Transparency Myanmar

transparency.myanmar@gmail.com

BBC News, 28th March 2010

ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် နှင့် ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုနေသော ဆန္ဒပြသူများနှင့် ထိုင်းဝန်ကြီးချုပ်တို့ အကြား မျက်နှာချင်းဆိုင် ဆွေးနွေးမှုများကို ခေတ္တ ရပ်နား၍ တနင်္လာနေ့တွင် နောက်တစ်ကြိမ် ပြုလုပ်မည်ဟု သိရှိရသည်။

အကြမ်းဖက်မှုကို လျှော့ချ၍ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ကြိုးပမ်းသည့် အနေဖြင့် ဆွေးနွေးရန် ကမ်းလှမ်းချက်ကို မိမိ လက်ခံ ရရှိထားသည်ဟု အဘီဆစ် ဗဲ့ဂျာဂျီဗား၏ ပြောရေး ဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်နှင့် ဆန္ဒပြ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုကို ထိုင်း TV တွင် တိုက်ရိုက် ထုတ်လွှင့် ပြသသွားသည်။

မြို့တော် ဘန်ကောက်တွင် ၂ ပတ်ကြာ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယခု ဆွေးနွေးပွဲများသည် လိုက်လျော ညှိနှိုင်းသည့် လက္ခဏာပင် ဖြစ်သည်ဟု သတင်းထောက်များက ပြောကြားသည်။

ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် အတွင်း ထိုင်းဝန်ကြီးချုပ်က မည်သည့် ရာဇသံ ပေးမှုကိုမှ အလျော့ပေး လက်ခံမည် မဟုတ်ဟု တသမတ်တည်း ပြောကြားခဲ့သည်။

မစ္စတာ အဘီဆစ် အခြေစိုက် စခန်း အဖြစ် အသုံးပြု ပုန်းရှောင်နေသော မြို့တော် ဆင်ခြေဖုံးရှိ စစ်စခန်းတွင် အစောင့်များ ထူထပ်စွာ ချထားသည့်ကြားမှ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက် ခံရသောကြောင့် စစ်သား ၄ ဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သူကို မသိရှိရသေးသော်လည်း လက်ဝဲစွန်း နိုင်ငံရေး သမားများနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူများ ပူးပေါင်း ဖွဲ့စည်းထားသည့် ရှပ်နီ အုပ်စုက အဆိုပါ နေရာသို့ တနင်္ဂနွေနေ့တွင် ချီတက် ဆန္ဒပြရန် စီစဉ်ထားသည်။

အလယ် ဆုံမှတ်

တနင်္ဂနွေနေ့ မနက်တွင် ရုပ်မြင်သံကြားမှ တဆင့် အဘီဆစ်က ပြောကြားခဲ့ရာတွင် ၎င်း အနေဖြင့် စေ့စပ် ညှိနှိုင်းရန် တံခါးဖွင့်ထားသော်လည်း ၎င်း အခြေစိုက်ရာ စစ်စခန်းသို့ ဆန္ဒပြသူများ ချီတက် လာပါက ထိုနေရာသို့ ဆွေးနွေးရန် လာရောက်မည် မဟုတ်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။

"အခုလို တင်းမာတဲ့ အနေအထားမျိုးမှာ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ခြိမ်းခြောက် ဖိအားပေး အကျပ်ကိုင်တာတွေ မရှိမှသာ စေ့စပ် ညှိနှိုင်းမှုတွေ အတွက် တံခါးဖွင့် ပေးဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ရှပ်နီ ဆန္ဒပြ ခေါင်းဆောင် နာတာဝပ်ဆိုင်ကူး က ချီတက်ပွဲကို ခေတ္တ ဆိုင်းငံ့ ထားလိုက်ပြီး ''ကိုယ်စားလှယ် အဖွဲ့များ စေလွှတ် ညှိနှိုင်းရန် ကမ်းလှမ်းချက်ကို စဉ်းစား သုံးသပ်ရန် အစိုးရကို အချိန်ပေးလိုပါသည်" ဟု ၎င်းက ပြောကြားလိုက်သည်။

ကြားနေ အလယ်ဆုံမှတ် အဖြစ် သတ်မှတ်ကြသော ဘန်ကောက် ပညာရေး သုတေသန ဋ္ဌာနတွင် တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။

ကိုယ်စားလှယ် ၃ ဦးစီ ပါသော အဖွဲ့ နှစ်ဖွဲ့သည် ဆွေးနွေးပွဲ စားပွဲ၏ တဖက်တချက်စီတွင် နေရာယူကြပြီး လက်ဆွဲ နှုတ်ဆက်ကြကာ တဖက်နှင့် တဖက် လိုလားချက်များကို ပြောကြားကြရာတွင် ယဉ်ယဉ်ကျေးကျေး လက်ခံ နားထောင်ခဲ့ကြသည်။

ရှပ်နီ အုပ်စုမှ ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဗီရာမူဆီကာပေါင် က ၎င်းတို့၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် မစ္စတာ အဘီဆစ်ကို ပုဂ္ဂိုလ်ရေး အရ လေးစားပါကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုထားမှုကို ထပ်မံ အသိပေး လိုပါကြောင်း ပြောဆိုခဲ့သည်။

''ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကတော့ သွယ်ဝိုက်ပြောစရာ မလိုပါဘူး၊ ရိုးရိုးလေးပါပဲ၊ ပြည်သူတွေ နောက်တစ်ကြိမ် ဆုံးဖြတ်နိုင်ဖို့အတွက် လွှတ်တော်ကို ဖျက်သိမ်းပေးပါ'' ဟု ၎င်းက ဝန်ကြီးချုပ်ထံ ပြောကြားခဲ့သည်။

ယုံကြည်ရသော လက်ထောက် နှစ်ဦး ဝဲ၊ ယာ ခြံရံ ထားသည့် မစ္စတာ အဘီဆစ်က ဆန္ဒပြသူများ တောင်းဆိုနေကြသည့် ရွေးကောက်ပွဲများသည် တင်းမာမှုများကို လျော့သွား စေနိုင်သလို၊ အခြေအနေလည်း ပိုဆိုးသွားနိုင်သည်ဟု ပြန်လည် ပြောကြားခဲ့သည်။

''ရှပ်နီတွေရဲ့ ဆန္ဒနဲ့တင် မလုံလောက်ပါဘူး၊ တိုင်းပြည် တစ်ပြည်လုံးရဲ့ သဘောထားကို အခြေခံပြီးမှ ဆုံးဖြတ်ချက်ချမှာပါ၊ လွှတ်တော် ဖျက်သိမ်း၊ အစိုးရ နုတ်ထွက်ရုံနဲ့ ပြဿနာကို အမှန်တကယ် ပြေလည်အောင် ဖြေရှင်းနိုင်မလား ဆိုတာကို စဉ်းစားရပါလိမ့်မယ်'' ဟု ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

အထက်ပါ ညှိနှိုင်းမှုများ ထွက်ပေါ်လာရခြင်းမှာ အထူးလုံခြုံရေး ဥပဒေများအရ မြို့တော် အဓိက နေရာများစွာတွင် တပ်ဖြန့်ချထားသော စစ်သားများကို ဆုတ်ခွာရန် ဆန္ဒပြ အင်အား သိန်းနှင့် ချီတက် ဖိအား ပေးခဲ့ကြခြင်းကြောင့် ဖြစ်သည်။

ဤအခြေအနေတွင် ''လူထု လှုပ်ရှား ဆန့်ကျင်မှု'' ပြုလုပ်ကြရန် မစ္စတာ သက်ဆင် က ကြာသပတေးနေ့တွင် ထပ်မံ တောင်းဆို လိုက်ပြန်သည်။

ယခင်က အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး ဟု လူသိများသည့် ရှပ်နီ အင်အားစုများသည် မျက်ကွယ် ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်း ခံရသူ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် အတွက် ၎င်းတို့ ဖာသာ နိုင်ငံရေး တိုက်ပွဲ ဆင်နွှဲခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့ကို ၎င်းတို့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူများဟု အမည်ပေးထားကြသည်။

သက်ဆင် လိုလားသော အစိုးရကို ဖိအားပေး ဖြုတ်ချခဲ့ပြီး တရားမဝင် လွှတ်တော် ရွေးကောက်ပွဲများဖြင့် အဘီဆစ် အာဏာရလာခြင်း ဖြစ်သည် ဟု ရှပ်နီများက စွပ်စွဲထားသည်။ မစ္စတာ သက်ဆင်မှာ ၂၀၀၆ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်း ခံရသောကြောင့် ပြည်ပ၌ တိမ်းရှောင်နေရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment