Transparency Myanmar

transparency.myanmar@gmail.com

www.deecanherald.com, 2nd March 2010

          မြန်မာနိုင်ငံ၏ ဗဟို တရားရုံးချုပ်သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ထပ်မံ တိုးမြှင့် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ အယူခံမှု အပေါ် ပယ်ချခဲ့ခြင်းသည် စစ်အစိုးရ အနေဖြင့် သူမအား ပြည်သူများနှင့် ပြင်ပတွင် ထိတွေ့ခြင်း မပြုနိုင်အောင် ဆက်လက် ထိန်းသိမ်းထားလိုကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ခုနှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ သို့သော် အစိုးရသည် အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည် သာမက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား ဒီမိုကရေစီ လှုပ်ရှားသူများအား ထောင်ထဲတွင် ဖမ်းဆီးထားသည်မှာ ဆယ်စုနှစ် နှစ်ခုခန့် ရှိပြီ ဖြစ်သည်။ သူမ၏ နေအိမ် အကျယ်ချုပ်မှာ ပြီးခဲ့သည့် မေလတွင် အချိန်စေ့မည် ဖြစ်သည်။ သို့သော် ထူးဆန်းသည့် အဖြစ်အပျက် ဖြစ်သော အမေရိကန် ရေကူးသမားတစ်ဦး ရေကူးပြီး သူမနေအိမ်သို့ ဝင်ရောက်ခဲ့ခြင်းကြောင့် သူမအား နေအိမ် အကျယ်ချုပ် ကာလ ဆက်လက် တိုးမြှင့်ခဲ့သည်။

သို့သော် ခေါင်းမာသော ဗိုလ်ချုပ်များ သဘောထား ပြောင်းမည့် လက္ခဏာများ တွေ့လာရသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အနောက်နိုင်ငံ သံတမန်များအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုခဲ့သည်။ ပြီးခဲ့သည့် နှစ်ပတ်ကလည်း NLD ၏ ဒုတိယ ခေါင်းဆောင် ဦးတင်ဦးကို ပြန်လွှတ်ပေးခဲ့သည်။ စစ်အစိုးရသည် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲကို တရားဝင် အများလက်ခံစေလိုသည့် သဘောရှိသည်ဟု ယူဆရပေသည်။ ဒေါ်အောင်ဆန်းစုကြည်အားလည်း လွှတ်ပေးကောင်း လွှတ်ပေးနိုင်သည်ဟု ယူဆလာကြသည်။ သို့သော် ယခု ဗဟိုတရားရုံး၏ ဆုံးဖြတ်ချက်သည် မျှော်လင့်ချက်များ အားလုံးကို ရုတ်တရက် ရပ်တန့်သွားစေခဲ့သည်။

          မြန်မာပြည်သူ အများက "လေဒီ (Lady)" ဟု ခေါ်သော ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများကြားတွင် ပေါ်ပြူလာ ဖြစ်နေဆဲ ဖြစ်သည်။ ယခု ဗဟို တရားရုံး၏ ဆုံးဖြတ်ချက်သည် တစ်ကမ္ဘာလုံးက လက်ခံထားသော ဗိုလ်ချုပ်များသည် လေဒီ့ကို ကြောက်နေကြသည် ဟူသော အယူအဆကု ပိုမို ခိုင်မာစေခဲ့သည်။ အနိုင်ရရန် သေချာသော သူမကို ရွေးကောက်ပွဲ မဝင်နိုင်အောင် သတ်မှတ်ချက်များ ပြုလုပ်၍ ဘေးဖယ်ထားပြီး ဖြစ်သည်။ ယခုတဖန် ဗဟို တရားရုံး၏ ဆုံးဖြတ်ချက်သည် သူမ၏ပါတီ အတွက်ကိုပင် မဲဆွယ်ခွင့် မပေးနိုင်ဆိုသည့် သဘောကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ ထိုအချက်သည် ဗိုလ်ချုပ်များ အနေဖြင့် ၎င်းတို့၏ စိတ်တွင် မလုံခြုံမှုကို အကြီးအကျယ် ခံစားနေရသည် ဟူသော အခြေအနေကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ ရွေးကောက်ပွဲ ဝန်းကျင်တွင် ရှိနေပါက ဗိုလ်ချုပ်များ စိတ်ထဲတွင် လုံးဝ ယှဉ်ရဲသည့်စိတ် ရှိမနေသည်မှာ သေချာနေပေသည်။

          ဗိုလ်ချုပ်များသည် တိုင်းပြည်၏ အာဏာ တည်ဆောက်ပုံတွင် စစ်တပ်၏ လွှမ်းမိုးမှု အဓွန့်ရှည်ရေး အတွက် အခြေခံ ဥပဒေတွင် ထည့်သွင်း ရေးဆွဲထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲဖြင့် ၎င်းတို့၏ အုပ်ချုပ်ပုံကို တရားဝင်အောင် ပြုလုပ်ရန် စီစဉ်ထားသည်။ ထို့ကြောင့် အဆိုပါ မတရားသဖြင့် စီစဉ်ထားမှုကြီး မအောင်မြင်အောင် ပြည်သူများ ပြုလုပ်ကြရလိမ့်မည် ဖြစ်သည်။ ပြည်သူများသည် ရွေးကောက်ပွဲတွင် အင်နှင့်အားနှင့် ဝင်ရောက်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အနာဂတ် ကောင်းမွန်ရေးဖက်က ရပ်တည်သော ကိုယ်စားလှယ်များကိုသာ မဲပေး ရွေးချယ်ကြရလိမ့်မည် ဖြစ်သည်။ ပြည်သူများ အနေဖြင့် ဗိုလ်ချုပ်များနှင့် သူတို့၏ သူရဲဘောကြောင်သော စိတ်ဓာတ်ကို မနှစ်မြို့ကြောင်းကို မဲပုံးများမှ တဆင့် ပြသသင့်ကြပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment