Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က မိမိတို့အနေဖြင့် စစ်အစိုးရ၏ ကမ်းလှမ်းချက်ဖြစ်သော နယ်ခြား ဒေသစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကို ဆက်လက် ပယ်ချသွားမည်ဖြစ်ကြောင်း ပြည်သူ့ရေးရာ ဖိုရမ်ပြုလုပ်၍ ထုတ်ဖော်ကြေညာလိုက်သည်။

အဆိုပါ ဖိုရမ်ကို ဧပြီလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လူပေါင်း တစ်ထောင်ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။ စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှု အထမမြောက်သေးသရွေ့ နယ်ခြားဒေသစောင့်တပ် ဖွဲ့စည်းရေးကို လက်သင့်ခံမည် မဟုတ်ဟု KIA ကဆိုသည်။

အဆိုပါဖိုရမ်သည် KIA အဖွဲ့က မြန်မာစစ်တပ်ကို ခုခံတိုက်ခိုက်ရန် တပ်သားအင်အား ၈၀၀၀ ခန့်ဖြင့် အသင့်ပြင်ဆင်ထားပြီ ဟူသော သတင်း ပေးပို့ချက်များနှင့်အတူ ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာစစ်တပ် ဘက်ကလည်း မြောက်ပိုင်း ကချင်ပြည်နယ်ဒေသတွင် စစ်စခန်းများ တိုးချဲ့ဖွင့်လှစ်ကာ တပ်များဖြန့်ကျက်ထားသည်ဟု သတင်းပေးပို့ချက်များ ထွက်ပေါ်လျက် ရှိသည်။

မြန်မာစစ်တပ်သည် ပြီးခဲ့သည့် မတ်လက ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားရှိ ဘောလုံးကွင်းအတွင်း အရပ်သားများကို စစ်သင်တန်းများ ပို့ချခဲ့သည်။ ပြည်သူ့စစ်တပ်သား များအဖြစ် သင်တန်းများ ပို့ချခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

မြန်မာစစ်တပ်သည် KIA အား နယ်ခြားဒေသစောင့် တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ၎င်း၏ လက်အောက်တွင် တရားဝင် ရပ်တည်ရန် ဆယ်ကြိမ်ထက် မနည်းတောင်းဆိုခဲ့သည်။ သို့သော် ယင်းကမ်းလှမ်းချက်သည် KIA အား မြန်မာစစ်တပ်၏ လက်အောက်ငယ်သား ဘဝသို့ သွတ်သွင်း ခြင်း ဖြစ်သည်ဟု အများစုက ရှုမြင်ကြသည်။

KIA က စစ်တပ်နှင့် စေ့စပ်ညှိနှိုင်းရေး ပြီးမြောက်မှု မရှိပါက နယ်ခြား ဒေသစောင့်တပ်အဖြစ် လုံးဝပြောင်းလဲမည် မဟုတ်ကြောင်း၊ KIA ၏ နိုင်ငံရေး အဖွဲ့အစည်းခွဲတစ်ခု ဖြစ်သော KIO (ကချင်လွတ်လပ်ရေးအဖွဲ့) အနေဖြင့် မြန်မာ့နိုင်ငံရေးတွင် ပါဝင်နိုင်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်း ထုတ်ဖော်ထားသည်။

အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင်တပ်ဖွဲ့များ နယ်ခြား ဒေသစောင့်တပ်အဖြစ် နောက်ဆုံးထား ပြောင်းလဲဖွဲ့စည်းရမည့်နေ့ကို ဧပြီလ ၂၈ ရက်နေ့အဖြစ် စစ်အစိုးရက သတ်မှတ် ပေးခဲ့သည်။

အဆိုပါသတ်မှတ်နေ့ကို ကျော်လွန်သွားပါက စစ်အစိုးရက ၎င်းတို့ကို တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် သတ်မှတ် ဖော်ပြလာဖွယ်ရှိသည်။ "နယ်ခြား ဒေသစောင့်တပ် ဆိုတာ အသွင်ကူးပြောင်းရေးဖြစ်စဉ်ရဲ့ အင်မတန်သေးငယ်တဲ့ အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က KIA တင်မကပါဘူး။ KIO အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရကို ဒီထက်ပိုပြီး ကြီးမားကျယ်ပြန့်တဲ့ အနေအထားမျိုး မြင်စေချင်တာ။ ကျွန်တော်တို့အနေနဲ့ KIO ကို အသွင်ကူးပြောင်းဖို့ အသင့်ဖြစ်နေပါပြီ။ KIA လည်း အချိန်ကျရင် လိုက်လုပ်မှာပါ" ဟု KIA စစ်ရေးချုပ် Gun Maw က RFA သတင်းဌာနသို့ ပြောကြားသည်။

နယ်ခြား ဒေသစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကို ဆန့်ကျင်သော မည်သည့် အပစ်အခတ်ရပ်စဲရေး အဖွဲ့မဆို အင်အားသုံး ဖြေရှင်းမှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်ဟု မြန်မာစစ်တပ်က ခြိမ်းခြောက်ထားရာ နှစ်ကာလ အတော်ကြာ ရယူထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပျက်ပြားတော့မည့် အနေအထားတွင် ရှိသည်။

လက်ရှိအနေအထားတွင် တပ်ဖွဲ့ဝင်အင်အား သုံးသောင်းခန့်ရှိသည့် ညီညွတ်သော ဝပြည်ပါတီ (UWSA) အဖွဲ့အပါအဝင် အပစ်အခတ်ရပ်စဲရေးအုပ်စု ၁၈ စုသည် နယ်ခြား ဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကို ငြင်းပယ်ထားဆဲပင် ဖြစ်သည်။

ကချင်ပြည်သူ အမြောက်အမြားထံမှ ရရှိသော နယ်ခြားစောင့်တပ် ကူးပြောင်းဖွဲ့စည်းရေး ဆန့်ကျင်စာ များစွာကို ဖတ်ရှုပြီး Gun Maw က AP သတင်းဌာနသို့ ယခုလို ပြောပါသည်။

"တကယ်လို့ စစ်အစိုးရကသာ စစ်ရေးနဲ့ ဖြေရှင်းမယ့်လမ်းကို ရွေးမယ်ဆိုရင် အဲဒါဟာ သူတို့အတွက် ဧရာမ အမှားကြီးတစ်ခု ဖြစ်သွားလိမ့်မယ်" ။ ယခု ဧပြီလဆန်းပိုင်းတွင် ကချင်ပြည်နယ် KIA ဌာနချုပ်များ အခြေစိုက်ရာသို့ မြန်မာစစ်တပ်ဘက်မှ ထရပ်ကား အစီး ၁၀၀ ခန့် ဦးတည်သွားရောက်ခဲ့သည်။ KIA ဌာနချုပ် အနီး တပ်များကို ဖြန့်ကျက်ထားရန် ရည်ရွယ်ချက်ဖြင့် စေလွှတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။

DVB သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment