Transparency Myanmar

transparency.myanmar@gmail.com

          တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယား နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပြီး စစ်မှန်သော သင့်မြတ်မှုကို ရယူလိုကြောင်း၊ မြောက်ကိုရီးယား၏ နျူကလီယာ ဖျက်သိမ်းရေးကိစ္စတွင် ညှိနှိုင်းမှု၊ လိုက်လျောမှု  အသစ်များ ပြုလုပ်လိုကြောင်း ပြောကြားလိုက်သည်။

နျူကလီယာနှင့် ဒုံးကျည် ပြဿနာသည် တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စု တို့အတွက် တင်းမာသော ကိစ္စရပ်များ ဖြစ်ပွားစေခဲ့သည်။ မြောက်ကိုရီးယားသည် လာမည့် ရက်သတ္တပတ်တွင် ကျင်းပမည့် နိုင်ငံတကာ နျူကလီယာ လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်သင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

"စစ်မှန်တဲ့ သင့်မြတ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်ရေးအတွက် တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံစလုံး မပြီးပြတ်နိုင်ဖြစ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းမှုနဲ့ ဖြေရှင်းသင့်ပါတယ်" ဟု သမ္မတ လီမြောင်ဘတ်က ပြောသည်။ ၁၉၁၉ ခုနှစ် ဂျပန်ကိုလိုနီ ဥပဒေနှင့် ပတ်သက်ပြီး ကိုရီးယား အရေးအခင်း ဖြစ်ပွားမှု အထိမ်းအမှတ် ရုပ်သံမိန့်ခွန်း အစီအစဉ်တွင် တောင်ကိုရီးယား သမ္မတက ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ကမ်းလှမ်းသလို မြောက်ကိုရီးယားဘက်ကလည်း ရိုးသား ပွင့်လင်းမှုကို အခြေခံပြီး ညှိနှိုင်းမှုတွေ လုပ်သင့်ပါတယ်" ဟု လီမြောင်ဘတ်က ပြောသည်။

သမ္မတ လီမြောင်ဘတ်က ထုတ်ဖော်ပြောဆိုသည့် ညှိနှိုင်းမှုတွင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ လိုက်လျောမှု၊ မက်လုံးများနှင့် အားပေး အားမြှောက်မှုများ ပါသည်။ ထို့ပြင် နျူကလီယာ ဖျက်သိမ်းရေး ကိစ္စကို ယခင်ကလို တစ်ဆင့်ချင်းစီ ပုံစံမဟုတ်ဘဲ တစ်ခါတည်းဖြင့် လုံးဝဖျက်သိမ်းရေး အစီအစဉ်နှင့် မူဝါဒများ ပါဝင်မည် ဖြစ်သည်။

တစ်ဆင့်တည်းဖြင့် လုံးဝဖျက်သိမ်းရေး လုပ်ငန်းစဉ်အရ ထောက်ပံ့မှုများ ရယူပြီးနောက်ပိုင်း မြောက်ကိုရီးယားအနေဖြင့် ကတိကဝတ်အတိုင်း ယခင်လမ်းစဉ်ကို လုံးဝ ပြန်မသွားရေးပင် ဖြစ်သည်။

"မြောက်ကိုရီးယား အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ရိုးသားပွင့်လင်းမှု ပြသဖို့ လိုအပ်ပါတယ်" ဟု လီမြောင်ဘတ်က ဆိုသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မိမိတို့သည် မြောက်ကိုရီးယားကို အားပေး အားမြှောက်ပြုမည့် အရိပ်လက္ခဏာများ ထုတ်ဖော်ပြသထားပြီး ဖြစ်ရာ ပြုံးယမ်း အစိုးရအနေဖြင့် နိုင်ငံတကာ ဆွေးနွေးပွဲသို့ ပြန်လည် ဝင်ရောက်လာနိုင်ကြောင်း၊ အကူအညီ အထောက်အပံ့ ရယူနိုင်ရေးအတွက် နျူကလီယာ အစီအစဉ်များကိုလည်း အဆုံးသတ်ပေးဖွယ် ရှိကြောင်း ပြောကြားသည်။

နျူကလီယာ အစီအစဉ်နှင့် ပတ်သက်သော နိုင်ငံတကာ ဆွေးနွေးပွဲတွင် တောင် မြောက်ကိုရီးယား နှစ်နိုင်ငံ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် ရုရှားတို့ ပါဝင်သည်။

ဟီလာရီကလင်တန်၏ ပြောခွင့်ရပုဂ္ဂိုလ်က လာမည့် ရက်သတ္တပတ်များ သို့မဟုတ် လများတွင် နိုင်ငံတကာ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment