Transparency Myanmar

transparency.myanmar@gmail.com

DVB, 8th March 2010

စစ်ဖက် အစိုးရ လက်အောက်ခံ မြန်မာ တရားရုံးက အမေရိကန် နိုင်ငံသားတစ်ဦး ဖြစ်သော ညီညီအောင်ကို လိမ်ညာစွပ်စွဲကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သောကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ဆွေးနွေး ညှိနှိုင်းရန် စိတ်ဝင်စားမှု မရှိဟု မြန်မာက ကမ္ဘာကို ကြေညာသလို ဖြစ်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောကြားထားသော စစ်ဖက် အစိုးရက ယခု ညီညီအောင်၏ ကိစ္စကြောင့် အမေရိကန် အစိုးရ၏ မြန်မာနှင့် ဆွေးနွေး ညှိနှိုင်းရေး မူဝါဒ အပေါ်တွင် ဆိုးကျိုး သက်ရောက်မည် မဟုတ်ဟု ယုံကြည်ထားပုံ ရသည်။

ညီညီအောင်ကို စတင် ဖမ်းဆီးစဉ်မှ စ၍ မြန်မာ အစိုးရက မည်သည့်အရာမျှ လိုက်လျောခြင်း မပြုဘဲ ၎င်း၏ ကိုယ်စား အမေရိကန် ပြည်ထောင်စု၏ သံတမန်ဆိုင်ရာ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုခဲ့ပြီး နိုင်ငံတကာ ဥပဒေကိုလည်း မထီမဲ့မြင် ပြုခဲ့သည်။ ညီညီအောင်ကို မနှစ်က စက်တင်ဘာ ၃ ရက်တွင် ရန်ကုန် လေဆိပ်၌ မြန်မာအစိုးရက ဖမ်းဆီးခဲ့သည်။ အကျဉ်းစံ ဒီမိုကရေစီ လှုပ်ရှားသူ ညီညီအောင်သည် ကင်ဆာရောဂါ ခံစားနေရပြီး ဆေးကုသခွင့် မရသူ မိခင်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။

ညီညီအောင်အား ဖမ်းဆီးမှုကို အမေရိကန် သံရုံးသို့ အကြောင်းကြားရမည့်အစား ၎င်းအား အစာနှင့်ရေ အငတ်ထားခြင်း၊ နာရီသံများဖြင့် အိပ်မရအောင် နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း စသည်တို့ကိုသာ တစ်ပတ်ခန့် ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ ဖမ်းဆီး နှိပ်စက်မှုများသည် ဗီယင်နာ ညီလာခံ စည်းမျဉ်းများနှင့် နှိပ်စက် ညှဉ်းပန်းခြင်း မပြုရန် တားဆီးထားသော နိုင်ငံတကာ ဥပဒေများအရ လိုက်နာရမည့် စည်းကမ်းများကို မြန်မာနိုင်ငံက ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင် ဖြစ်သည်။

နိုင်ငံတကာ ဥပဒေအရ တာဝန်ယူ လိုက်နာရမည့် စည်းကမ်းများကို ဖောက်ဖျက်ရုံ သာမက လွန်ခဲ့သော ၅ လ တစ်လျှောက်လုံး ကောင်စစ်ဝန်နှင့် တွေ့ဆုံခွင့်ကိုပါ ညီညီအောင်အပေါ် ပိတ်ပင် ထားခဲ့သည်။ ရှေ့နေများနှင့် တွေ့ဆုံခွင့်ကိုလည်း တားမြစ်ထားခဲ့ပြီး ခုံရုံးတင် စစ်ဆေးခြင်းကိုလည်း လူသိရှင်ကြား မပြုလုပ်ခဲ့ပါ။ ညီညီအောင်အား ထောင်ထဲတွင် ၁ လခန့် တိုက်ပိတ် ထားခဲ့သည်ဟုလည်း သိရှိရသည်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်မူ ဒီမိုကရေစီ လှုပ်ရှားမှုများ အပေါ် အရေးယူသည့် အနေဖြင့် ညီညီအောင်အား လိမ်ညာ စွဲချက်တင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည်။

ညီညီအောင် အပေါ် မြန်မာ အစိုးရ၏ ပြုမူဆက်ဆံပုံများမှာ တုန်လှုပ်စရာ ကောင်းသည်။ ယင်းသို့ တုန်လှုပ်သွားကြခြင်း ဖြစ်နိုင်ချေ အကြောင်းရင်းမှာ ညီညီအောင် ကိုယ်စား အမေရိကန် ပြည်ထောင်စု၏ သံတမန်ဆိုင်ရာ ကြိုးပမ်းမှုများကို မြန်မာအစိုးရက လုံးဝ ဂရုမစိုက်ပဲ နေပြခဲ့ခြင်းပင် ဖြစ်သည်။ ညီညီအောင်အား ရှေ့နေများနှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခြင်းကို တုန့်ပြန် လိုက်လျောရမည့်အစား လူသိရှင်ကြား အမှုစစ်ဆေးခြင်းကိုပင် ပိတ်ပင်ထားခဲ့သည်။

ညီညီအောင်အား နှိပ်စက် ညှင်းပန်းမှုများကို ရပ်ဆိုင်းရန်နှင့် ကောင်စစ်ဝန်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုနေကြခြင်းကို တုန့်ပြန်ရမည့်အစား အာဏာပိုင်များက တိုက်ပိတ် အကျဉ်းချထားခဲ့ပြီး ရှေ့လျှောက်တွင်လည်း ထောင်ဝင်စာ တွေ့ဆုံခွင့်မရှိဟု ပြောကြားခဲ့ကြသည်။

မြန်မာ စစ်ဖက် အစိုးရက ၎င်း၏ ပြည်သူများအပေါ် အထိန်းအကွပ် မရှိ ကြောက်မက်ဖွယ် ပြုမူ ဆက်ဆံပုံများကို အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကျေနပ်စွာ ခွင့်ပြုထားသလို ဖြစ်နေသည်။ ညီညီအောင်နှင့် သူ့မိခင် အပြင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ခန့် မြန်မာနိုင်ငံတွင် ရှိနေသည်။ အထင်ရှားဆုံးသူမှာ အားလုံးသိကြသည့်အတိုင်း အတိုက်အခံ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ထို့ပြင် သူမသည် ကမ္ဘာပေါ်တွင် တစ်ဦးတည်း သော အထိန်းသိမ်းခံ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လည်း ဖြစ်သည်။

မြန်မာ အစိုးရကဲ့သို့ မိမိပြည်သူများအပေါ် ရာဇဝတ်မှု ကျူးလွန်နေသော နိုင်ငံမျိုးဆိုသည်မှာ မည်သည့် အချိန်တွင် ကြည့်ကြည့် အရေအတွက် အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။ မြန်မာ အစိုးရသည် နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစုများကိုလည်း စစ်ပွဲ ဆင်နွှဲနေသည်။ ၁၉၉၀ မှစ၍ ရေတွက်ပါက အစိုးရ ဖျက်ဆီးခဲ့သော ကျေးရွာပေါင်း ၃၀၀၀ ကျော်ခန့် ရှိ၍ အဆိုပါ တိုင်းရင်းသား လူနည်းစုများ အပေါ် မုဒိန်းမှု၊ နှိပ်စက် ညှင်းပန်းမှု၊ လူသတ်မှုများ ကျူးလွန်ခဲ့သည်။

ပြည်တွင်းရှိ နေအိမ်များမှ ထွက်ပြေး တိမ်းရှောင်သူ အရေအတွက်ကို ဖုံးကွယ်ထားပြီး အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးသော ဒုက္ခသည် အရေအတွက်မှာ တစ်သန်းကျော် ရှိသည်။ မြန်မာ စစ်ဖက် အစိုးရသည် ကမ္ဘာပေါ်ရှိ အဖိနှိပ်ဆုံး အစိုးရများတွင် ထိပ်ဆုံးက ပါဝင်နေပြန်သည်။

ထိုအချက်များကြောင့်ပင် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိရန်နှင့် ဒီမိုကရေစီ ထွန်းကားလာစေရန် အတွက် အမေရိကန်၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းနေကြခြင်း ဖြစ်သည်။ သို့ရာတွင် မြန်မာ အစိုးရအနေနှင့် ရှေးဦးစွာ နားလည်ထားရမည့် အချက်မှာ ၎င်း၏ ပြည်သူများအပေါ် ဆက်ဆံရာတွင် လည်းကောင်း၊ နိုင်ငံတကာ ဆက်ဆံရေးကို ဆောင်ရွက်ရာတွင် လည်းကောင်း နိုင်ငံတကာ စံနှုန်းများအရ လက်သင့်ခံနိုင်မည့် ဘောင်အတွင်းမှ လုပ်ဆောင်မှသာလျှင် ဆွေးနွေး ညှိနှိုင်းမှု ဖြစ်မြောက်နိုင်လိမ့်မည်ဆိုသည့် အချက်ပင် ဖြစ်သည်။

ထို့အပြင် အမေရိကန် နိုင်ငံသားတစ်ဦးကို ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် မတရား ဖမ်းဆီး နှိပ်စက်ခြင်းကို အမေရိကန် နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက သည်းခံမည်မဟုတ် ဆိုသည်ကိုလည်း မြန်မာအစိုးရက နားလည်ထားရလိမ့်မည်။ အကယ်၍ မြန်မာ အစိုးရသည် အမေရိကန်နှင့် ဖြစ်စေ၊ အခြားနိုင်ငံများနှင့် ဖြစ်စေ ညှိနှိုင်းဆွေးနွေးရန် ဆန္ဒရှိပါက အထိန်းအကွပ် မရှိ လုပ်ချင်တိုင်း လုပ်နေ၍ မဖြစ်နိုင်ပါ။ ပြည်ပ နိုင်ငံသားများ၏ လူ့အခွင့်အရေးကိုလည်း လေးစားရလိမ့်မည်။

ညီညီအောင်ကို ချက်ချင်း လွှတ်ပေးရေး အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တောင်းဆိုရန် သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်တို့အား ပုဂ္ဂိုလ်ရေးအရ တိုက်တွန်းလိုက်သည်။ မြန်မာစစ်ဖက် အစိုးရသည် မြန်မာပြည်သူများ၏ ဘဝကို လုံးဝ ဂရုမစိုက်ကြောင်း မိမိတို့ သိရှိထားသည်။ အမေရိကန် အစိုးရ အနေဖြင့် ၎င်း၏ နိုင်ငံသား တစ်ဦးကို ဂရုစိုက်ရန် မြန်မာအစိုးရကို ကိုင်တွယ်နိုင်လိမ့်မည်ဟုသာ မျှော်လင့်ရုံ ရှိတော့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment