Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား နိုင်ငံမှ လာသော ရထားတစ်စီးသည် ဧပြီလ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ နယ်စပ်မြို့သို့ ဆိုက်ရောက်လာရာ အာဏာရှင် ကွန်မြူနစ် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် အိမ်နီးချင်း တရုတ်ပြည်သို့ လာရောက် လည်ပတ်ခြင်း ဖြစ်နိုင်သည် ဟူသော ထင်မြင် သုံးသပ်ချက်များလည်း ထွက်ပေါ်လာခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာနများက ရေးသား ဖော်ပြသည်။ သို့သော် ကင်ဂျုံအီလ် အနေဖြင့် တရုတ်ပြည်သို့ အမှန်တကယ် ခရီး သွားရောက်ခြင်း ရှိ၊ မရှိ ဟူသည်ကို မည်သူမျှ အတည်မပြုနိုင်သေးပေ။

မြောက်ကိုရီးယားနိုင်ငံ နျူကလီယာ လက်နက် တပ်ဆင်မှု အစီအစဉ်များ အဆုံးသတ်ရေး အတွက် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းပွဲသို့ ပြန်လည် ဝင်ရောက်ရန် အမေရိကန် ပြည်ထောင်စု၊ တရုတ်နှင့် အာရှဒေသတွင်း အင်အားကြီး နိုင်ငံများက ဖိအားပေးနေခြင်းကြောင့် မစ္စတာ ကင်ဂျုံအီလ် တရုတ်ပြည်သို့ သွားသည့်ကိစ္စမှာ ဖြစ်နိုင်ခြေ ရှိသည်ဟု ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ၊ Yonhap သတင်းဌာနက မြောက်ကိုရီးယားမှ လာသော အထူးရထား တစ်စီးသည် တရုတ်နိုင်ငံ၊ Dandong မြို့သို့ ဧပြီလ ၃ ရက်နေ့ နံနက် အာရုံကျင်းချိန်တွင် ရောက်ရှိလာကြောင်း အမည် မဖော်လိုသော တောင်ကိုရီးယား အစိုးရ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြရေးသားသည်။ အဆိုပါ အရာရှိ၏ အဆိုအရ အထူးရထားတွင် မစ္စတာ ကင်ဂျုံအီ လိုက်ပါလာနိုင်ကြောင်း (သို့မဟုတ်) အထူးရထားသည် ရှေ့ပြေး ခရီးစဉ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

သို့သော် ဧပြီလ ၄ ရက်၊ တရုတ်နိုင်ငံမှ ရသော သတင်းကို Yonhap သတင်းဌာနက ကိုးကား ဖော်ပြရာ၌ အဆိုပါ မီးရထားသည် ကုန်ပစ္စည်းများသာ တင်ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုပြန်သည်။ အခြားသော တောင်ကိုရီးယား မီဒီယာများ ဖြစ်သော YTN ရုပ်သံဌာနနှင့် JoongAng Ilbo သတင်းစာကလည်း မြောက်ကိုရီးယား ကုန်ရထားတစ်စင်း တရုတ် နိုင်ငံသို့ ဆိုက်ရောက်လာသည်ဟု ရေးသား ဖော်ပြကြသည်။

သတင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ရသည့် အခြားသော အကြောင်းကိစ္စမှာ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းအေဂျင်စီက ခေါင်းဆောင်ကြီး ကင်သည် အနုပညာ သရုပ်ပြပွဲ တစ်ရပ်သို့ တက်ရောက်ခဲ့သည်ဟု ထုတ်ဖော်ခဲ့၍ပင် ဖြစ်သည်။ သို့သော် အနုပညာ သရုပ်ပြပွဲ တက်ရောက်သည့် အချိန်နှင့် နေရာတို့ကို အတိအကျ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ သို့အတွက်ကြောင့် တောင်ကိုရီးယား ထိပ်တန်း မီဒီယာက ကင်ဂျုံအီလ် ထင်ကြေးပေး ရေးသားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား သမ္မတရုံးတော်မှ ထွက်ပေါ်လာသော သတင်းများအရ ကင်ဂျုံအီလ် တရုတ်ပြည်သို့ သွားရောက် လည်ပတ်မည့် ကိစ္စမှာ လွန်စွာ ဖြစ်နိုင်ခြေ ရှိကြောင်း သိရသည်။ ယခုအခါ အသက် ၆၈ နှစ် အရွယ်ရှိပြီ ဖြစ်သော မစ္စတာ ကင်ဂျုံအီလ်သည် ပြည်ပသို့ခရီး သွားရောက်လာခြင်း မရှိသလောက် နည်းပါးသည်။ ၂၀၀ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်ပြည်သို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် လေသင်တုန်း ရောဂါ ခံစားခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သေးသည်။

တောင်ကိုရီးယား၏ ပင်မလျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့ ဖြစ်သော အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIS) က မြောက်ကိုရီးယား ခေါင်းဆောင် တရုတ်ပြည်သို့ သွားရောက်နိုင်ခြင်း ရှိ၊ မရှိ ဟူသော ကိစ္စကို စုံစမ်း ထောက်လှမ်းနေခဲ့ကြောင်း ပြောကြားသည်။

ကင်ဂျုံအီလ် ခရီးသွားလာရာတွင် လုံခြုံရေးကို အလွန်အမင်း တင်းကြပ်မှုများ ပြုလုပ်လေ့ ရှိသည်။ မစ္စတာကင် ပါဝင်သော မီးရထားသည် အခြားသော ရထားနှစ်စင်းဖြင့် အတူ ခုတ်မောင်းတတ်သည်။ ရှေ့က ရထားတစ်စီးက ရထားလမ်းများ အန္တရာယ် ကင်းရှင်းမှုရှိ၊ မရှိကို သိနိုင်ရန် ဦးစွာ ခုတ်မောင်းပြီး မစ္စတာကင် စီးနင်းသော ရထားနောက်မှ နေ၍ နောက်ထပ် ရထားတစ်စင်းက လိုက်လေ့ ရှိသည်။ နောက်ရထားတွင် လုံခြုံရေးတပ်ဖွဲ့များ အပြည့် လိုက်ပါလေ့ ရှိကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီများ၏ ပြောကြားချက်ကို ကိုးကားပြီး Chosun Ilbo သတင်းစာက ရေးသား ဖော်ပြသည်။

မစ္စတာ ကင်ဂျုံအီလ် စီးနင်းသော ရထားသည် လက်နက် အပြည့်အစုံ တပ်ဆင်ထားပြီး အစည်းအဝေး ခန်းမများ၊ ဧည့်ခံ ခန်းမများ၊ အိပ်ခန်းများ၊ နံရံကပ် တီဗီများနှင့် ခေတ်မီ ဆက်သွယ်ရေး စနစ်များ၊ အရေးကြီးကိစ္စများ သိရှိနိုင်ရေးနှင့် အရေးကြီး အမိန့်များ ထုတ်ပြန်နိုင်ရေးအတွက် ဂြိုလ်တု ဆက်သွယ်ရေးဖုန်းများ ပါဝင်သည်ဟု အဆိုပါ သတင်းစာ အဆိုအရ သိရသည်။

မစ္စတာ ကင်ဂျုံအီလ်သည် နိုင်ငံတကာနှင့် ဆက်ဆံရာတွင် သဘောထား တင်းမာမှုနှင့် လိုက်လျောမှု မူဝါဒနှစ်မျိုး ကျင့်သုံးတတ်သူ ဖြစ်ရာ ယခုတစ်ကြိမ်တွင် တရုတ် အစိုးရက ကမကထ ပြုကျင်းပသော လက်နက် ဆွေးနွေးပွဲ စကားဝိုင်းသို့ ပြန်လည် ဝင်ရောက်မည်ဟု ကတိစကားကို သံတမန်ရေး လက်ဆောင်အဖြစ် ပေးကောင်း ပေးလာနိုင်သည်။ အကြောင်းမှာ မြောက်ကိုရီးယား နိုင်ငံအတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေသော စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် စီးပွားရေး အကျပ်ရိုက်မှု များအတွက် တရုတ်ပြည်မှ အကူအညီ အထောက်အပံ့ ရယူနိုင်ရေးအတွက် ဖြစ်သည်။

မစ္စတာ ကင်ဂျုံအီလ် ခရီးစဉ်နှင့် ပတ်သက်၍ ထင်ကြေးပေး ပြောဆိုမှုများ ဧပြီ လဆန်းပိုင်းတွင် ထွက်ပေါ်လာရခြင်းမှာ တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ၏ သံတမန်ရေးရာ အစီအစဉ်များကြောင့် ဖြစ်သည်။

တရုတ်သမ္မတ ဟူဂျင်းတောင်းသည် နျူကလီယာ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ဧပြီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဧပြီလ ၉ ရက်နေ့တွင် မြောက်ကိုရီးယား ပါလီမန် အစည်းအဝေးကို ကျင်းပ ပြုလုပ်ရန် စီစဉ်ထားသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment