Transparency Myanmar

transparency.myanmar@gmail.com

Latimes.com, By Mark Magnier, 22nd April 2010

ဘန်ကောက်မြို့လယ် စီးပွားရေး ရပ်ကွက်တွင် ဗုံး ၅ လုံး ပေါက်ကွဲခဲ့ရာ ရဲအရာရှိများက အဆိုပါ ဗုံးသည် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ သိမ်းပိုက်ထားသည့် ပန်းခြံ တစ်ခု အတွင်းမှ စတင် မြစ်ဖျားခံခြင်း ဖြစ်သည်ဟု ပြောကြားနေသော်လည်း 'ရှပ်နီ' များကမူ တာဝန်ရှိသည် ဆိုခြင်းကို ငြင်းပယ်ထားကြောင်း သိရှိရသည်။

လူတစ်ဦး သေဆုံး၍ ၇၅ ဦး ဒဏ်ရာရခဲ့သော ကြာသပတေးနေ့က ဘန်ကောက် စီးပွားရေး ရပ်ကွက် ဗုံးပေါက်ကွဲမှုသည် ရှေ့မတိုး နောက်မဆုတ် နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားနေသော ထိုင်းနိုင်ငံ မြို့တော်တွင် ၂ ပတ် အတွင်း ဒုတိယ အကြိမ် အဖြစ် လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ထောက် ဝန်ကြီးချုပ် ဆူသက်သောင်ဆူဘန်က နိုင်ငံတဝှမ်းမှ ရုပ်သံ ပရိသတ်များကို ပြောကြားရာ၌ ဟိုတယ် တစ်ခု အနီးတွင် တစ်လုံး၊ ဆီးလုံလမ်း ဘဏ်တိုက် အနီးတွင် တစ်လုံး ပေါက်ကွဲခဲ့သော M – 79 လက်ပစ်ဗုံးများသည် ဆန္ဒပြသူများ သိမ်းပိုက်ထားသည့် ဘန်ကောက် ပန်းခြံ အတွင်းမှ မြစ်ဖျားခံသည် ဆိုသည်။ သို့ရာတွင် မည်သူတွင် တာဝန်ရှိကြောင်း အတိအကျ မပြောနိုင်သေးဘဲ ရှုပ်ထွေးနေဆဲ ဖြစ်သည်။

"ထိခိုက်ဒဏ်ရာ ရသူတွေကို ကျွန်တော်တို့ အစိုးရက ဝမ်းနည်းစကား ပြောကြားလိုပါတယ်" ဟု ပြောဆိုခဲ့သော 'ဆူသက်' က လုံခြုံရေး အတွက် ပြည်သူများအား ထိုနေရာမှ ထွက်ခွာပေးရန် တောင်းဆိုခဲ့ပြီး "နောက်ထပ် ပဋိပက္ခတွေ ထပ်ဖြစ်လာမှာ စိုးရိမ်လို့ ဒီနေရာမှ လုံခြုံရေး တပ်ဖွဲ့တွေ ပိုပြီး ချသွားမှာပါ" ဟု ပြောကြားခဲ့သည်။

ရှပ်နီများဟု ကျော်ကြားသည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများသည် ဘန်ကောက်မြို့လယ် ရပ်ကွက်များကို သိမ်းပိုက်ထားကြပြီး လက်ရှိ ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားအား ရာထူးမှ နှုတ်ထွက်၊ လွှတ်တော် ဖျက်သိမ်းကာ နိုင်ငံမှ ထွက်ခွာရန် တောင်းဆိုနေကြသည်။

ကျေးလက် နှင့် အခြေခံ လူတန်းစား မြို့နယ်များမှ ရောက်ရှိလာသော ဆန္ဒပြသူများစွာသည် ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုကြောင့် ပြည်ပတွင် တိမ်းရှောင်နေသည့် ယခင် ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူများ ဖြစ်သည်။ ၎င်းတို့က အဘီဆစ် အစိုးရသည် ရေပေါ်ဆီများသာ ဖြစ်ပြီး တရားဝင် အစိုးရ မဟုတ်ကြောင်း နှင့် လူထု ဆန္ဒမဲ မပါဘဲ အာဏာရလာသူများသာ ဖြစ်သည်ဟု စွပ်စွဲထားသည်။

၎င်းတို့နှင့် ဆန့်ကျင်ဘက် အုပ်စုမှာ 'ရှပ်ဝါ' များ ဖြစ်ပြီး အဆိုပါ ရှပ်ဝါများသည် ဘုရင့် သစ္စာခံများ၊ ထိုင်းစစ်တပ် နှင့် ဆန္ဒရှိသည့်အတိုင်း အရာရာကို ထိန်းချုပ်လိုသူ နောက်ကွယ်မှ အာဏာရှင် တစ်စုနှင့် မဟာမိတ်ဖွဲ့ထားသည်။

တတိယ အုပ်စုကို ထောက်ခံသူများကမူ ရေရှည်နိုင်ငံရေး ပြဿနာ နှင့် အခြေခံ လူတန်းစား တော်လှန်မှုတို့ အပေါ် စိတ်ပါဝင်စားခြင်း မရှိဘဲ ဈေးဝယ်စင်တင်များ ပိတ်ရခြင်း၊ ခရီးသွားလုပ်ငန်း ထိခိုက် ကျဆင်းနေခြင်းနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းမှုတို့အပေါ် စိတ်မသက်မသာ ဖြစ်နေကြသည်။

ဆီးလုံလမ်းမှ ဘဏ်ဝန်ထမ်း တစ်ဦး ဖြစ်သူ အသက် ၃၀ အရွယ် ပရူချာလာဒါ သီနိုဂိုက "ပထမတော့ ကျွန်တော့်မှာ အရောင်အသွေး မရှိပါဘူး၊ အလယ်အလတ် လမ်းစဉ်သမားပေါ့ဗျာ" ဟု ဗုံးမပေါက်ကွဲမီက ပြောကြားခဲ့သည်။ "အခုတော့ သူတို့က စီးပွားရေး ရပ်ကွက်ထဲ ဝင်လာပြီး ဒီနေရာက ဝန်ထမ်းတွေကို အန္တရာယ် ပေးနေပြီ။ အခုဆိုရင် နေ့လယ်စာ ထွက်စားတာ၊ အလုပ်သွားရတာက စိန်ခေါ်မှု တစ်ခုလို ဖြစ်လာပြီ" ဟု ၎င်းက ဆိုသည်။

ကြာသပတေးနေ့ ဗုံးပေါက်ကွဲမှုသည် မိမိတို့တွင် တာဝန်မရှိဟု ရှပ်နီများက ငြင်းဆိုကြောင်း၊ ဆန္ဒပြ ခေါင်းဆောင် နာတာဝပ်ဆိုင်ကူး ပြောကြားသည့် အတိုင်း Channel – 7 ရုပ်သံလိုင်းက ထုတ်လွှင့်သွားသည်။

နိုင်ငံအား နိုင်ငံခြားငွေ အများဆုံး ရှာဖွေ ပေးနေသော ထိုင်းခရီးသွား လုပ်ငန်းသည် ၂၀၀၉ ခုနှစ် ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP ၆.၅ % အထိ စွမ်းဆောင်ခဲ့သည်။ အဆိုပါ ခရီးသွား လုပ်ငန်း စီးပွားရေးသည် ယခုအခါ အကြီးအကျယ် ပျက်စီးတော့မည်ဟု ဘဏ္ဍာရေး ဝန်ကြီး ကွန်ချာတီ ကာဗန်နစ်က လောလောဆယ် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment