Transparency Myanmar

transparency.myanmar@gmail.com

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး သံတမန်၏ ယခုနောက်ဆုံး မြန်မာခရီးစဉ်သည် တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်ကိုသာ ဖော်ဆောင်နိုင်ခဲ့ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုပါသည်။

ကုလအထူး သံတမန် မစ္စတာ Tomas Ojea Quintana ၏ ယခုတစ်ကြိမ် မြန်မာခရီးစဉ်သည် တတိယမြောက် ဖြစ်သည်။ သူသည်ခရီးစဉ်အတွင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ဆုံခွင့် မရရှိခဲ့သလို စစ်အစိုးရက မဖြစ်မနေ ကျင်းပပေးမည်ဟု ကတိပြုထားသော ဒီမိုကရေစီ ရွေးကောက်ပွဲ နှင့် ပတ်သက်၍လည်း တိကျရေရာသော အင်ဖော်မေးရှင်း တစ်စုံတရာ မရရှိခဲ့ပေ။ မြန်မာစစ်အစိုးရက မစ္စတာ Quintana ၏ခရီးစဉ်အတွင်း အစိုးရ ဆန့်ကျင်သူများကို အသံစိုးစဉ်းမျှ မထွက်နိုင်အောင် ထုံးစံအတိုင်းပင် ပြုလုပ်ခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေ့ရက်၊ အချိန်ကာလ တွင် လွှတ်ပေးမည် ဟူသည်ကိုလည်း အရိပ်အမြွက်မျှပင် ထုတ်ဖော်ပြောဆိုမှု မပြုခဲ့ပေ။ "အခုခရီးစဉ် ဟာ ကောင်းကောင်းမွန်မွန်နဲ့ အဆင်ချောမွေ့တဲ့ ခရီးစဉ်တစ်ခု မဟုတ်ဘူးဆိုတာ ရှင်းပါတယ်" ဟု လန်ဒန် အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သော Amnesty International မှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ Benjamin Zawacki က ပြောပါသည်။

"မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံခြားရေး ပေါ်လစီရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်လို့ ထုတ်ဖော်အသိပေးထားတာ မှန်ပေမယ့်လည်း တကယ်တော့ လုံးဝကို မဟုတ်ပါဘူး" ဟု ၎င်းကဆိုပါသည်။

မြန်မာနိုင်ငံ ပြည်တွင်းရေးတွင် ဒီမိုကရေစီဆန်စွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်အောင် ကြိုးပမ်းခဲ့သည့် ကုလသမဂ္ဂ၏ အားထုတ်မှု မှန်သမျှမှာ အနည်းငယ်သာ အောင်မြင်သည်ကို ကွက်ကွက်ကွင်းကွင်း တွေ့နိုင်သည်။  မစ္စတာ Quintana သာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရရှိခဲ့ခြင်း မဟုတ်ပေ။

ကုလအကြီးအကဲ မစ္စတာ ဘန်ကီမွန်းလျင်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပါရစေဟု စစ်အစိုးရကို အဆိုပြုခဲ့သော်လည်း ပညာသားပါပါဖြင့် ငြင်းပယ်ခံခဲ့ရပါသည်။ မစ္စတာ Quintana သည် ဇန်နဝါရီလ ၁၅ ရက် (တနင်္လာနေ့) တွင်မြန်မာနိုင်ငံသို့ ငါးရက်တာ အလည်အပတ် ခရီးစဉ်ကို စတင်ခဲ့ပြီး ဇန်နဝါရီလ ၂၀ (သောကြာ)နေ့တွင် ပြီးဆုံးခဲ့သည်။ ခရီးစဉ်ပြီးဆုံးသည့်နောက် မစ္စတာ Quintana က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရရှိခဲ့သည့်အတွက် ၎င်းအနေဖြင့် လွန်စွာ နောင်ကျဉ်မိကြောင်း ထုတ်ဖော်ပြောဆိုသည်။

"အခုလို ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်ထဲမှာ၊ အထူးသဖြင့် မြန်မာနိုင်ငံအတွက် အလွန်အမင်း အရေးကြီးတဲ့ အခြေအနေမျိုးထဲမှာ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆုံတွေ့ခဲ့ရတဲ့ ကိစ္စဟာ အတော့်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီရွေးကောက်ပွဲဟာ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပမယ့် အမျိုးသားရွေးကောက်ပွဲကြီး တစ်ခုပါ" ဟု မစ္စတာ Quintana က ပြောပါသည်။

မစ္စတာ Quintana သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သာမက မြန်မာစစ်အစိုးရ၏ နံပါတ်-၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ပါ တွေ့ဆုံခွင့် မရရှိခဲ့ပေ။ မစ္စတာ Quintana အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြည်ထဲရေးဝန်ကြီး၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ရဲချုပ် တို့နှင့်သာ တွေ့ဆုံခွင့် ရရှိခဲ့ပါသည်။

ထို့ပြင်ခရီးစဉ် အတွင်း အကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသော နိုင်ငံရေး အကျဉ်းသားများ နှင့် တွေ့ခွင့်ရခဲ့သည်။ မစ္စတာ Quintana က စစ်အစိုးရအနေဖြင့် ရွေး ကောက်ပွဲ မတိုင်မီ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် တိုက်တွန်းခဲ့သည် ဟူ၏။

သို့သော် လေ့လာသုံးသပ်သူများ အဆိုအရ နိုင်ငံရေးအကျဉ်းသားများကို  ယခုနှစ်ကုန်ပိုင်း အထိ ဆက်လက် ထိန်းသိမ်းထားဖွယ် ရှိသည်။ "အခုလို မစ္စတာ Quintana အနေနဲ့ နိုင်ငံရေး အကျဉ်း သားတွေ ဘယ်လိုနေထိုင်ရတယ် ဆိုတာကို မျက်မြင်တွေ့ခွင့်ရတာဟာ သူ့အတွက်ကောင်းပါတယ်။ ဒါပေမဲ့ ကောင်းတယ်ဆိုတဲ့ သဘောက နိုင်ငံရေး အကျဉ်းသားတွေ သူနဲ့တွေ့လိုက်ရလို့ အမြန်ဆုံး လွတ်မယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး" ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူ David Mathieson က  ပြောပါသည်။

မြန်မာ စစ်အာဏာပိုင်များသည် မည်သည့် နိုင်ငံတကာ အဖွဲ့အစည်းကိုမျှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခွင့်မပြုပေ။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၁၀၀ ခန့်ရှိသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်ပင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ၁၄ နှစ်တာမျှ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံခဲ့သူဖြစ်သည်။ ယခုလာမည့် ရွေးကောက်ပွဲတွင်လည်း ဒေါ်စုအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိအောင် စစ်အစိုးရက စနစ်တကျ ကန့်သတ်မှုများ ပြုလုပ်ထားသည်။

"အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မြန်မာနိုင်ငံဟာ အခုအချိန်အထိ  လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်ကောင်းမွန်မှု မရှိသေးပါဘူး။ စစ်အစိုးရက ပြည်တွင်းကိုရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ ဒီမိုကရေစီ ဖော်ဆောင်နေသယောင် ပုံစံမျိုးလုပ်ပြနေတာ။ အဲဒီ ဖိနှိပ်ချုပ်ခြယ်တဲ့ ပုံစံမျိုးနဲ့ပဲ ရွေးကောက်ပွဲဆီကို ဦးတည်သွားနေတာပဲ"ဟု David Mathieson ကသုံးသပ်ဝေဖန်သည်။

မစ္စတာ Quintana သည် မြန်မာခရီးစဉ်အတွင်း သူ၏တွေ့ရှိချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ မတ်လတွင် တင်ပြမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်ပို့မည်ဖြစ်သည်။

၎င်းသည် ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီပါတီ (NLD) ၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် အခြားအရေးပါသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။ ယခုအခါ အသက် ၈၂ နှစ် အရွယ် ရှိပြီဖြစ်သော ဦးတင်ဦးသည် ပြီးခဲ့သည့် ရက်သတ္တပတ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကမှ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသူ ဖြစ်သည်။

သို့သော် အခြားသော အစိုးရ ဆန့်ကျင်သူ ငါးဦးမှာ မစ္စတာ Quintana ၏ ခရီးစဉ်အတွင်း ဖမ်းဆီး ခံထားရဆဲ ဖြစ်သည်။ ငါးယောက်အနက် တစ်ဦးမှာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပြီး ကျန်လေးဦးမှာ အမျိုးသမီးများ ဖြစ်ကြပါသည်။

AFP သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment