Transparency Myanmar

transparency.myanmar@gmail.com

AFP, www.straitstimes.com , 24th April 2010

          စစ်တပ်က ရေးဆွဲသော အခြေခံ ဥပဒေသည် တည်ငြိမ် အေးချမ်းမှုကို လုံးဝ မပေးစွမ်းနိုင်ကြောင်း ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းက သက်သေ ပြနေသည်ဟု မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သူမ၏ ပါတီမှ တစ်ဆင့် သိရှိရသည်။

          ရာစုနှစ်ဝက် နီးပါး အုပ်ချုပ်ခဲ့သော မြန်မာစစ်ဖက် အစိုးရသည် လာမည့် ရွေးကောက်ပွဲများ ပါဝင်သော ဒီမိုကရေစီ လမ်းညွှန်မြေပုံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အခြေခံ ဥပဒေသစ်ကို ၂၀၀၈ က ထုတ်လုပ်ခဲ့သည်။

          အဆိုပါ ရွေးကောက်ပွဲ အစီအစဉ်များမှာ ကျယ်ပြန့်စွာ ပြစ်တင် ဝေဖန်ခြင်း ခံနေရပြီး NLD ပါတီ အနေဖြင့် ရွေးကောက်ပွဲ ဝင်မည် ဆိုပါက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရဖွယ် ရှိသောကြောင့် NLD က ရွေးကောက်ပွဲကို သပိတ် မှောက်ထားသည်။

          NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားရာတွင် စနေနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့စဉ် သူမက ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ထရာကို ထုတ်ပယ်ခဲ့သည့် ၂၀၀၆ အာဏာ သိမ်းမှု နောက်ပိုင်း ပြဿနာများစွာဖြင့် အခြေအနေ ဆိုးလာသည့် ထိုင်းနိုင်ငံ၏ အနေအထားကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

          "စစ်တပ်က ရေးဆွဲတဲ့ အခြေခံ ဥပဒေအရ အာဏာရလာတဲ့ အစိုးရသစ်ဟာ လုံးဝ တည်ငြိမ်မှာ မဟုတ်ပါဘူး" ဟု ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကား၍ ပြောဆိုသည်။ "ကျွန်မတို့ အဝေးကြီး လှမ်းကြည့်ဖို့ မလိုပါဘူး။ ထိုင်းနိုင်ငံကိုပဲ ကြည့်ပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ သက်ဆင်က ရွေးကောက် တင်မြှောက်ခံ ပုဂ္ဂိုလ်ပါ။ ရွေးကောက်ခံ ပုဂ္ဂိုလ်ဆီကနေ စစ်တပ်က အာဏာ သိမ်းတာပါ။ ပြီးတော့ စစ်တပ်ကပဲ အခြေခံ ဥပဒေကို ရေးဆွဲခဲ့တယ်လေ" ဟု သူမဟာ ထိုင်းနိုင်ငံကို သုံးသပ်သည်။

          "ဒီနောက်တော့ အစိုးရက ဘာဖြစ်လာသလဲ၊ မတည်ငြိမ်တော့ဘူးလေ၊ ဒီကိစ္စတွေက စစ်တပ်က ရေးဆွဲတဲ့ အခြေခံ ဥပဒေရဲ့ ရလဒ်ပဲ"ဟု သူမက ဆိုသည်။

          သက်ဆင်အပေါ် သစ္စာကြီးမားသည့် ရှပ်နီအုပ်စုများက လက်ရှိဝန်ကြီးချုပ် အဘီဆစ်ပဲ့ ဂျာဂျီဗား နုတ်ထွက်ပေးရန် တောင်းဆိုနေသော ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပြဿနာများအပေါ် ဒေါ်အောင်ဆန်းစုကြည်က မှန်ကြောင်း၊ မှားကြောင်း ထင်မြင်ချက် မပေးခဲ့ဟု ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment