Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, Wai Moe, 20 Apr 2010

United Wa State Army (UWSA) သည် အင်အား ၂၀၀၀၀ ခန့်ရှိ အကြီးဆုံးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်ပြီး အစိုးရ၏ နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရေး အစီအစဉ်ကို လက်မခံဘဲ ခိုင်မာစွာ ရပ်တည်နေသော အဖွဲ့တစ်ခုဖြစ်ပါသည်။

အစိုးရသည် ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲများကို အစိုးရတပ်လက်အောက် နယ်ခြားစောင့်တပ် အဖြစ်ဖွဲ့စည်းရန် ယခုကြာသပတေးနေ့ နောက်ဆုံးရက် သတ်မှတ်ပေးထားပါသည်။

သတင်းများအရ United Wa State Army (UWSA) ခေါင်းဆောင်ပိုင်းသည် ၎င်းတို့၏ အနာဂတ် BGF  အစီအစဉ်နှင့် ပတ်သက်၍ မကြာမီက ဆွေးနွေးခဲ့ရာ အစိုးရ၏ အစီအစဉ်ကို လက်မခံရန် ထပ်မံ ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

ဝ ဥက္ကဌ ပေါက်ယူချမ်းသည် BGF အစီအစဉ်နှင့် ပတ်သက်၍ အစိုးရထံ စာနှစ်စောင် ပေးပို့ခဲ့ပါသည်။ သို့သော် အစိုးရက စာနှစ်စောင်လုံးကို ပယ်ချခဲ့ကြောင်း၊ ဝ ခေါင်းဆောင်များကလည်း မည်သည့် အကြောင်းနှင့်မျှ အလျှော့မပေးရန် ဆုံးဖြတ်ခဲ့ကြောင်း တိုင်းရင်းသားများအရေးကို စောင့်ကြည့်နေသော ရှမ်းသံတော်ဆင့် သတင်းအေဂျင်စီမှ အယ်ဒီတာ  Saengjuen Sarawin က ပြောကြားခဲ့ပါသည်။

အချို့ ဝခေါင်းဆောင်များက ယုံကြည်သည်မှာ အစိုးရ၏ BGF အစီအစဉ်ကို သဘောမတူ၍ လက်မခံဟု ပြောမည့် အစား အခြားနည်းလမ်းများကို ဖော်ပြသင့်သည်ဟု Sarawin က ဆိုပါသည်။

အဆိုပါ စဉ်းစားပုံ နည်းလမ်းကို ဝ များထံမှ သာမက နယ်စပ်ရှိ အခြားအဖွဲ့များထံမှလည်း ထိုနည်းလမ်းကို ပြောလာကြကြောင်း၊ Sarawin က ညှိနှိုင်းမှုများတွင် တရုတ်ပါဝင်ပတ်သက်မှုများကို ညွှန်းဆို၍ ပြောဆိုခဲ့ပါသည်။

သို့သော် အစိုးရကမူ တိုင်းရင်းသားအဖွဲ့များအား ဧပြီလ ၂၂ ရက်နောက်ဆုံးထား၍ BGF အစီအစဉ်ကို အပြောင်းအလဲ မရှိ လက်ခံရန် သတ်မှတ်ထားပြီး၊ ထိုအစီအစဉ်နှင့် ပတ်သက်၍ ဝ များနှင့် ထပ်မံ ညှိနှိုင်းရလိမ့်မည် မဟုတ်ဟု သိရှိရပါသည်။

တိုင်းရင်းသားအဖွဲ့များသည် အဆိုပါ အရေးကိစ္စအား ငြိမ်းချမ်းစွာနှင့် နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ပြောကြားကြသော်လည်း ယခုအခါ ၎င်းတို့သည် အဆိုးဆုံးကို ပြင်ဆင်လျက်ရှိကြပါသည်။

သတင်းများ အဆိုအရ ဝ ရော ၎င်း၏ မဟာမိတ် မိုင်းလားအခြေစိုက် National Democratic Allliance Army (NDAA) တို့သည် ဧပြီလ မတိုင်မီကတည်းက ဖြစ်လာနိုင်သည့် ကဋိပက္ခအတွက် ၎င်းတို့၏ လုပ်ချုပ်ရေး ဝန်ထမ်းများကို စတင်ရွှေ့ပြောင်းခဲ့သည်ဟု သိရှိရပါသည်။

ယခုအခါ တိုင်းရင်းသားအဖွဲ့များသည် ၎င်းတို့၏ စစ်တပ်များအား အကယ်၍ အစိုးရက စစ်ရေးအရ တိုက်ခိုက်လာပါက နယ်မြေအား ကာကွယ်နိုင်ရန် အသင့်ပြင်ထားကြပါသည်။

တချိန်တည်းမှာပင် အစိုးရကလည်း ကြာသပတေးနေ့ နောက်ဆုံးရက်တွင် တိုင်းရင်းသားများက လက်မခံခဲ့ပါက ရင်ဆိုင်ရန် ပြင်ဆင်ထားပုံရပါသည်။

တောင်ပိုင်းရှမ်းပြည်သို့ သွားရာလမ်းပေါ်ရှိ သာစည်မြို့မှ လူများ၏ပြောပြချက်အရ စစ်သားများ တင်ဆောင်ထားသော ကားများ ရှမ်းပြည်သို့ တက်သွားကြောင်း၊ ဝ တပ်များကို ရင်ဆိုင်ရန်ဖြစ်မည်ဟု ယူဆရကြောင်း သိရှိရပါသည်။

ရန်ကုန်မြို့ရှိ စစ်တပ်အသိုင်းအဝိုင်းမှ လာသော သတင်းများအရ တိုင်းရင်းသား လက်နက်ကိုင်များကို ဧပြီ ၂၈ ရက်တွင် စတင်တိုက်ခိုက်နိုင်သည်ဟု စစ်တပ်အတွင်း ကောလဟာလ ဖြစ်လျက်ရှိသည်ဟု ဆိုပါသည်။

အစိုးရသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ ဧရိယာအတွင်းရှိ ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကြပ်ထားပြီး၊ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက်ရှိ စီးပွားရေးနှင့် ဒေသခံများအား အစိုးရက စိတ်ဓါတ်စစ်ဆင်ရေးများ ပြုလုပ်လျှက် ရှိသည်ဟု သိရှိရပါသည်။

"အကယ်၍ ဝ တွေက နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံရင် မြန်မာစစ်တပ်က ငါးရက်နဲ့ အပြတ်ချေမှုန်းပစ်မှာလို့ အစိုးရလူတွေက မူဆယ်မှာ ပြောနေကြတယ်" ဟု တရုတ်- မြန်မာ နယ်စပ်အခြေစိုက် မြန်မာစစ်ရေး ကျွမ်းကျင်သူ အောင်ကျော်ဇောက ပြောပါသည်။

" ဒါပေမယ့် ဒါကတော့ ဝ နဲ့ အခြားတိုင်းရင်းသား အဖွဲ့တွေကို ခြိမ်းခြောက်တာပါ။ အစိုးရအဖို့ စစ်ပွဲတစ်ခု လုပ်ရတာ လွယ်တာမှ မဟုတ်တာ။ စစ်ပွဲကြောင့် ကိုယ့်ကိုယ်ကိုရော၊ တရုတ်နဲ့ ဆက်ဆံရေးကိုပါ ထိခိုက်နိုင်ပါတယ်" ဟု ၎င်းက ပြောပါသည်။

ဧပြီလ ၁၇ ရက်နေ့သည် United Wa State Army (UWSA) ဖွဲ့စည်းသည့် ၂၁ နှစ်မြောက်နေ့ ဖြစ်ပါသည်။ (UWSA) ကို ဝများက ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်လာပြီး ဖွဲ့စည်းခြင်းဖြစ်ပြီး၊ နောက်ပိုင်းအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပါသည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း နှစ်ပတ်လည်နေ့များကို တရုတ်- မြန်မာနယ်စပ်ရှိ ၎င်းတို့၏ ဌာနချုပ် ပန်ဆန်းတွင် အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါသည်။

၂၀၀၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က အနှစ်နှစ်ဆယ်မြောက် နှစ်ပတ်လည်နေ့တွင် (UWSA) ဦးစီးချုပ်လည်းဖြစ်၊ ဝ ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော United Wa State Party ဥက္ကဌလည်း ဖြစ်သူ ပေါက်ယူချမ်းက ၎င်းတို့အား ထောက်ခံသူ ထောက်ခံသူ ထောင်ပေါင်းများစွာသော လူအများရှေ့တွင် ပို၍ ခိုင်မာညီညွတ်သော ဝ ပြည်ထောင်စု တည်ဆောက်ရန် ကတိပြုခဲ့ပါသည်။

သို့သော် ယခုနှစ်တွင် ဝ နှင့် ၎င်း၏ မဟာမိတ်များသည် အစိုးရနှင့် BGF ကိစ္စကြောင့် ပဋိပက္ခ ဖြစ်ရန် အလားအလာများကြောင့် ဝ ခေါင်းဆောင်များသည် ပြီးခဲ့သည့် အပတ်က နှစ်ပတ်လည် အခမ်းအနား ကျင်းပခြင်း မရှိခဲ့ကြပါ။

"အစကတော့ ဝ တွေက နှစ်ပတ်လည်အခမ်းအနားတွေလုပ်မလို့ဘဲ။ ဒါပေမယ့် သူ့မဟာမိတ်တွေနဲ့ တပ်တွေပြင်ဆင်နေရလို့ မလုပ်ဖြစ်တော့ဘူး" ဟု Sarawin က ပြောပါသည်။

ပြီးခဲ့သည့် အပတ်က ကချင်ပြည်နယ်၊ ဖားကန့်တွင် KIA ပြောက်ကျားတပ်များနှင့် မြန်မာတပ်များအကြား သေနပ်ပစ်မှု ဖြစ်ပွားခဲ့ပါသည်။

ကချင်ဘက်မှလာသော သတင်းများအရ အဆိုပါ ပစ်ခတ်မှုမှာ မိနစ်အနည်းငယ်သာ ကြာကြောင်း၊ မြန်မာတပ်များကချင် KIA နယ်အတွင်းသို့ ဖြတ်သွားသောကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

KIA သည်လည်း UWSA နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်များနည်းတူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသေးသူများတွင် ပါဝင်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment