Transparency Myanmar

transparency.myanmar@gmail.com

ဗီယက်နမ်နိုင်ငံနှင့် လွတ်လပ်စွာ ကုန်သွယ်မှု ပြုလုပ်နိုင်ရေးအတွက် မကြာမီ စတင် ဆွေးနွေးတော့မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) က မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာ လိုက်သည်။

အီးယူ၏ ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီးနှင့် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဒေါင်တို့ မတ် လ ၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် ယင်းသို့ ထုတ်ဖော် ကြေညာလိုက်ခြင်း ဖြစ်သည်။

"အီးယူနဲ့ ဗီယက်နမ်နိုင်ငံတို့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ သဘောတူညီမှု ရထားပြီ ဖြစ်ပါတယ်" ဟု အီးယူ၏ ကုန်သွယ်ရေး မဟာမင်းကြီးက ဘရပ်ဆဲလ်မြို့တွင် ပြောကြားသည်။ ဗီယက်နမ်အစိုးရက မိမိတို့အနေဖြင့် အီးယူနှင့် လွတ်လပ်စွာ ကုန်သွယ်မှုအတွက် စေ့စပ်ညှိနှိုင်းရန် အသင့်အနေအထားတွင် ရှိပါကြောင်း အစိုးရ ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ဖော် ပြောဆိုသည်။

ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်ဒေါင်နှင့် အီးယူ ကုန်သွယ်ရေး မဟာမင်းကြီး Karel De Gucht တို့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အရှေ့တောင်အာရှ ဒေသတစ်ခုလုံးနှင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရေးအတွက် ဆွေးနွေးမှုများကိုမူ မပြုလုပ်နိုင်ခဲ့ပေ။

သို့အတွက်ကြောင့် အီးယူက ယခုအခါ အရှေ့တောင်အာရှ ၁၀ နိုင်ငံနှင့် အပြန်အလှန် ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသည်။ "ကျွန်တော်တို့ အာဆီယံနဲ့ တွေ့ဆုံဆွေးနွေးမှုတွေတော့ စတင် လုပ်ကိုင်ထားနှင့်ပြီး ဖြစ်ပါတယ်။ ခက်တာက အာဆီယံ ၁၀ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တူညီမှု မရှိတော့ ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ခက်ခဲနေပါတယ်" ဟု Karel De Gucht က ပြောသည်။

အီးယူသည် အာဆီယံမှ အရေးကြီးသော ကုန်သွယ်ရေး မိတ်ဘက်များနှင့် လွတ်လပ်စွာ ကုန်သွယ်မှု ပြုလုပ်ရန် အာရုံစိုက်လျက် ရှိသည်ဟု ဆိုသည်။ မကြာမီ ရက်ပိုင်းအတွင်း စင်ကာပူ နိုင်ငံသို့ သွားရောက်ကာ ပြည့်စုံ ကျယ်ပြန့်သော လွပ်လပ်စွာ ကုန်သွယ်မှု ပြုလုပ်နိုင်ရေး အတွက် ဆွေးနွေး ညှိနှိုင်းရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။

အာဆီယံအဖွဲ့တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။ အာဆီယံသည် အမေရိကန်နှင့် တရုတ်ပြီးလျှင် အီးယူ၏ တတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်သည်။ အီးယူမှ ရရှိသော စာရင်းဇယားများအရ အီးယူနှင့် အာဆီယံအကြား ကုန်သွယ်မှုသည် ပြီးခဲ့သည့် ၂၀၀၅ နှင့် ၂၀၀၈ ခုနှစ်တို့တွင် ၂၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁၇၅ ဘီလီယံ ယူရိုတန်ဖိုး ရှိခဲ့သည်။

Yahoo News သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment