Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy news, 25th February 2010

          အမေရိကန် သံရုံး ယာယီ တာဝန်ခံ သံမှူးသည် NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် (CEC) များနှင့် တွေ့ဆုံကာ အတိုက်အခံပါတီ၏ နိုင်ငံရေး သဘောထား ရပ်တည်ချက်နှင့် ရွေးကောက်ပွဲ ဝင် / မဝင် စသော ကိစ္စများကို ဆွေးနွေးခဲ့သည်။

          သံရုံး ယာယီ တာဝန်ခံ Larry Dinger သည် သံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေး သံမှူး Jennifer Harhigh လိုက်ပါလျက် NLD ပါတီ CEC အဖွဲ့ဝင်များ ဖြစ်သော ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွှန့်ဝေ၊ ဦးသန်းထွန်းတို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

          ဗုဒ္ဓဟူးနေ့ နေ့လယ် ၁ နာရီတွင် NLD ပါတီ၏ ရန်ကုန် ဌာနချုပ်၌ ကျင်းပသော အစည်းအဝေးသည် ၁ နာရီ နီးပါး ကြာမြင့်သည်ဟု ဦးဝင်းတင်က ပြောကြားသည်။

          ဗဟို ကော်မတီ ပြန်လည် ဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ဝင်/မဝင် စသော ကိစ္စများနှင့် ပတ်သက်၍ သံမှူးများက မေးမြန်းခဲ့သည်ဟု NLD ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဆွေက ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မချရသေးကြောင်း CEC ကိုယ်စားလှယ်များက ပြန်လည် ဖြေကြားခဲ့သည်ဟု ဆိုသည်။

          အငြင်းပွားဖွယ် အခြေခံ ဥပဒေကို ပြင်ဆင်ရန်၊ နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းရန်၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုထားသည့် ယခုနှစ် ဧပြီလက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ်တွင် ပါတီ၏ လက်ရှိ အနေအထားကို အခြေပြုထားသည်။ ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြုရန်နှင့် နိုင်ငံရေး အင်အားစုများ အားလုံး ပါဝင်နိုင်မည့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် စစ်ဖက် အစိုးရကို တောင်းဆိုထားသေးသည်။

          ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် သင့်/ မသင့်၊ NLD ပါတီ ရွေးကောက်ပွဲ ဝင်ရန် သင့်/ မသင့် စသော ကိစ္စများ အပေါ်တွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် တစ်စုံတစ်ရာ မှတ်ချက် မပေးလိုကြောင်း Dinger က ရှင်းလင်းစွာ ပြောကြားခဲ့သည်ဟု ဦးဝင်းတင်က ဆိုသည်။

          သို့ရာတွင် ရွေးကောက်ပွဲ မကျင်းပမီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အကြား တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် အမေရိကန်က တိုက်တွန်းသွားမည်ဟု သံမှူးက ပြောကြားကြောင်း ဦးဝင်းတင်က ဖြည့်စွက် ပြောသည်။

          ရန်ကုန်ရှိ အမေရိကန် သံရုံးက အဆိုပါ အစည်းအဝေးကို အတည်ပြုခဲ့သော်လည်း ဆွေးနွေးမှုများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်း မရှိပါ။

          ရွေးကောက်ပွဲများ မကျင်းပမီ လက်ရှိ အစိုးရ၊ NLD ပါတီ၊ အခြား အတိုက်အခံ ပါတီများ၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများ ပါဝင်သော အမျိုးသား မျက်နှာစုံညီ အစည်းအဝေး တစ်ရပ် ကျင်းပရန် အမေရိကန် ပြည်ထောင်စုက တောင်းဆိုထားသော်လည်း စစ်အုပ်ချုပ်ရေးကို ဆက်လက် အသက်သွင်းမည့် အခြေခံ ဥပဒေကို ပြင်ဆင်ရန် အစိုးရကို တိုက်တွန်းထားခြင်း မရှိပါ။

          ပြီးခဲ့သော စက်တင်ဘာလတွင် မြန်မာအစိုးရအပေါ် တွေ့ဆုံ ဆွေးနွေးမှုနှင့် အရေးယူ ပိတ်ဆို့မှုကို တစ်ပြိုင်တည်း ကျင့်သုံးမည့် မူဝါဒကို ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အမေရိကန်က ကြေညာခဲ့သည်။

          အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell နှင့် ၎င်း၏ လက်ထောက် Scot Marciel တို့၏ အချက်အလက် ရှာဖွေရေး မစ်ရှင်သည် မနှစ်က နိုဝင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး ဝန်ကြီးချုပ် အပါအဝင် မြန်မာအာဏာပိုင်များ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

          ဒီမိုကရေစီ ပြောင်းလဲရေးအတွက် တွန်းအားပေးရန် မြန်မာနိုင်ငံသို့ ၎င်းတို့ထက် စောရောက်ခဲ့သူများမှာ ၁၉၉၅ ခုနှစ်က လွှတ်တော် အမတ် Bill Richardson နှင့် ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး Madeleine Albright တို့ဖြစ်သည်။

          Campbell သည် မြန်မာသို့ နောက်တစ်ခေါက် လာရောက်ရန် စီစဉ်နေသော်လည်း ရက်မသတ်မှတ်ရသေးဟု သံတမန် သတင်းရပ်ကွက်မှ သိရှိရသည်။

          တစ်ချိန်တည်းတွင်ပင် NLD က ကြာသပတေးနေ့တွင် ကိုယ်စားလှယ်လောင်း ၁၀၀ နှင့် ဗဟို ကော်မတီအတွက် အရန်ကော်မတီဝင် ၈ ဦး ရွေးချယ်ခဲ့သည်။

          ယခုကဲ့သို့ ပါတီ၏ ဒုတိယအဆင့် ခေါင်းဆောင်ပိုင်း အတွက် ကိုယ်စားလှယ်လောင်းများ ရွေးခဲ့ခြင်းမှာ ပါတီ၏ ဗဟို ထိန်းချုပ်မှုနှင့် ပတ်သက်၍ ပဲခူးတိုင်းမှ အဖွဲ့ဝင် အချို့က ပြစ်တင် ဝေဖန်ခဲ့သောကြောင့် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်ဟု CEC အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

          အစိုးရက ၁၉၉၁ တွင် ဖျက်သိမ်းပစ်ခဲ့သော ဗဟိုကော်မတီကို ပြန်လည် ဖွဲ့စည်းရန် အဖွဲ့ဝင် ၁၀၈ ဦး ရွေးချယ်ခဲ့ခြင်းသည် ၁၉၉၀ ခုနှစ်များ နောက်ပိုင်း ပါတီကို ပြန်လည် စည်းရုံး ဖွဲ့စည်းရန် အထင်ရှားဆုံး ကြိုးပမ်းမှု ဖြစ်သည်။

          ပြီးခဲ့သော ဇန်နဝါရီလတွင် မူလက အဖွဲ့ဝင် ၁၁ ဦးသာ ရှိသော NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC ကို အဖွဲ့ဝင်သစ် ၉ ဦး ထပ်မံ ရွေးချယ်၍ ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment