Transparency Myanmar

transparency.myanmar@gmail.com

          မူးယစ် မှောင်ခိုသမားများ၏ တိုက်ခိုက်မှုကြောင့် မြန်မာရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ကျဆုံးခဲ့ပြီးနောက် နယ်စပ်ဒေသရှိ ရွှေတြိဂံနယ်မြေမှ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများကို ပူးပေါင်း နှိမ်နင်း တိုက်ခိုက်ရန် ထိုင်းအာဏာပိုင်များနှင့် မြန်မာရဲတပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ အခြေစိုက် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB) ရုံးမှ အရာရှိများသည် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲ သို့ တက်ရောက် ခဲ့ကြသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မဲခေါင်မြစ်ပေါ်၌ ကင်းလှည့်လျက် ရှိသော မြန်မာ ရဲတပ်ဖွဲ့ဝင်များ၏ လှေများကို မူးယစ် မှောင်ခိုသမားများက တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ကျန်သုံးဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ONCB ရုံးမှ ဒါရိုက်တာ Pornthep Eamprapai က တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် အနာဂတ်ကာလတွင် နယ်စပ်ဒေသ တစ်လျှောက် မူးယစ်မှောင်ခိုမှုများကို မည်သို့ ပူးပေါင်းနှိမ်နင်းမည် ဟူသော အချက်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

နောက်ထပ် အလားတူ ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း မတ်လအတွင်း ထပ်မံ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ထိုဆွေးနွေးပွဲတွင် လာအိုနိုင်ငံလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခု မဲခေါင်မြစ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို ရှမ်းတိုင်းရင်းသား မူးယစ် မှောင်ခိုကူးသမား နော်ခမ်းက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာရဲတပ်ဖွဲ့က ပြစ်တင် စွပ်စွဲထားသည်။ နော်ခမ်းသည် ရွှေတြိဂံဒေသတွင် ကျင်လည်နေသူ ဖြစ်ပြီး ထိုင်းနှင့် တရုတ်နိုင်ငံကပါ အလိုရှိနေသော မူးယစ်မှောင်ခို ရောင်းဝယ်ရေးသမား တစ်ဦး ဖြစ်သည်ဟု ဆိုသည်။ ၎င်းတွင် နောက်လိုက် လက်နက်ကိုင် တပ်သား ၃၀ မှ ၄၀ အထိ ရှိကြောင်း သိရသည်။

Bangkok Post သတင်းစာ အဆိုအရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် Chiang Sean ခရိုင် ရဲစခန်းအား မူးယစ်ဆေးဝါး ရောင်းဝယ်သည့် ဂိုဏ်းတစ်ခုက ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် ရဲစခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။ Chaing Sean ခရိုင်သည် Chiang Rai မြို့မြောက်ဘက်တွင် တည်ရှိသည်။

ထိုင်းနိုင်ငံ မူးယစ်ဆန့်ကျင်ရေး ဗျူရိုသည် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် မြို့တော် ဘန်ကောက်၌  မီသာအဖက်တမင်း ဆေးပြား ၃ ဒဿမ ၆ သန်း ခန့် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဆေးပြား အများစုမှာ မြန်မာနိုင်ငံဘက်မှ လာသည်ဟု ဆိုသည်။

ONCB ၏ အဆိုအရ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင်လည်း ထိုင်းအာဏာပိုင်များက မီသာအဖက်တမင်း ဆေးပြား ၁၄ ဒဿမ ၃ သန်းခန့် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

၂၀၀၉ စက်တင်ဘာလအထိ ဖမ်းမိသော ဘိန်းဖြူ ပမာဏမှာ ယခင်နှစ်ကထက် လျော့ကျသွားသော်လည်း ဘိန်းစိမ်း ဖမ်းဆီးရမိမှုမှာ ၂၀၀၈ ခုနှစ်ကထက် မြင့်တက်လာခဲ့ကြောင်း ONCB က ဆိုသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၏ ခန့်မှန်းချက်အရ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးသည့် ပမာဏသည် ၂၀၀၇ ခုနှစ်ကထက် မြင့်တက်ခဲ့သည်ဟု ဆိုသည်။ ၂၀၀၇ ခုနှစ်တွင် ၂၇၇၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် ၂၈၅၀၀ အထိ ဖြစ်လာသည်ဟု ဆိုသည်။

Irrawaddy သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment