Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ပုံစံသစ်ဖြင့် နှိမ်နင်းဖြိုခွင်းမှုများ ပြုလုပ်လာဖွယ် ရှိကြောင်း ပါတီ ဗဟိုအမှုဆောင် ကော်မတီ (CEC) ဝင် ဦးဝင်းတင်က ပြောကြားလိုက်သည်။

"ပါတီ မရှိတော့တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို အတော့်ကို ကန့်သတ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့က စစ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပိုလုပ်မယ်ဆိုရင် သူတို့ကလည်း ကျွန်တော်တို့ကို မတရားအသင်းအဖြစ် ကြေညာကောင်း ကြေညာလာနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

NLD ဗဟို အလုပ်အမှုဆောင် ကော်မတီနှင့် ဗဟိုကော်မတီ အဖွဲ့ဝင်များသည် မတ်လ ၂၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးပြီး ပါတီအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိသောကြောင့် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေအရ တည်ဆဲ နိုင်ငံရေးပါတီများ အားလုံးအနေဖြင့် မေလ ၆ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရမည် ဖြစ်သည်။ မှတ်ပုံ မတင်ပါက တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်း ခံရမည် ဖြစ်သည်။ ဦးဝင်းတင်သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉ နှစ်တာမျှ ဖမ်းဆီး အကျဉ်းကျခံခဲ့ရပြီး ၎င်းသည် ပါတီ မှတ်ပုံ မတင်ရေးအတွက် ကာလကြာရှည်စွာ ဆော်သြခဲ့သူလည်း ဖြစ်သည်။

"သူတို့ကတော့ လှုပ်ရှားမှု လုပ်မယ့်သူတွေ အားလုံးကို ဖမ်းဆီးမှာ သေချာပါတယ်။ အဲဒီ ပြဿနာတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ကြရမှာပါ" ဟု အသက် ၈၀ အရွယ်ရှိ ဦးဝင်းတင်က ပြောသည်။

"ကျွန်တော်တို့ တတွေဟာ ရွေးကောက်ပွဲမှာ နိုင်ဖို့၊ အာဏာရဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ စစ်အာဏာရှင် စနစ်ကြီး တစ်ခုလုံး ဖြိုလှဲပစ်နိုင်ဖို့ လုပ်နေကြတာပါ။ အဲဒီတော့ သူတို့က ကျွန်တော်တို့ အပေါ်မှာ ပြင်းပြင်းထန်ထန် နှိမ်နင်း ဖြိုခွဲလာမှာ သေချာပါတယ်" ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

ဘိုကလေး မြို့နယ် NLD ပါတီဝင် ဦးချင်းဝန်က ပါတီအနေဖြင့် မှတ်ပုံတင် သင့်သည်ဟု ယူဆသည်။ "တကယ်လို့ ကျွန်တော်တို့ မှတ်ပုံမတင်ဘူး ဆိုရင် NLD ဟာ တရားမဝင် အဖွဲ့အစည်း တစ်ခု ဖြစ်သွားပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင် သူတို့ (စစ်အစိုးရ) ကလည်း မလွဲမသွေ ဖြိုခွဲ နှိမ်နင်းလာပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ NLD အနေဖြင့် မြေအောက်ပါတီ တစ်ခုအသွင်ဖြင့် လှုပ်ရှားရန် လိုအပ်မည် မဟုတ်ဟု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆော်သြသူ ဇိုမီ အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ Pu Cin Sian Thang က ပြောဆိုသည်။

"နိုင်ငံရေးဆိုတာ စိတ်ထဲမှာ ရှိနေရင် နိုင်ငံရေး လုပ်လို့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ဇိုမီ အမျိုးသား ကွန်ဂရက် ပါတီဟာ ၁၉၉၃ ခုနှစ်ကတည်းက ပိတ်ပင်ခံခဲ့ရတာပါ။ ကျွန်တော်တို့ ပါတီ ဆိုင်းဘုတ် တင်လို့ မရသလို ပါတီရဲ့ အာဘော်တွေလည်း ထုတ်ပြန်လို့ မရပါဘူး။ ဒါပေမဲ့ လှုပ်ရှားမှုတွေကို ဆက်လုပ်သွားလို့ ရပါတယ်" ဟု ၎င်းက ဆိုပါသည်။

ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က NLD က ရွေးကော်ပွဲ မဝင်ဟု ဆုံးဖြတ်ခဲ့သော NLD ၏ လုပ်ရပ်ကို အထူးပင် ကြိုဆိုကြောင်း ပြောဆိုသည်။

"ကျွန်တော်ဟာ ပါတီဝင်တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ NLD က ခုလို မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တာကို အရမ်း ဝမ်းသာအားရ ဖြစ်ရပါတယ်။ ကျွန်တော်ဟာ အခု လွတ်လပ်စွာ ရေးသားခွင့် ရရှိဖို့ တိုက်ပွဲဝင်နေပါတယ်" ဟု ဆိုသည်။

"စစ်အစိုးရအနေနဲ့ ဖြေရှင်းရမယ့် အရေးကိစ္စတွေက အများကြီးပါ။ နယ်စပ်ဒေသ စောင့်တပ် ဖွဲ့စည်းရေး၊ NLD ပါတီအရေး၊ အာဏာခွဲဝေရေး စတဲ့ ကိစ္စတွေပါပဲ။ အခက်အခဲတွေက ကျွန်တော်တို့တင် မကပါဘူး။ သူတို့လည်း ရင်ဆိုင်နေရတာပါ။ သူတို့က ပိုတောင် ပိုဦးမယ်။ ကျွန်တော့်အထင် ပြောရရင် ဒီနှစ်ထဲ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ် မထင်မိပါဘူး" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

Mizzima သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment