Transparency Myanmar

transparency.myanmar@gmail.com

DVB news, 13th Mar 2010

          တရုတ်နိုင်ငံတွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ဘိန်းများ နယ်စပ် ဖြတ်ကျော် ဝင်ရောက်နေသည့် တောင်ပိုင်း ယူနန် ပြည်နယ်တွင် ဖြစ်ကြောင်း သိရှိရသည်။

          မနှစ်က ယူနန်ပြည်နယ်တွင် ဆေးစွဲသူ အဖြစ် မှတ်ပုံတင်သူ ၆ သောင်းကျော်ခဲ့ပြီး ၎င်း၏ အရင်တစ်နှစ်က ၅ သောင်းသာ ရှိခဲ့သည်ဟု တရုတ်မြန်မာ နယ်စပ်ရှိ ဆေးစွဲသူများကို ကုသပေးနေသည့် Health Unlimited အဖွဲ့မှ ဘန်ယွမ်ဝမ် က ပြောကြားသည်။

လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ဟီးရိုးအင်း ဆေးစွဲခြင်းသည် ယူနန်ပြည်နယ်တွင် အကြီးဆုံး ပြဿနာ တစ်ခု ဖြစ်လာခဲ့ပြီး မူးယစ်ဆေး ကုန်သည်များနှင့် သုံးစွဲသူများကို နှိမ်နင်းရန် တရုတ် အစိုးရက ခက်ခက်ခဲခဲ ကြိုးစားနေသည်ဟု ၎င်းက ပြောဆိုသည်။

လတ်တလော အယ်ဂျာဇီယာ သတင်းတစ်ပုဒ်တွင် တရုတ် နယ်စပ်မြို့ နာဘင်မှ ဟီးရိုးအင်း သုံးစွဲသူ ၈၀ % မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ဖော်ပြခဲ့သလို မြန်မာနိုင်ငံတွင်းမှ တရုတ်သို့ မူးယစ်ဆေး တင်သွင်းလာသူ မူးယစ်ဆေးဝါး ကုန်သည် အများစုမှာ ဖမ်းဆီးခံနေရသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယူနန် ပြည်နယ်တွင် တရုတ် အစိုးရက ဆေးစွဲသူ ထောင်ပေါင်းများစွာကို ကုသပေးနေသော Methadone Treatment Clinic ၅၀ ကျော် ဖွင့်လှစ်ပေးခဲ့သည်။

ကမ္ဘာပေါ်တွင် အာဖဂန် နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် ဒုတိယ အများဆုံး ဘိန်းထွက်ရှိသည့် ဒေသဖြစ်ပြီး ယင်းတွေ့ရှိချက်များသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို အမြစ်ပြတ် ချေမှုန်းနေသည်ဟု အကြိမ်ကြိမ် အာမခံနေသော မြန်မာအစိုးရအပေါ် အနည်းငယ်သာ အထောက်အကူ ပေးနိုင်ပါလိမ့်မည်။

မြန်မာ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တရုတ်မျိုးနွယ်စု တစ်ခု ဖြစ်သည့် ရှမ်းပြည်နယ်မှ ဝ တပ်ဖွဲ့က ဘိန်းဈေးကွက် အများစုကို ထိန်းချုပ် ထားသည်ဟု စွပ်စွဲထားကြသည်။ ယခင်နှစ် ဇွန်လက ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာအရ ကမ္ဘာ့စုစုပေါင်း ဘိန်းစိုက် ဧရိယာ ၁၈၉,၀၀၀ ဟက်တာတွင် ၂၈,၅၀၀ ဟက်တာသည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း တွေ့ရှိထားသည်။

မူးယစ်ဆေးဝါး တဆင့်ခံ ရောင်းဝယ်မှု ဗဟိုအဖြစ် တရုတ်နိုင်ငံ၏ ကဏ္ဍ ကြီးထွားလာမှုကြောင့် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှုတွင် တရုတ်မျိုးနွယ်စုများ၏ လွှမ်းမိုးမှုကို မြင့်တက် လာစေခဲ့သည်ဟု အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေး အေဂျင်စီ DEA က ပြောကြားခဲ့သည်။

စိုးရိမ်ပူပန်စရာ ကိစ္စများအနက် နောက်တစ်ခုမှာ ယူနန်ပြည်နယ်တွင် HIV ပြန့်ပွားနေမှု ဖြစ်သည်။ ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံတွင် ယခင်ကပင် AIDS ရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးဒေသ ဖြစ်နေခဲ့သည်။ ၎င်း၏ ပထမဆုံး HIV ပြန့်ပွားမှု လှိုင်းလုံးမှာ ၁၉၈၉ ခုနှစ်က တရုတ်မြန်မာ နယ်စပ်ရှိ မူးယစ်ဆေးဝါး အကြောဆေးသွင်းသူများ အကြား ဖြစ်ပွားခဲ့ပြီး ယခုအခါ ယူနန်တွင် AIDS ရောဂါ ဖြစ်ပွားသူပေါင်း ၈၀,၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။

ယူနန်ပြည်နယ်တွင် HIV ပြန့်ပွားမှု သတိပေး ခေါင်းလောင်းမြည်လာမှုကြောင့် ယခင်က မူးယစ်ဆေး သုံးစွဲမှု အပေါ် ပြင်းထန်စွာ အပြစ်ပေးလေ့ ရှိသည်။ တရုတ်အစိုးရအား ပိုမို ပွင့်လင်းသည့် မူဝါဒ ကျင့်သုံးရန် ဖိအားပေးသလို ဖြစ်ခဲ့သည်ဟု "ဝမ်" ဟု ပြောသည်။

နယ်စပ် ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်မှု လျင်မြန်စွာ ကြီးထွားနေသည့် ကြားတွင် မြန်မာနိုင်ငံတွင်း၌ ခက်ခဲသော ပြဿနာ ဖြေရှင်းနေရဆဲ ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် ပလောင် အမျိုးသမီးများ အဖွဲ့ PWO မှ ဇန်နဝါရီလက ထုတ်ပြန်သော အစီရင်ခံစာတွင် မူးယစ်ဆေးဝါး သုံးစွဲမှုက ရှမ်းလူ့အဖွဲ့အစည်းကို ဖျက်ဆီးနေသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံ ဘိန်းထွက်ရှိမှု၏ ၉၅ % ကို ထုတ်လုပ်နေသော မြန်မာပြည် အရှေ့မြောက်ပိုင်းရှိ ရှမ်းပြည်နယ်တွင် ပလောင်လူမျိုးများ နေထိုင်ကြသည်။

မြန်မာအစိုးရသည် ဒေသတည်ငြိမ်ရေးနှင့် အလဲအလှယ် လုပ်ကာ မူးယစ်ဆေးဝါး အမြတ်ငွေများကို မျှဝေ ခံစားခြင်းဖြင့် မူးယစ်ရာဇာများ၏ ဘိန်းထုတ်လုပ်မှုကို ခွင့်ပြု လိုက်လျောနေသည်ဟု အထက်ပါ အစီရင်ခံစာတွင် ထောက်ပြ ဝေဖန်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment