Transparency Myanmar

transparency.myanmar@gmail.com

နိုင်ငံရေး တင်းမာ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေခဲ့သော ဘန်ကောက် မြို့တော်တွင် ဧပြီလ ၂၃ ရက်နေ့က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရမှာ မိမိ လုံခြုံရေးအတွက် ထိုင်းလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူးကပ်စွာ နေထိုင်လျက် ရှိကြောင်း ထိုင်းပြည်တွင်း မီဒီယာများက ရေးသား ဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ်သည် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အစိုးရ ထိပ်ပိုင်း အရာရှိကြီးများကို အရေးပေါ် အစည်းအဝေး ပြုလုပ်ရန် ဆင့်ခေါ်ခဲ့ရသည်။ မြို့တော် ဘန်ကောက်တွင် ဝန်ကြီးချုပ် အဘီဇစ် အစိုးရကို ဖြုတ်ချရန် အဓိက ဦးတည်သော လူထု ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် ယင်းသို့ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုင်း ဒုတိယဝန်ကြီးချုပ် Suthep Thaugsuban က လက်ပစ်ဗုံး ပစ်ခတ် တိုက်ခိုက်မှုများသည် ထိုင်း အစိုးရကို ဆန့်ကျင်သော ရှပ်နီဝတ် ဆန္ဒပြသူများ စုဝေးရာ နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း CNN သတင်းဌာနသို့ ပြောဆိုသည်။ ရှပ်နီဝတ် ဆန္ဒပြသူ များသည် အဆိုပါ နေရာတွင် တစ်ပတ်ကျော်မျှ အခြေချ နေထိုင် ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး လက်ပစ်ဗုံး ဖောက်ခွဲမှုနှင့် ပတ်သက်၍ မိမိတို့တွင် တာဝန် မရှိကြောင်း ပြောဆိုသည်။

မစ္စတာ Suthep က အစပိုင်းတွင် လက်ပစ်ဗုံး တိုက်ခိုက်မှုကြောင့် လူသုံးဦး သေဆုံးခဲ့သည်ဟု Thai Television သို့ ပြောဆိုခဲ့သော်လည်း ဘန်ကောက် အခြေစိုက် Erawan အမည်ရ အရေးပေါ် အခြေအနေနှင့် ကယ်ဆယ်ရေး ဆိုင်ရာ စင်တာက လူတစ်ဦးသာ သေဆုံးကြောင်း ထပ်မံ အတည်ပြု ကြေညာသည်။ ဒဏ်ရာရရှိသူ စုစုပေါင်းမှာ ၈၇ ဦး ဖြစ်သည်ဟု ဆိုသည်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့များနှင့် ရဟတ်ယာဉ်များကို ထိုင်းစစ်တပ်နှင့် ပူးပေါင်းပြီး ပဋိပက္ခ ဖြစ်ရာ နေရာတွင် တပ်ဖြန့်ထားကြောင်း၊ ဗုံးပေါက်ကွဲမှု ပြီးဆုံးပြီးသော်လည်း အဆိုပါ နေရာတွင် အပျက်အစီးများ အချိန် အတော် ကြာမြင့်စွာ ရှိနေသေးကြောင်း Suthep က ပြောကြားသည်။

မည်သို့ပင် အပိတ်အဆို့ အဟန့်အတားများ ရှိနေစေကာမူ ရှပ်နီဝတ် ဆန္ဒပြသူများမှာ တေးသီချင်းများ သီဆိုပြီး မိမိကိုယ်မိမိ စိတ်အား ထက်သန်အောင် ကြိုးပမ်းလျက်ပင် ရှိနေသည်ကို တွေ့ရသည်။

ရှပ်နီ ဆန္ဒပြသူများက မိမိတို့သည် ငြိမ်းချမ်းစွာ ဆန္ဒပြလျက် ရှိသည် ဟူသော အချက်ကို ထိုင်းနိုင်ငံအား သိစေလိုကြောင်း CNN သတင်းဌာနသို့ ပြောကြားသည်။ ပေါက်ကွဲမှုမှာ ရှပ်နီ ဆန္ဒပြသူများ စုဝေးရာ ဘန်ကောက်မြို့ မိုးပျံမီးရထား ဘူတာရုံတစ်ခု အနီးတွင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု အရေးပေါ် အခြေအနေများ ဆိုင်ရာ စင်တာမှ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

လက်ပစ်ဗုံး သုံးခုကို ဘူတာရုံ ခေါင်မိုးပေါ်သို့ ပစ်တင် ဖောက်ခွဲခဲ့သော်လည်း တစ်လုံးမှာ အပြင်ဘက်သို့ စင်ထွက်ပြီး ဟိုတယ်တစ်ခု အနီးတွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ အရေးပေါ်ဌာန၏ အဆိုအရ ဘန်ကောက်မြို့ရှိ ဆေးရုံများတွင် ဒဏ်ရာရသူများကို လက်ခံ ကုသပေးလျက် ရှိကြောင်း၊ အချို့မှာ ဒဏ်ရာ အနည်းငယ်သာ ရသော်လည်း အချို့မှာ အလွန်အမင်း စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း သိရသည်။

ထိုင်းရှပ်နီ ဆန္ဒပြသူများသည် ၂၀၀၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် သွေးမြေ မကျသော စစ်တပ် အာဏာ သိမ်းပိုက်မှုကြောင့် ပြည်ပြေးဘဝ ရောက်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူများ ဖြစ်သည်။ ၎င်းတို့က လက်ရှိ ဝန်ကြီးချုပ် အဘီဇစ်အနေဖြင့် အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်တစ်ရပ် ပြန်လည် ကျင်းပပေးကာ ထိုင်းနိုင်ငံမှ ထွက်သွားစေလိုသည်။

ဤအတောအတွင်းမှာပင် အဘီဇစ် အစိုးရ လိုလားသော ရှပ်ရောင်စုံဝတ် ဆန္ဒပြသူများ ကလည်း တည်ဆဲအစိုးရကို ထောက်ခံကြောင်း သဘောထား ဆန္ဒပြမှုများကို စည်းရုံး ပြုလုပ်ခဲ့ကြသေးသည်။ ဧပြီလ ၁၉ ရက်မှ စပြီး ဘန်ကောက်မြို့ ဧရာမ စီးပွားရေး ကုမ္ပဏီကြီးများနှင့် လုပ်ငန်းကြီးများ အခြေစိုက်ရာ ဒေသတွင် ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင် ၁၅၀၀ ခန့် အခြေစိုက် တပ်စွဲထားခဲ့သည်။ အဆိုပါ နေရာအနီးတွင် ရှပ်နီ ဆန္ဒပြသူများက စုဝေးနေသောကြောင့် ယင်းသို့ တပ်စွဲထားခြင်း ဖြစ်ဟန် ရှိသည်။

ဧပြီလ ၁၀ ရက်နေ့က နှစ်ဖက်သော ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားကြရာ လူပေါင်း ၂၄ ဦး သေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့ကြသည်။ ဧပြီလ ၇ ရက်နေ့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက ပါလီမန် အဆောက်အအုံကို စီးနင်း ဝင်ရောက်မှု ပြုလုပ်ခဲ့ရာ ထိုင်းဝန်ကြီးချုပ် အဘီဇစ်က အရေးပေါ် အခြေအနေ ကြေညာခဲ့ရသည်။ မစ္စတာ အဘီဇစ်က အရေးပေါ် အခြေအနေ ကြေညာရခြင်းသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိရေးနှင့် အများပြည်သူများ အကြား သတင်း အလွဲအမှားများ ပြန့်နှံ့နေမှု ရပ်တန့်ရေးအတွက် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုသည်။

ထိုင်းနိုင်ငံ၏ လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကာလအတွင်း အဘီဇစ်၏ ဒီမိုကရက်ပါတီ မဲဆွယ် စည်းရုံးရာတွင် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက လှူဒါန်းသော ဒေါ်လာ ၈ သန်းကို လက်ခံခြင်း၊ ကော်မရှင်က သတ်မှတ်ပေးသော ရန်ပုံငွေများကို လွဲမှားစွာ ကိုင်တွယ် အသုံးပြုခဲ့ခြင်းတို့ကို စုံစမ်း တွေ့ရှိခဲ့ပြီးနောက် ဒီမိုကရက်ပါတီကို ဖျက်သိမ်းရန် ပြောဆိုခဲ့သည်။ သို့အတွက်ကြောင့် လက်ရှိ အာဏာရ ပါတီအား ထိုင်းတရားရုံးချုပ်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အထူး တရားရုံးတော်က ပြန်လည် စစ်ဆေးရတော့မည် ဖြစ်သည်။ အကယ်၍ အပြစ် ထင်ရှားပါက သက်တမ်း ၆၄ နှစ် ရှိပြီ ဖြစ်သော ဒီမိုကရက်တစ် ပါတီမှာ ဖျက်သိမ်းရမည် ဖြစ်သလို ဝန်ကြီးချုပ် အဘီဇစ်လည်း ငါးနှစ်တာမျှ နိုင်ငံရေး လုပ်ကိုင်ခွင့် ပိတ်ပင်ခံရမည် ဖြစ်သည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment