Transparency Myanmar

transparency.myanmar@gmail.com

DVB, 8th March 2010

          အမေရိကန် ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် အမေရိကန် ပြည်ထောင်စုက မြန်မာ အစိုးရအပေါ် ထိတွေ့ ဆက်ဆံရေး မူဝါဒ အပြောင်းအလဲတွင် ရှေ့ဆုံးက ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၀၃ ခုနှစ်ကတည်းက တွေ့ဆုံခဲ့သော လက်တဆုပ်စာ သံတမန် ဦးရေတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

          ၎င်းသည် DVB သို့ အမေရိကန်တို့ မူဝါဒ ပြောင်းရန် ကြေညာပြီးကတည်းက မြန်မာအစိုးရ၏ တိုးတက်မှု မရှိပုံများအတွက် ဝါရှင်တန်၏ စိတ်ကျေနပ်မှု မရရှိခြင်းအား ပြောကြားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိသော ပြောဆိုချက်များသည် တိုင်းပြည်အတွက် မျှော်လင့်ချက်များပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေး - ခင်ဗျားရဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ မြန်မာနိုင်ငံ ခရီးစဉ် ပြီးကတည်းက မြန်မာအစိုးရနဲ့ ဆက်ဆံရေး မှာ ဘာတိုးတက်မှုတွေ ရှိပါသလဲ။

Kurt Campbell - ပြီးခဲ့တဲ့ နိုဝင်ဘာလ ကျွန်တော်တို့ရဲ့ စူးစမ်း လေ့လာရေး ခရီးစဉ်မှာ တိုင်းပြည်တွင်းက နိုင်ငံရေး အဖွဲ့တွေ၊ စစ်တပ်က ပုဂ္ဂိုလ်တွေနဲ့ လူမှု အဖွဲ့အစည်းများက ပလေယာတွေနဲ့ တွေ့ဆုံခဲ့ရတဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ အစိုးရကို ကျွန်တော်တို့ အကြံဥာဏ် အချို့ ပေးခဲ့ပါတယ်။ အဲဒါတွေကို ပလေယာ အမျိုးမျိုးနဲ့ ဆွေးနွေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း ဒေသတွင်းက အဓိက ပလေယာတွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့လည်း စကား ပြောခဲ့ပါတယ်။ ဥပမာအားဖြင့် နောက်ထပ် လှမ်းမယ့် အနီးဆုံး ခြေလှမ်းအတွက် လုပ်ငန်းစဉ်တွေအကြောင်း ပြောခဲ့ပါတယ်။ မြန်မာ အစိုးရကိုလည်း ကျွန်တော်တို့ ပေးတဲ့ အကြံဥာဏ်များနဲ့ ပတ်သက်ပြီး ထင်မြင် ယူဆချက်တွေ ပေးဖို့ အခွင့်အရေး ပေးလိုပါတယ်။ ကျွန်တော်တို့ စိတ်ရှည် သည်းခံမှုကို ပြဖို့ လိုပါတယ်။ ဒါပေမယ့်လည်း နေပြည်တော်က အစိုးရ အနေနဲ့ ရှေ့ဆက်ရမယ့် ခရီးစဉ်မှာ လမ်းညွှန်မှုတွေ ပေးဖို့လည်း လိုတယ်ဆိုတာ အားလုံး သဘောပေါက်ပါတယ်။

မေး - နိုဝင်ဘာ ပြီးကတည်းက  မြန်မာအစိုးရ အနေနဲ့ ခင်ဗျားတို့ လိုချင်တဲ့ ဦးတည်ရာ လမ်းကြောင်း သွားနေပြီ ဆိုတဲ့ လက္ခဏာတွေ တွေ့ရလား။

K.C - အခုထိတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို စိတ်ပူ စေရမယ့် လက္ခဏာ အချို့ကိုတော့ တွေ့ရတယ်။ တိုင်းရင်းသား အဖွဲ့အချို့နဲ့ နယ်စပ်မှာ ဖြစ်ပေါ်တဲ့ ကိစ္စတွေဟာ ကျွန်တော်တို့ကို စိုးရိမ်မှုတွေ ဖြစ်စေပါတယ်။ သူတို့ရဲ့ ဖမ်းဆီးမှုအချို့နဲ့ လှုပ်ရှားမှုတွေဟာ လာမယ့် ရွေးကောက်နဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် ပြည်တွင်း တွေ့ဆုံဆွေးနွေးမှု ဖန်တီးပေးရမယ့် လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက် လားရာကို သွားနေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါကို သုံးသပ်ရမယ် ဆိုရင် အချို့ နေရာလေးတွေမှာ အသက်ကြီးတဲ့ နိုင်ငံရေးသမား အနည်းငယ် လွှတ်ပေးတာတို့ စတဲ့ တိုးတက်မှု အနည်းငယ်ပဲ ရှိတဲ့ နည်းတူ တစ်ချိန်တည်းမှာ ကျွန်တော်တို့ကို အမှန်တကယ် စိုးရိမ်ပူပန်မှု ဖြစ်စေတဲ့ ခြေလှမ်း အချို့ကိုလည်း တွေ့နေရပါတယ်။

မေး - မြန်မာနဲ့ ဆက်ဆံရေး မပြုမီက ခင်ဗျား ပြောခဲ့တယ်။ ဒီလုပ်ငန်းစဉ်ဟာ ကြာမယ်။ နာကျင်မှုတွေ ရှိမယ်။ တစ်ဆင့်ချင်း သွားရမယ့် လုပ်ငန်းစဉ် ဖြစ်တယ်ဆိုတာ။ အခု ခင်ဗျား ထင်ထားတာထက် ပိုကြာမယ့် လုပ်ငန်းစဉ် တစ်ခုလို့ရော မခံစားမိဘူးလား။

K.C - မဟုတ်ပါဘူး။ ကျွန်တော်တို့က ဖြစ်လာနိုင်တာတွေကို ပြင်ဆင်ဖို့ အတွက်ပါ။ ကျွန်တော် ထင်တယ်။ အမေရိကန် ပြည်ထောင်စုအတွက် အဓိက ကတော့ ကျွန်တော်တို့ ပြောမယ်။ ကျွန်တော်တို့ မူအတိုင်းပဲ ပြောမယ်။ ကျွန်တော်တို့ တန်ဖိုးထားတာ။ မိတ်ဆွေတွေ အတွက် ပြောမယ်။ ဒီလုပ်ငန်းစဉ်မှာ စိတ်ရှည်တာကို ပြဖို့နဲ့ မဆုတ်မနစ် လုပ်နေဖို့ပဲ လိုပါတယ်။ တစ်ညထဲနဲ့ ပြောင်းသွားမယ့် အခြေအနေ မဟုတ်ပါဘူး။ အနောက်နိုင်ငံ မိတ်ဆွေများ အနေနဲ့ကတော့ မဟာဗျူဟာ ကျပြီး ဥာဏ်နီဥာဏ်နက်တွေနဲ့ ချဉ်းကပ်မှု လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် အရင်ပြောခဲ့တဲ့ စကားအတိုင်း နာကျင်မယ်၊ ခက်ခဲမယ်၊ စိန်ခေါ်မှုတွေ ရှိမယ်။ ထင်တာထက် ပိုကြာနိုင်တယ်လို့ ပြောပါမယ်။

မေး - မြန်မာနိုင်ငံမှာ အပေါင်းလက္ခဏာ ဆောင်တဲ့ ပြောင်းလဲမှုတွေ တွေ့ရဖို့ ဘယ်လောက် စောင့်ရလိမ့်မယ်လို့ ခင်ဗျား ထင်သလဲ။

K.C - ကျွန်တော် မဖြေနိုင်ပါဘူး။ မသိပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး ဆက်ဆံရေးကနေ ရတဲ့ အကျိုးတွေကတော့ ရလဒ် အကောင်းအဆိုး အများကြီး ပြန်ရတတ်ပါတယ်။ တစ်ဖက်လူ ဘာတွေ စဉ်းစားတယ်ဆိုတာ သိအောင် ကြိုးစားနိုင်လာတဲ့ အကျိုးတွေ ရပါတယ်။ ကျွန်တော်တို့က ဒီလိုမျိုး သူဘာတွေ စဉ်းစားတယ်ဆိုတာ မှန်းဆရခက်တဲ့ အစိုးရမျိုးတွေနဲ့ အချိန် အကြာကြီး ဆက်ဆံခဲ့ရဖူးပါတယ်။ ကျွန်တော်တို့ နျူကလီယာ ပြန့်ပွားရေးနဲ့ ဆိုင်တဲ့ စိုးရိမ်ရတဲ့ သတင်း စကားတွေကို ပြောပြနိုင်ခဲ့ပါတယ်။ ဥပမာအားဖြင့် မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး လိုဟာမျိုးတွေပေါ့။ နောက်ပြီး တိုင်းပြည်တွင်း သွားမယ့် လမ်းကြောင်း အတွက် ဆွေးနွေးဖို့ ပါတီတွေ အားလုံး မျက်နှာစုံညီ စုခေါ်ပြီး ပြည်တွင်း တွေ့ဆုံဆွေးနွေးမှု အတွက် ဖြစ်နိုင်တဲ့ လမ်းကြောင်းတွေကို ချပြနိုင်ခဲ့တယ်။ အမေရိကန်နဲ့ အပြန်အလှန် ဆက်ဆံရေးကနေ ရမယ့် အခွင့်အရေးကို အသုံး ချသင့်ပြီး၊ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ချပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ရမယ့် ခရီးမှာ ကျွန်တော်တို့ အချက်ပြမှုတွေ၊ လမ်းညွှန်မှုတွေ လိုအပ်ပါလိမ့်မယ်။

မေး - ရှေ့ဆက်ရမယ့် လမ်းကြောင်းဟာ အစိုးရရဲ့ အခုနှစ် လှုပ်ရှားမှုတွေပေါ်မှာ အရမ်း မူတည်နေတယ်လို့ ခင်ဗျား ပြောခဲ့တယ်။ အဲဒါကို အကျယ်ချဲ့ ပြောပေးပါဦး။

K.C - အသေးစိတ်တော့ မပြောလိုပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာတစ်ခုက ပလေယာတွေ ကြားထဲမှာ ပြည်တွင်း တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်မယ့် ပတ်ဝန်းကျင် ဖန်တီးဖို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ အရှင်းဆုံး တစ်ခုက နယ်စပ်ဒေသတွေမှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ ကျွန်တော်တို့ကို စိုးရိမ် ပူပန်မှုတွေ ဖြစ်စေပါတယ်။ ကျွန်တော်တို့ ယုံကြည်တာ တစ်ခုက အခု တိုင်းရင်းသား အဖွဲ့တွေနဲ့ သူတို့ကို ကိုယ်စားပြုသူတွေဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှာ အရေးကြီးတဲ့ ကဏ္ဍက ကပြကြရလိမ့်မယ် ဆိုတာပါပဲ။ အဲဒါအပြင် ဖော်ပြဖို့ လိုတဲ့ အရေးကိစ္စတွေ ရှိနေပါသေးတယ်။ စီးပွားရေး ကိစ္စတွေကအစ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ အဆုံး ကိစ္စရပ်တွေ အများကြီးပါ။ ဒါပေမဲ့ ဒီပုံမှန် မဟုတ်တဲ့ ခရီးရှည်ကြီးမှာ အမှန်တရားကတော့ အခြေခံ အကျဆုံး ခြေလှမ်းက စကြရမှာ ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ မဆုတ်မနစ်သော လုံ့လနဲ့ အခြားနိုင်ငံများနဲ့ အုပ်စုဖွဲ့နိုင်မယ်ဆိုရင် ရှေ့ဆက်ရမယ့် မှန်ကန်တဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း တွေ့ရလိမ့်မယ် ဆိုတာပါပဲ။

မေး - အမေရိကန်က မြန်မာအစိုးရနဲ့ ဆက်ဆံဖို့ စီစဉ်တော့ မြန်မာ အတိုက်အခံအဖွဲ့တွေ ကြားမှာ စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ သူတို့ကို ဘာပြောလိုပါသလဲ။

K.C - ပထမဆုံး ပြောလိုတာက၊ အရေးအကြီးဆုံးက ကျွန်တော်တို့ရဲ့ အရေးယူ ပိတ်ဆို့မှု မူဝါဒနဲ့ ကုလသမဂ္ဂနဲ့ အခြားမှာရှိတဲ့ အရေးကိစ္စတွေပေါ်မှာ ကျွန်တော်တို့မူနဲ့ ရပ်တည်ချက်တွေကို ပြန်ပြီး ညှိနှိုင်းတာ မလုပ်ပါဘူး။ တသမတ်တည်း အဲဒီလို ရပ်တည်နေမှာပါ။ အဲဒါကိုလည်း အစိုးရ ကိုယ်စား လှယ်တွေနဲ့ တွေ့တဲ့ အခါတွေမှာ ပြောပြပြီဖြစ်ပါတယ်။ နံပတ်နှစ်အချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တုန်းက သူမကလည်း ကျွန်တော်တို့ဘက်က အစပြုခဲ့တာကို ကြိုဆိုပါတယ်။ မှန်ကန်တဲ့ ချဉ်းကပ်မှုလို့ ထင်တယ်လို့ ပြောပါတယ်။ အခုအချိန်မှာ လုပ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး အားဆေး တစ်ခုလည်း ဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ တတိယအုပ်စုကရော တိုင်းရင်းသား အဖွဲ့များကပါ NLD ကတောင် ဆက်ဆံမှုကို ကြိုဆိုတော့ ယုံကြည်မှု ပိုရှိလာပါတယ်။ NLD က စိုးရိမ်ပူပန်မှု အချို့ကို ဖော်ပြလာပါသေးတယ်။ အမှန်တရားကတော့ ကျွန်တော်တို့ တိုင်ပင်ဖို့ လိုပါတယ်။ သေချာ နားထောင်ဖို့ လိုပါတယ်။ ပြီးမှ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် သေချာ အကဲဖြတ်ပြီး အတွေ့အကြုံဟောင်းတွေနဲ့ ပေါင်းစပ်ပြီး ဒီအချိန်မှာ ချဉ်းကပ်ဖို့ အသင့်တော်ဆုံးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

မေး - အခု ရွေးကောက်ပွဲမှာ အမေရိကန်က ဘယ်နေရာက ပါလဲ။

K.C - ဒီကိစ္စမှာတော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားပါတယ်။ အခု အခြေအနေနဲ့ တိုင်းပြည်တွင်းမှာ ရွေးကောက်ပွဲဟာ ရလဒ်ကောင်းတွေ ရနိုင်လိမ့်မယ် ဆိုတာကို သံသယ ရှိနေပါတယ်။ သေချာတာ တစ်ခုက အစိုးရကတော့ အစက ပြန်ပြီး စမှာ မဟုတ်တော့ဘူး။ ဆန္ဒခံယူပွဲကတောင် တရားမဝင်ဘူးလို့ တချို့က ပြောနေကြတယ်။ လူတိုင်း စိုးရိမ်နေတဲ့ အချက်တွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ပြည်တွင်း တွေ့ဆုံဆွေးနွေးပွဲမျိုး လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ အဓိကပါတီတွေ အတူတကွ ဆုံပြီး စိုးရိမ်တာတွေအတွက် အကောင်းဆုံး လုပ်ငန်းစဉ်ဆိုတာကို အစိုးရကလည်း ယုံကြည်မှု အပြည့်နဲ့ စသင့်တယ်လို့ ထင်ပါတယ်။

မေး - ခင်ဗျား ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်နာရီလောက် ဆွေးနွေးခဲ့တယ် ဆိုတော့ သူမနဲ့ ဘာတွေ ဆွေးနွေးခဲ့ပါသလဲ။

K.C - အသေးစိတ် ပြောဖို့မသင့်ဘူး ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာကတော့ သူမဟာ ကျွန်တော် တွေ့ဖူးသမျှထဲမှာ ချီးကျူးလောက်စရာ အကောင်းဆုံး တစ်ယောက်ပါပဲ။ သူမမှာ ကိုယ့် ကိုယ်ကို ယုံကြည်မှု၊ တည်ငြိမ်မှု၊ ကြီးမားစွာ ရှိပါတယ်။ သူမဟာ လူတိုင်းရဲ့ လေးစားမှု၊ အောင်မြင်မှု ရလောက်ပါပေတယ်။ ကျွန်တော် သူမကို မချီးကျူးဘဲ မနေနိုင်တဲ့ အချက်ကတော့ မြန်မာနိုင်ငံ အကြောင်း အများကြီးသိတာကိုလည်း မဟုတ်ဘူး။ ကမ္ဘာ့ပတ်ဝန်းကျင်အကြောင်း သိနေတာကိုလည်း မဟုတ်ဘူး။ အဲဒါတွေဟာ သူမကို အထီးကျန် ထားတဲ့ကြားက သိနေတာ။ ကျွန်တော် ချီးကျူးတာက သူမဟာ သူတစ်ပါးရဲ့ ခံစားချက်နဲ့ အခြေအနေကို နားလည်နိုင်တာနဲ့ သူမကို ဖမ်းထားတဲ့ သူတွေကို နားလည်နိုင်တာကိုပါပဲ။ သူမဟာ လူသားချင်း ကိုယ်ချင်းစာနိုင်တဲ့ စိတ်အပြည့်နဲ့ သူမကို အထီးကျန်ထားတဲ့ ဗိုလ်ချုပ် တွေရော လူတွေကိုရော ခွင့်လွှတ်နိုင်ခဲ့ပါတယ်။ ကျွန်တော် Nelson Mandela ကို လေးစားခဲ့တုန်းက သူဟာ Robben Island မှာ သူ့ကို ဖမ်းထားတဲ့ လူတွေကိုရော လူဖြူအစိုးရအပေါ်ကိုပါ ထားခဲ့တဲ့ သူ့ရဲ့ နူးညံ့တဲ့ စိတ်ထားကို သွားပြီး သတိရစေခဲ့ပါတယ်။ ဒါဟာ သူမရဲ့ စိတ်အခံ အားကောင်းပြီး နူးညံ့တဲ့ စိတ်ဓာတ် ရှိတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

မေး - တစ်နေ့မှာ သူမနဲ့ အလုပ်လုပ်မယ်လို့ မျှော်မှန်းထားလား။

K.C - မှန်တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော် ပြောရမယ်ဆိုရင် ရှေ့ကို ဆက်ရမယ့် ခရီးဟာ ရှုတ်ထွေး မယ်။ စိန်ခေါ်မှုတွေ ရှိမယ်ဆိုတာပါပဲ။ သူမနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ အလုပ်လုပ်ဖို့ မျှော်မှန်း ထားပါတယ်။ သူတို့နဲ့တင် မကပါဘူး။ အစိုးရ အဖွဲ့ထဲက လူတွေနဲ့လည်း အလုပ်လုပ်ဖို့ ပြင်ဆင်ထားပါတယ်။

မေး - မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေရော ဘာတွေ ရပါသေးသလဲ။

K.C - အချို့ အချက်တွေက သိပ်ကို သိမ်မွေ့တော့ အသေးစိတ် မဆွေးနွေးနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော်တို့ကို စိုးရိမ်မှုတွေ ဖြစ်စေတဲ့ သူတို့ရဲ့ စစ်ရေးနဲ့ အခြား ဆက်ဆံရေးတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အချိန်နဲ့ စိုးရိမ်စရာတွေကို ရှင်းရှင်းလင်းလင်း သိပါတယ်။

မေး - နျူကလီယာ ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး မစိုးရိမ်ဘူးလား။

K.C - ကျွန်တော်တို့ အမြဲတမ်း ပူပန်နေရတဲ့ အကြောင်းအရာ တစ်ခုပါပဲ။ အဲဒီကိစ္စ ရှေ့ဆက် လုပ်နေတာတွေနဲ့ ပတ်သက်ပြီး အထူး ဂရုစိုက်ပြီး ကြည့်နေပါတယ်။

မေး - မြန်မာနိုင်ငံနဲ့ ပတ်သက်လာတော့ ခင်ဗျားတို့ရဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေးကရော ဘယ်လို ရှိပါသလဲ။

K.C - မြန်မာနိုင်ငံကို ထောက်ခံ ကူညီနေတဲ့ အဓိက နိုင်ငံအချို့ ရှိပါတယ်။ သူတို့ အားလုံးနဲ့ သေချာစွာ စကားပြောပြီး ဆွေးနွေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ တရုတ်၊ ထိုင်း၊ စင်္ကာပူနဲ့ အိန္ဒိယနိုင်ငံ တို့ဟာ မြန်မာနိုင်ငံတွင်းမှာ တိုက်ရိုက် ပတ်သက်နေတဲ့ အဓိက ပလေယာတွေ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သေချာခွဲခြားပြီး ပြောရရင်တော့ တရုတ်နဲ့ အိန္ဒိယနိုင်ငံ တို့ပါပဲ။ အဲဒီနှစ်နိုင်ငံနဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ချင်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တရုတ် မိတ်ဆွေတွေဟာ တွေ့ဆုံမှုတွေဟာ စိတ်ပါလက်ပါ ရှိတာကို တွေ့ရပါတယ်။ သူတို့ဟာ နယ်စပ်ဒေသတွေမှာ မတည်ငြိမ်တာကို တွေ့ချင်လိမ့်မယ် မထင်ဘူး။ မြန်မာနိုင်ငံတွင်းမှာ ပြုပြင် ပြောင်းလဲမှုတွေကို ငြိမ်းချမ်းစွာ လုပ်ဆောင် ထားတာကိုပဲ သူတို့ နှစ်သက်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။

မေး - နောက်ဆုံးတစ်ခု မေးလိုပါတယ်။ မြန်မာ ပြည်သူပြည်သားတွေကို ဘာသတင်းစကား ပါးလိုပါသလဲ။

K.C - မျှော်လင့်ချက်တွေ ရပ်တန့် မပစ်လိုက်ပါနဲ့လို့ ပြောလိုပါတယ်။ ကျွန်တော် ဟီလာရီကလင်တန်နဲ့ စကားပြောတုန်းက သူမအနေနဲ့ ရှေ့ဆက်ပြီး ဖိအားပေးသွားမယ်လို့ ပြောတော့ ကျွန်တော်အတော် အားတက်သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူနဲ့ ဆုံးဖြတ်ချက်တွေဟာ ကြီးကျယ်တဲ့ စေ့ဆော်ပေးတဲ့ အချက်တွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အကောင်းဆုံး ကြိုးစားသွားပါမယ်လို့ ပြောလိုပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment