Transparency Myanmar

transparency.myanmar@gmail.com

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) က မြန်မာနိုင်ငံရှိ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့်သော ဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာ ထောက်ထားသော အကူအညီများ ပေးအပ်ရေး လုပ်ငန်းများကို မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယခုနှစ် ဇူလိုင်လတွင် အပြီးသတ်တော့မည်ဖြစ်သည်။

နောက်ထပ်အကူအညီ အထောက်အပံ့များ ဆက်လက် ပေးအပ်သွားနိုင်ရေး အတွက်လည်း အရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပ ပြုလုပ်သော ခုနစ်ကြိမ်မြောက် အာဆီယံလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (AHTF) အစည်းအဝေးတွင် ယင်းသို့ အကူအညီများ ဆက်လက်ပေးပို့သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်ခဲ့တာ လာမယ့် ဇူလိုင်လဆိုရင် အဆုံးသတ်တော့မှာပါ။ ဒါပေမဲ့ နာဂစ် ဒုက္ခသည် တွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကတော့ နောက်ထပ်နှစ် အတော်ကြာ ဆက်လုပ် သွားဦးမှာပါ" ဟု အာဆီယံ အထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ် က ပြောပါသည်။

"ကျွန်တော်တို့ အဖွဲ့က နောက်ဆုံးပြုလုပ်တဲ့ အချိန်ကာလအလိုက် သုံးသပ်ချက်အရ အခုထိ ကွာဟမှုတချို့ ရှိနေတာကို တွေ့ရပါတယ်။ နေထိုင်စရာအဆောက်အုံ၊ ဘဝ တည်ဆောက်မှုနဲ့ ရေကောင်းရေသန့် ရရှိရေး စတာတွေ လိုအပ်နေသေးတာကို တွေ့ရပါတယ်။ အဲဒါကြောင့် လိုအပ်ချက်ရှိနေတဲ့ မြန်မာပြည်သူတွေအတွက် အကူအညီ အထောက်အပံ့တွေ အမြန်ဆုံး ပေးပို့သွားနိုင်အောင် လုပ်ရပါမယ်။ အဲဒီကိစ္စက အရေးကြီးနေပါတယ်" ဟု ၎င်း က AHTF အစည်းအဝေးပွဲတွင် ပြောဆိုသည်။

"တစ်ချိန်တည်းမှာပဲ အာဆီယံအနေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အစိုးရ ဝန်ကြီးဌာနတွေကို လုပ်ငန်းလွှဲပြောင်းပေးဖို့ ပြင်ဆင်သွားမှာပါ"ဟု ယင်းက ဆိုသည်။

အာဆီယံအဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် လူသားချင်း စာနာထောက် ထားသော အကူအညီများ ပေးသည့် အဖွဲ့နှင့်အတူ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရေး အတွက် အမေရိကန်ဒေါ်လာ ၁၀၃ သန်း အသုံးပြုရန် အဆိုပြုခဲ့သည်။

၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဒေါ်လာ ၉၁ ဒဿမ ၃ သန်း သုံးစွဲ ထောက်ပံ့ရန် ခွင့်ပြုချက်ရရှိခဲ့သည်။ လက်ရှိ အခြေအနေအရ နာဂစ်ရန်ပုံငွေအဖွဲ့ သို့မဟုတ် ကူညီ စောင့်ရှောက်ရေး အဖွဲ့အစည်းများအတွက် စုစုပေါင်း ဒေါ်လာ ၃၈ ဒဿမ ၅၇ သန်း ခန့် လက်ဝယ် ရရှိထားပြီး ဖြစ်သည်။

အာဆီယံက လွှဲပြောင်းပေးမည့် ဆောင်ရွက်မှုများတွင် နာဂစ်ဖြစ်ပေါ်ပြီး နောက်ပိုင်း ရန်ပုံငွေ သုံးစွဲမှုမှတ်တမ်း ပြုစုရေး၊ အသုံးစာရင်းပြုစုခြင်း၊ လှုပ်ရှား ဆောင်ရွက်မှုများအပေါ် အခါ အားလျော်စွာ သုံးသပ်ခြင်းနှင့် လူမှုရေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

တစ်ချိန်တည်းမှာပင် အာဆီယံသည် မြန်မာနိုင်ငံဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေး လှုပ်ရှားမှု စီမံချက် အကောင်အထည်ဖော်ရေး လုပ်ငန်းကိုလည်း ကူညီ ထောက်ပံ့သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ ဆောင်ရွက်ရာ၌ ရရှိသော အတွေ့အကြုံနှင့် သင်ခန်းစာများကို မှတ်တမ်းတင်ရန် ယခုအချိန်မှစ၍ ဇူလိုင်လအတွင်း နာဂစ်ဒဏ်သင့် ပြည်သူများ သက်သာချောင်ချိခွင့် ပိုမိုရရှိစေရန်၊ ကယ်ဆယ်ရေးကိစ္စ အားလုံးကို မြန်မာ အစိုးရထံသို့ အဆင်ပြေချောမွေ့စွာ လွှဲအပ်ရန် အာဆီယံ အတွင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုအဖွဲ့ ဥက္ကဋ္ဌ ဆူရင်ပစ်ဆာဝမ်က တိုက်တွန်း ပြောကြားပါသည်။

အာဆီယံဒေသ သဘာဝဘေးအန္တရာယ် စီမံကွပ်ကဲမှုနှင့် အရေးပေါ်တုံ့ပြန်မှု (AADMER) ဆိုင်ရာ အာဆီယံ သဘောတူညီချက်များကို ခိုင်မာအောင် ဆောင်ရွက်ရာတွင် နာဂစ်လွန် ကာလ မြန်မာနိုင်ငံ၏ အတွေ့အကြုံများကိုလည်း အတုယူသွားနိုင်ကြောင်း ၎င်းက ပြောဆိုပါသည်။
Relifeweb မှသတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment