Transparency Myanmar

transparency.myanmar@gmail.com

Asia News, 22nd April 2010

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် မြန်မာ အစိုးရက ၎င်း၏ အင်အားကို တောင့်တင်းအောင် ပြုလုပ်နေသည်မှာ KIA တပ်ဖွဲ့ကို ဧပြီ ၂၈ ရက် နောက်ဆုံးထား၍ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းရန် ရာဇသံပေးခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက ကချင် တပ်ဖွဲ့မှာ မတရားသင်း ကြေညာခံရဖွယ် ရှိသည်။ မြစ်ဆုံ ရေကာတာ တည်ဆောက်ရေးခွင်၌ ဗုံးပေါက်ကွဲမှုကြောင့်လည်း တင်းမာမှုများ ကြီးထွားလာခဲ့သည်။ မည်သူက စပစ်မည် ဆိုသည်ကို ပြည်သူများက စောင့်ကြည့်နေကြကြောင်း Asia News ထံ အောက်ပါအတိုင်း သတင်း ပေးပို့ လာသည်။

တရုတ်နိုင်ငံနှင့် နယ်စပ် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် စစ်ရိပ် စစ်ငွေ့များ သန်းနေသည်။ မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းတွင် ဗုံးများ အတွဲလိုက် ပေါက်ကွဲခဲ့ခြင်းနှင့် မြန်မာ အစိုးရက KIA ကို နယ်ခြားစောင့်တပ် ဖွဲ့စည်း အသွင်ပြောင်းရန် ရာဇသံ ပေးထားမှုတို့ကြောင့် တင်းမာမှုများ ဆက်လက် ကြီးထွားနေသည်။ ပထမဆုံး ပစ်ခတ်မှုကို မည်သူက စမည် ဆိုသည်ကို ပြည်သူတို့က စောင့်ကြည့်နေကြောင်း ပြည်တွင်း သတင်းရပ်ကွက်က Asia News သို့ ပြောကြားသည်။

နယ်ခြားစောင့်တပ် အဖြစ် ပူးပေါင်းရန် ကချင် စစ်ခေါင်းဆောင်များက ငြင်းဆန်ပါက KIA ကို တရားမဝင် အဖွဲ့အစည်း အဖြစ် သတ်မှတ်ရန် အဆင်သင့် ရှိသည်ဟု မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ပြောကြားထားသည်။ အသွင်ပြောင်း ပူးပေါင်းရေး အတွက် နောက်ဆုံး သတ်မှတ်ရက်မှာ ဧပြီ ၂၈ ရက် ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် မြန်မာ စစ်တပ်မှ ကုန်တင်ယာဉ် ၁၀၀ ခန့်သည် KIA ဌာနချုပ် အနီးသို့ ရွှေ့ပြောင်းနေပြီး ပဋိပက္ခ အတွက် အဆင်သင့် ပြင်ဆင်နေသည်ကို တွေ့ရသည်။

ကချင် တပ်ဖွဲ့၏ နိုင်ငံရေး အဖွဲ့ဖြစ်သော KIO ကို မြန်မာ့ နိုင်ငံရေးတွင် သိသိသာသာ နေရာပေးခြင်း မရှိပါက နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းမည် မဟုတ်ဟု KIA က ငြင်းဆန်ထားသည်။ ယခုနှစ် ရွေးကောက်ပွဲများ မကျင်းပမီ KIO က ဤအချက်ကို အလိုရှိနေခြင်း ဖြစ်သည်။

ဧပြီ ၂၈ ရက်တွင် KIA က နယ်ခြားစောင့်တပ် အဖြစ် ပူးပေါင်းခြင်း မရှိပါက တရားမဝင် အဖွဲ့အဖြစ် ကြေညာရန် မြန်မာ စစ်တပ်က အဆင်သင့် ရှိနေပြီး တင်းမာမှုများ လျင်မြန်စွာ ကြီးထွားနေသည်ဟု ဒေသ သတင်းများက ဆိုသည်။ နှစ်ဖက် တပ်ဖွဲ့များ ထိပ်တိုက်တွေ့မည့် အနေအထား ရှိသည်ဟု ဆိုသည်။

မြစ်ကြီးနား ဒေသခံများက ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ကို ကြိုက်နှစ်သက် ကြသော်လည်း ယခု နောက်ပိုင်းတွင် မြန်မာ စစ်ဖက် အစိုးရကို ရင်ဆိုင်ရန် ခိုင်မာသော ဖွဲ့စည်းမှု ချို့တဲ့နေသည်ဟု သိရသည်။

ပြီးခဲ့သော စနေနေ့တွင် မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း နယ်မြေကို လှုပ်ခါ သွားစေခဲ့သော အတွဲလိုက် ဗုံးပေါက်ကွဲမှုများက သတိပေး တပ်လှန့်မှု အဆင့်ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။

တည်ဆောက်ရေးခွင်၏ တောင်ဘက် ၁၀ ကီလိုမီတာ အကွာရှိ လုံကာဇွပ် ကျေးရွာမှ အေရှားဝေါ ကုမ္ပဏီရုံးတွင် ဗုံးများ ပေါက်ကွဲခဲ့သလို အနီးအနား ရွာများတွင် ဗုံးအများစု ပေါက်ကွဲခဲ့ပြီး အတည်မပြုနိုင်သေးသော သတင်းများအရ တရုတ် လူမျိုး ၇ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

မြစ်ဆုံ ရေလှောင်တမံသည် ပြည်မကြီး၏ အကြီးဆုံး နိုင်ငံပိုင် စွမ်းအင် ကုမ္ပဏီ China Power Investment Corporation ၊ မြန်မာ အေရှားဝေါ ကုမ္ပဏီနှင့် မြန်မာ အစိုးရ ဝန်ကြီးဌာနတို့ ပူးပေါင်း တည်ဆောက်မည့် စီမံကိန်း တစ်ခု ဖြစ်သည်။

အဆိုပါ ရေလှောင်တမံ ပြီးစီးခဲ့ပါက လျှပ်စစ်ဓာတ်အား ၃၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် မျှော်လင့်ထားပြီး တရုတ် ယူနန်ပြည်နယ်သို့ ရောင်းချမည် ဖြစ်သည်။

အဆိုပါ စီမံကိန်း၏ ရေဝပ် ဧရိယာကြောင့် ဒေသခံ ရွာပေါင်း ၆၀ ခန့်မှ လူပေါင်း ၁၅၀၀၀ ခန့်ကို ရေလှောင်တမံ၏ အထက်ဖက်သို့ အတင်းအကျပ် ရွှေ့ပြောင်းခဲ့သည်။

ယင်းစီမံကိန်းသည် Virgin Mary ရုပ်ထုနှင့် ဂူကို ပျက်ဆီးစေသည်ဟု ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။ ကချင်ပြည်နယ်တွင် ကြီးမားသော ခရစ်ယာန် အသိုင်းအဝိုင်း ရှိနေပြီး ဒေသခံ အများစုမှာ ဘုရားသခင်ကို လွန်စွာ ယုံကြည် ကိုးကွယ်သူများ ဖြစ်သည်။

ဗုံးပေါက်ကွဲမှုများ အတွက် KIO ကို မြန်မာ စစ်ဖက် အစိုးရက အပြစ်တင်ခဲ့သည်။ ကချင် အဖွဲ့အစည်းကမူ တစ်စုံတစ်ရာ ပတ်သက်မှု မရှိကြောင်း ငြင်းဆိုသည်။ ၎င်းတို့က ဤကိစ္စသည် ရေလှောင်တမံ စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်ခြင်း ဖြစ်ကြောင်း လက်ခံ အသိအမှတ် ပြုသော်လည်း အထက်ပါ အကြမ်းဖက်မှု အတွက် အစိုးရတွင်သာ တာဝန်ရှိကြောင်း ပြန်လည် အပြစ်တင်ခဲ့သည်။ တင်းမာမှုများ အလျင်အမြန် ကြီးထွားလာမှု နှင့်အတူ အကြောင်းအရာ တစုံတရာကြောင့် စစ်ပွဲ ဖြစ်ပွားလာတော့မည်ကို ဒေသခံ ပြည်သူတို့က မျှော်လင့်ထားကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment