Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, 8th March 2010

မြန်မာနိုင်ငံတွင် နာဂစ် မုန်တိုင်းဒဏ် ခံရသော ဒေသများ၌ ပြန်လည် ထူထောင်ရေး အတွက် ပေးနေသည့် အကူအညီများကို လာမည့် ဇူလိုင်လတွင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း ဟနွိုင်းတွင် ကျင်းပသော အာဆီယံ လူသားချင်း စာနာသော အကူအညီပေးရေး လုပ်ငန်းအဖွဲ့ Asean Humanitarian Task Force ၏ ခုနှစ်ကြိမ်မြောက် အစည်းအဝေးတွင် အာဆီယံက ကြေညာခဲ့သည်။

သို့ရာတွင် နာဂစ်ဒဏ်ခံရသော ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လူပေါင်း ငါးသိန်းခန့်သည် အမိုးအကာမဲ့၊ အလုပ်အကိုင်မဲ့ ဖြစ်လျက် ရှိနေသေးကြောင်း မြန်မာနိုင်ငံတွင်းရှိ NGO အဖွဲ့များ ပါဝင်သော ကယ်ဆယ်ရေး အဖွဲ့များက ပြောကြားခဲ့သည်။

လူသားချင်း စာနာသော လုပ်ငန်းစဉ်များ ဇူလိုင်လတွင် ပြီးဆုံးရန် ပြင်ဆင်ရာ၌ အာဆီယံသည် အဆိုပါ ဒေသများသို့ အကူအညီများ အရှိန်မြှင့်၍ ပေးသွားမည် ဖြစ်ပြီး၊ ပြန်လည် ထူထောင်ရေး အတွက် ညှိနှိုင်းပေးသည့် ကဏ္ဍကို မြန်မာ အစိုးရသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း အာဆီယံ၏ ကြေညာချက်အရ သိရှိရသည်။

အာဆီယံ အထွေထွေ အတွင်းရေးမှူး Surin Pitsuwan က ပြောကြားရာတွင် AHTF က ၎င်း၏ လုပ်ငန်းစဉ်များကို ၂၀၁၀ ဇူလိုင်လတွင် ရပ်ဆိုင်းမည်ဟု ဆိုသော်လည်း နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ နှစ်ချီ၍ ကြာနိုင်ကြောင်း ပါဝင်သည်။

နောက်ဆုံး ထုတ်ပြန်သော ပြန်လည် သုံးသပ်မှု အမှတ် (၃) တွင် လစ်ဟာမှုများ ရှိနေသေးကြောင်း၊ နေအိမ်များ၊ အသက်မွေးမှု ဘဝများ၊ ရေနှင့် သန့်ရှင်းမှုတို့တွင် လိုအပ်ချက်နှင့် ကွာဟဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် အဆိုပါ လိုအပ်ချက်များ အမြန် ပြန်လည်ရရှိရေး အတွက် အရှိန်မြှင့်ရန် အရေးကြီးကြောင်း Surin က ပြောကြားခဲ့သည်။ ဆိုင်ကလုန်း နာဂစ်သည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့တွင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့ပြီး၊ လူပေါင်း ၁၄၀,၀၀၀ သေဆုံးပြီး၊ လူ ၂ သန်းခန့်ကို များစွာ ထိခိုက်မှုများ ဖြစ်စေခဲ့သည်။

Surin က ဆက်လက် ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကြီး လုပ်ကိုင်ပေးရာမှ ရရှိသော သင်ခန်းစာများကို မှတ်တမ်းတင်ထားရန် လိုအပ်ကြောင်း၊ နာဂစ်ဒဏ်ခံ အသိုင်းအဝိုင်းများ ခံစားရမှုများ လျော့ပါးသွားရေးအတွက် ၂၀၁၀ ဇူလိုင်လ အထိ ညှိနှိုင်းရေး ကဏ္ဍကို ဆက်လက် တာဝန်ယူထားမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးရာတွင် အဆင်ပြေ ချောမွေ့ရေး အတွက် ပြင်ဆင်ကြရန် ပြောကြားခဲ့သည်။

စောင့်ကြည့် လေ့လာသူများက အာဆီယံက အကူအညီ ရပ်ဆိုင်းမည့် ဇူလိုင်လ နောက်ပိုင်းတွင်လည်း ပြန်လည် ထူထောင်ရေး လိုအပ်မည့် အိမ်ထောင်စုများစွာ ကျန်ဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အရှိန်မြှင့်ရခြင်း အကြောင်းမှာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ခြင်း အစိတ်အပိုင်း တစ်ခု ဖြစ်လိမ့်မည်ဟု ယူဆရပြီး၊ နိုင်ငံခြားသားများအား ရွေးကောက်ပွဲ ကျင်းပချိန်တွင် မြန်မာနိုင်ငံ၌ ရှိမနေစေလိုသည့် သဘော ဖြစ်မည်ဟု ၎င်းတို့က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀၀၉ ခုနှစ်က အာဆီယံသည် လူသားချင်း စာနာသည့် လုပ်ငန်း အသိုင်းအဝိုင်း နှင့်အတူ နာဂစ်ဒဏ် ခံစားရသူများ အရေးတကြီး လိုအပ်ချက် အတွက် အမေရိကန် ဒေါ်လာ ၁၀၃ သန်း ပေးရန် အသနားခံခဲ့သည်။

၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက်တွင် စုစုပေါင်း ဒေါ်လာ ၉၁.၃ သန်းထိ တိုးပေးခဲ့ပြီး၊ ဒေါ်လာ ၃၈.၅၇ သန်းမှာ ထိုဒေသတွင် လုပ်ကိုင်နေသော အဖွဲ့များနှင့် ရန်ပုံငွေများမှ လက်ခံ ရရှိပြီး ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment