနှင့် ပတ်သက်သော တိုးတက် ပြောင်းလဲမှုများ ရှိလာလျှင် အပြန်အလှန်အားဖြင့် အရေးယူမှုများကို ဖြေလျှော့ပေးမည်ဟု ပြောကြားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment