Transparency Myanmar

transparency.myanmar@gmail.com

         တရုတ်-တိုင်ပေသို့ နောက်ထပ် စစ်လက်နက်များ ထပ်မံ ရောင်းချမည်ဆိုပါက မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း တရုတ် ကွန်မြူနစ်အစိုးရက အမေရိကန် ပြည်ထောင်စုသို့ သတိပေး ပြောဆိုလိုက်သည်။ ထို့ပြင် ပြီးခဲ့သည့်လက တရုတ်-တိုင်ပေသို့ အမေရိကန် ဒေါ်လာ ၆ ဒဿမ ၄ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချရန် ဝါရှင်တန် အစိုးရက ဆုံးဖြတ်ခဲ့သောကြောင့် တရုတ်နိုင်ငံကလည်း အမေရိကန် ပြည်ထောင်စုနှင့် စစ်ရေး အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ် လိုက်ကြောင်း  ထပ်မံ အသိပေးလိုက်သည်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Huang Xueping က အမေရိကန် ပြည်ထောင်စု အနေဖြင့် တရုတ်ပြည်မကြီးနှင့် ဆက်ဆံရေးကို ထိခိုက်စေမည့် အပြောအဆိုနှင့် အပြုအမူများကို ထပ်မံ မပြုလုပ်ရန် အလေးအနက် သတိပေးလိုကြောင်း၊ အမေရိကန်၏ အပြုအမူသည် ဘေဂျင်းနှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးကိုပါ ထိခိုက်စေကြောင်း ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် အစိုးရက ပြီးခဲ့သည့်လတွင် ထိုင်ဝမ်သို့ အမေရိကန် ဒေါ်လာ ၆ ဒဿမ ၄ ဘီလီယံ တန်ဖိုး ရှိသော စစ်သုံး ရဟတ်ယာဉ်များ၊ ဒုံးကျည်များနှင့် အခြားသော လက်နက်များ ရောင်းချရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကြောင့် ဘေဂျင်းကလည်း အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးအရ ဆက်ဆံမှုများနှင့် အဆက်အသွယ် ပြုလုပ်ထားမှုများ အားလုံးကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ ဘေဂျင်း၏ အဆိုပါ ဆုံးဖြတ်ချက်မှာ ထပ်မံ ပြုပြင် ပြောင်းလဲသွားမည် မဟုတ်ကြောင်း Huang Xueping က ထပ်မံ ပြောကြားလိုက်သည်။

"အခု အမေရိကန်နဲ့ တရုတ် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ အားလုံးကို ဝါရှင်တန် အစိုးရကသာ တာဝန်ယူရပါလိမ့်မယ်" ဟု ၎င်း၏ ပြောကြားချက်ကို ကိုးကား၍ Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု စစ်ဘက် ထောက်လှမ်းရေး အေဂျင်စီက တရုတ်ပြည်အပေါ် အဟန့်အတား ပြုလုပ်မည့် ထိုင်ဝမ်ကျွန်း၏ လေကြောင်း ကာကွယ်ရေး အစီအစဉ်သည် ပြည့်စုံ လုံလောက်ဖွယ် မရှိဟု သုံးသပ်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် Huang Xueping ၏ သုံးသပ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ စစ်ရေး လေ့လာ သုံးသပ်သူ အများစုကမူ အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်ကျွန်းသို့ နောက်ထပ် ခေတ်မီသော ဂျက်တိုက်လေယာဉ်များကို ရောင်းချလိမ့်မည်ဟု ပြောဆို လျက် ရှိသည်။

တရုတ်ပြည်မကြီးကလည်း ထိုင်ဝမ်ကျွန်းသည် ၎င်းတို့၏ နယ်မြေ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း၊ လိုအပ်ပါက ထိုင်ဝမ်ကျွန်းကို အင်အားသုံး၍ သိမ်းပိုက်မည် ဖြစ်ကြောင်း သန္နိဋ္ဌာန် ပြုထားသည်။

ယခုကဲ့သို့ အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်များ ရောင်းချခြင်းသည် တရုတ် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ တရုတ်ပြည်မကြီးက မည်သို့ပင် သတိပေးချက်များ ပြုလုပ်နေသော်ငြားလည်း ထိုင်ဝမ်က မိမိတို့အနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ခေတ်မီ နည်းပညာသုံး စစ်လက်နက် ပစ္စည်းများ ထပ်မံ ဝယ်ယူလိုပါကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

သမ္မတ အိုဘားမား လက်ထက် တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယခု ထိုင်ဝမ်သို့လက်နက် ရောင်းချခြင်း တစ်ခုတည်းကြောင့် မပြေမလည် ဖြစ်ခဲ့ခြင်း မဟုတ်ပေ။ အိုဘားမားက တိဘက် ပြည်ပြေးခေါင်းဆောင် ဒလိုင်းလားမားကို ဝါရှင်တန် အိမ်ဖြူတော်၌ လက်ခံ တွေ့ဆုံခဲ့သည့် ဖြစ်ရပ်ကိုလည်း တရုတ်အစိုးရက မကျေမနပ် ဖြစ်လျက် ရှိသည်။

Yahoo News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment