Transparency Myanmar

transparency.myanmar@gmail.com

IPS, By Larry Jagan, 7th April 2010

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အဖျား ဒီဂရီ တက်နေပြီ ဖြစ်သည်။ မြန်မာ အစိုးရသည် ရွေးကောက်ပွဲ အတွက် ပြင်ဆင်သောအားဖြင့် လှမ်းတော့မည့် ခြေလှမ်းများကို ပြင်ဆင်နေပြီ ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ရွေးကောက်ပွဲကို လက်ခံလာအောင် နိုင်ငံရေး အကျဉ်းသမားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေးကို ပြင်ဆင်နေခြင်း စသည်ဖြင့် ဖြစ်သည်။

ထိုသို့ ပြင်ဆင်နေခြင်းများသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာ အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးရန် စီစဉ်လျက် ရှိရာ နာမည်ကြီး နိုင်ငံရေးသမားများလည်း ပါဝင်ကြောင်း စစ်တပ်မှ အကြီးတန်း ပုဂ္ဂိုလ်များထံမှ လာသော သတင်းများက ဆိုသည်။ "အားလုံးကို သင်္ကြန်ပြီးရင် ထုတ်ပြန် ကြေညာတော့မှာပါ" ဟု မြန်မာ အစိုးရ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

မေလဆန်းတွင် စစ်တပ် အိမ်စောင့် အစိုးရ တစ်ခု ဖွဲ့စည်းမည် ဖြစ်ပြီး ရွေးကောက်ပွဲ ပြီးသည်အထိ အုပ်ချုပ်မည် ဖြစ်ကာ ရွေးကောက် တင်မြှောက်ခံရမည့် အရပ်သား အစိုးရသို့ အာဏာ လွှဲပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ အစိုးရ ကျောထောက် နောက်ခံပြု နိုင်ငံရေး ပါတီကိုလည်း မြန်မာ နှစ်သစ်ကူး အပြီးတွင် ဖွဲ့စည်းသွားမည် ဖြစ်သည်။ ထို့နောက် ရာပေါင်း များစွာသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသွားရန် ရှိကြောင်း ၎င်းကပင် ဖြည့်စွက် ပြောကြားခဲ့သည်။

သို့သော် ရန်ကုန်မှ လူအများစုကတော့ သံသယများ ရှိနေဆဲ ဖြစ်သည်။ "ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" ဟု အငှားယာဉ် မောင်းသူ မင်းသူက ပြောသည်။ "ဗမာပြည်က သူများနဲ့ မတူဘူး။ တစ်မျိုးဗျ။ ကျွန်တော်တို့ သမ္မတ တစ်ယောက် ရဦးမယ်လေ။ ရုပ်သေး သမ္မတပေါ့" ဟု အသက် ၂၈ နှစ်ရှိ ကျောင်းဆရာ ဦးမောင်မောင်သိမ်းက ပြောသည်။

စစ်တပ် အိမ်စောင့် အစိုးရတွင် ဝန်ကြီး ၁၇ ဦးသာ ရှိမည် ဖြစ်ကြောင်း စစ်တပ်မှ လာသော သတင်းများက ဆိုသည်။ အချို့ လက်ရှိ ဝန်ကြီးများသည် အိမ်စောင့် အစိုးရတွင် ဆက်လက် ပါဝင်မည် ဖြစ်သော်လည်း အများစုမှာ လက်ရှိ ရာထူးမှ အငြိမ်းစားယူကာ နိုင်ငံရေး လောကသို့ ဝင်ရောက်ကြမည် ဖြစ်သည်။

လက်ရှိ ဝန်ကြီးချုပ်သည် အငြိမ်းစား ယူမည်ဟု မျှော်လင့်ရပြီး မကြာမီက အတွင်းရေးအား ပြောကြားရာတွင် သင်္ကြန် မတိုင်မီ ယခုနေသော အစိုးရ အိမ်မှ ပြောင်းရွှေ့မည် ဖြစ်ကြောင်း သိရှိရသည်။

ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦး နှင့် စိုက်ပျိုးရေး ဝန်ကြီး ဗိုလ်ချုပ် ဌေးဦးတို့ အပါအဝင် လက်ရှိ ဝန်ကြီး ၁၂ ဦးခန့်သည် နိုင်ငံရေး လောကသို့ ဝင်ရန် လက်ရှိ ရာထူးမှ ထွက်ကြမည်ဟု မျှော်လင့်ရသည်။ ဗိုလ်ချုပ်များတွင် နံပါတ် ငါး အဆင့်ရှိသူ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေမှာ ကြားဖြတ် အစိုးရ အုပ်ချုပ်ရေးတွင် ဝန်ကြီးချုပ် ဖြစ်လာရန် သေချာသလောက် ရှိသည်ဟု သိရှိရသည်။

"ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ အတော် များများကို ပြီးခဲ့တဲ့လက နေပြည်တော်ကို ခေါ်သွားပြီး ထရိန်နင် ပေးနေတယ်" ဟု ချင်းမိုင်မှ မြန်မာ့ အရေး ကျွမ်းကျင်သူ ဝင်းမင်းက IPS သို့ ပြောသည်။ အချို့အား ကြားဖြတ် အစိုးရတွင် တာဝန်ပေးမည် ဖြစ်ကာ အချို့ကို နိုင်ငံရေး လောကသို့ ဝင်ခိုင်းမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အသစ် ထွက်ပေါ်လာမည့် ပါလီမန် နှစ်ခုတွင် ၂၅ % သော နေရာမှာ စစ်သားများ အတွက် ချိန်ထားပြီး ဖြစ်သည်။ ထို့ကြောင့် တပ်မတော် အရာရှိ ၂၀၀ ခန့်သည် ပါလီမန် အမတ်များ ဖြစ်လာမည် ဖြစ်သည်။ ထို့အပြင် ပြည်နယ်၊ တိုင်း လွှတ်တော် ၁၄ ခုတွင်လည်း စစ်သားမှ နိုင်ငံရေးသမား အဖြစ် ပြောင်းထားသူများသာ နေရာယူ ကြလိမ့်မည်ဟု ယူဆရသည်။

စစ်သား တစ်ထောင်ကျော်ခန့်သည် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တာဝန်ယူနေသော ကျောင်းတွင် တက်ရောက်နေကြရသည်။ "သူတို့ကို နိုင်ငံရေး လောကထဲ ဝင်ရင် အဆင်သင့် ဖြစ်အောင် ပါလီမန် လုပ်ထုံးလုပ်နည်းတွေနဲ့ အရပ်ဘက် လုပ်ထုံးလုပ်နည်းတွေကို သင်ကြားပေးနေပါတယ်" ဟု ဝင်းမင်းက ပြောသည်။

သုတေသနပြုသူ တစ်ဦးက အချို့ အငြိမ်းစား ယူထားသော အရာရှိများကို မေးမြန်းထားချက်များ အရ အများစုသည် စစ်တပ်မှ ခဏ သွား၍ နိုင်ငံရေးတွင် သွားရောက် တာဝန် ထမ်းဆောင်ရန် ကိစ္စကို ဝမ်းမသာကြဟု ဆိုသည်။ ပါလီမန် သက်တမ်း တစ်ခု အပြီး ငါးနှစ် အကြာတွင် စစ်တပ်သို့ ပြန်သွားရလိမ့်မည်ဟု မျှော်လင့်ကြသော်လည်း၊ စစ်တပ်တွင် ရာထူးတိုးရေး ကိစ္စများတွင် ကျန်ခဲ့မည်ကို စိုးရိမ်နေကြသည်။

နိုင်ငံရေး လောကသို့ ဝင်ရန် လေ့ကျင့်ပေးမှု အတွက် မိမိ မသွားရောက်ခဲ့ကြောင်း ဗိုလ်မှူးကြီး တစ်ဦးက တိုးတိုးတိတ်တိတ် ပြောသည်။ "စစ်တပ်မှာ နေရင် တစ်နေ့မှာ ဗိုလ်ချုပ် ဖြစ်လာမှာ"  ဟု ၎င်းက ပြောသည်။

လက်ရှိ အချိန်တွင် ဒီမိုကရက်တစ် ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ စသည့် ပါတီများသည် ပါတီ မှတ်ပုံတင် ကြပြီး ဖြစ်သည်။ ရွေးကောက်ပွဲတွင် အစိုးရ၏ နောက်ခံပြုမည့် အဓိက ပါတီဟု ယူဆရမည့် ပြည်ထောင်စု ကြံ့ခိုင်ရေး အသင်းမှာမူ ယခုအထိ ပါတီ ဖွဲ့စည်းခြင်း မရှိသေးပေ။

အဆိုပါ အသင်းကြီး၏ ခေါင်းဆောင် စိုက်ပျိုးရေး ဝန်ကြီး ဗိုလ်ချုပ် ဌေးဦးက သံတမန်များသို့ မကြာခဏ ပြောကြားရာတွင် ၎င်းသည် မကြာမီ နိုင်ငံရေးသမား တစ်ဦး ဖြစ်လာတော့မည်ဟု ဆိုသည်။ ၎င်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အတွင်းလူ ဖြစ်ပြီး ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာမည့် အရပ်ဝတ် လဲထားသော အစိုးရတွင် ၎င်းက ဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဟု ထင်ကြေး ပေးခြင်း ခံရသူ ဖြစ်သည်။ (ထိုအစိုးရတွင် ဝန်ကြီးချုပ် မရှိပါ။ အယ်ဒီတာ)  

NLD သည် ရွေးကောက်ပွဲတွင် မပါဝင်တော့သောကြောင့် ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ပြီး၊ အများ လက်ခံလိမ့်မည် မဟုတ်ဟု ဝေဖန် သုံးသပ်သူများက ပြောကြသော်လည်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ ထိုသို့ ဖြစ်ရန် ရည်ရွယ်ခဲ့ပုံ ရသည်။

ပြီးခဲ့သည့် မတ်လကုန်က NLD ပါတီသည် ရွေးကောက်ပွဲ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်အား မပါဝင်နိုင်အောင် ပြုလုပ်ထားသည်ဟု ဆိုကာ ပါတီအဖြစ် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။

"အစိုးရရဲ့ အဓိက ရည်ရွယ်ချက်ကတော့ NLD ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ကို ရွေးကောက်ပွဲမှာ မပါနိုင်အောင် မိန်းမဆန်ဆန်  သူရဲဘောကြောင်တဲ့နည်းနဲ့ လုပ်ထားတာ ရှင်းပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ စာအုပ်ရေးသူ Justin Wintle က ပြောသည်။

"ဥပဒေက အတိုက်အခံအတွက် ခက်ခဲတဲ့ အခြေအနေကို ဖြစ်စေပါတယ်" ဟု အာဆီယံဆိုင်ရာ အမေရိကန် သံအမတ် Scot Marciel က ပြောသည်။

နိုင်ငံရေး အကျဉ်းသားများကို မေလမှာသာ လွှတ်ပေးခြင်းဖြင့် အစိုးရ အနေဖြင့် ဆက်လက် အသာစီးရရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မျှော်လင့်ပုံ ရသည်။ ယခုအခါ လွှတ်ပေးမည့် နိုင်ငံရေး အကျဉ်းသား စာရင်းကို ၎င်းထံ တင်ပြထားပြီး ဖြစ်ကြောင်း နေပြည်တော်မှ လာသော သတင်းများ အရ သိရှိရသည်။

လွှတ်ပေးမည့် စာရင်းတွင် NLD မှ ပုဂ္ဂိုလ် အချို့ ပါဝင်မည် ဖြစ်ပြီး၊ အများစုမှာ တိုင်းရင်းသား သူပုန်များ၊ ၁၉၈၈ အရေးအခင်းတွင် ပါဝင်ခဲ့သူများနှင့် ထောက်လှမ်းရေးမှ အရာရှိဟောင်းများ ပါဝင်သည်ဟု ဆိုသည်။ နာမည်ကြီး လူရွှင်တော် ဇာဂနာမှာလည်း လွှတ်ပေးဖွယ် ရှိပြီး၊ အဓိက တိုင်းရင်းသား ခေါင်းဆောင်များတွင် ရှမ်းခေါင်းဆောင် ခွန်ထွန်းဦးလည်း ပါဝင်ဖွယ် ရှိကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အချို့ လွတ်လာမည့် နိုင်ငံရေး အကျဉ်းသားများ ရွေးကောက်ပွဲ ဝင်ခြင်းဖြင့် အားလုံး ပါဝင်သော ရွေးကောက်ပွဲ အဖြစ် အမှတ်ယူရန် မျှော်လင့်ပုံ ရသည်။ သို့သော် မြန်မာနိုင်ငံရေး သုံးသပ်သူ တစ်ဦးက IPS သို့ ပြောကြားရာတွင် မြန်မာများသည် သူများ ပြောတိုင်း ယုံလွယ်သူများ မဟုတ်ကြောင်း၊ အစိုးရကို ပြစ်ဒဏ်ခတ်ကြဦးမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် တွေ့မြင်ကြရလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment