Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ အဆိုးဆုံး အခြေအနေမှာ မျှော်မှန်းထားသည်ထက် လျင်မြန်စွာ ခေါင်းထောင်လာပြီ ဖြစ်ကြောင်း ကမ္ဘာစီးပွားရေး အင်အားကြီး နိုင်ငံများ (ဂျီ-၂၀ နိုင်ငံများ) မှ ဘဏ္ဍာရေး ဝန်ကြီးများက တူညီစွာ ပြောကြားသည်။

မြောက်မြားစွာသော အစိုးရ ငွေကြေးများ အမျိုးသား စီးပွားရေး လုပ်ငန်းများသို့ ထည့်ဝင်လိုက်မှုကြောင့် စီးပွားရေး နာလန်ထမှုများ ပိုမို လျင်မြန်လာသည်ကို တွေ့ရကြောင်း ဝါရှင်တန်တွင် ပြုလုပ်သော ဆွေးနွေးမှု အပြီးတွင် ဂျီ-၂၀ ဘဏ္ဍာရေး ဝန်ကြီးများက ပြောဆိုခြင်း ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Thimothy Geithner က ဂရိနိုင်ငံတွင် ဖြစ်ပေါ်နေသော စီးပွားရေး အကျပ်အတည်းအတွက် အရေးပေါ်တုံ့ပြန်မှုများ ထုတ်ဖော် ပြသခြင်းကို ကြိုဆိုမိကြောင်း ပြောဆိုသည်။ ကြွေးမြီ ထူထပ်နေသော စီးပွားရေးကို ကယ်တင်ပေးရန် ဂရိနိုင်ငံက အီးယူနှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့ကို အကူအညီ တောင်းခံခဲ့သည်။

အဆိုပါ အရေးကိစ္စအတွက် ဂရိ ဘဏ္ဍာရေး ဝန်ကြီးသည် IMF နှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားသည်။ ဧပြီ လဆန်းပိုင်းတွင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ပထမ ဘဏ္ဍာရေးနှစ် အတွင်း ဂရိနိုင်ငံအား ယူရိုငွေ ၃၀ ဘီလီယံ ချေးမည်ဟု သဘော တူညီခဲ့သည်။ နောက်ထပ် ယူရိုငွေ ၁၀ ဘီလီယံကို IMF က ချေးမည် ဖြစ်သည်။

မတူညီသော မြန်နှုန်းများ

ဝါရှင်တန်တွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ဂျီ-၂၀ နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးများက အစိုးရများ၏ စီးပွားရေး ပြန်လည် နာလန်ထူရေး ကြိုးပမ်းချက်များသည် အောင်မြင်ခဲ့ကြောင်း ပြောကြားသည်။

"ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး နာလန်ထူမှုသည် အစောပိုင်းက ကြိုတင် မျှော်မှန်း ထားသည်ထက် ကြီးမားစွာ တိုးတက်မှု ဖြစ်ထွန်းခဲ့သည်။ အကြောင်းမှာ ဂျီ-၂၀ နိုင်ငံများ၏ မကြုံစဖူး ထူးခြားသော၊ ပူးပေါင်းမှု ရှိသော မူဝါဒ (ပေါ်လစီ) များကြောင့် ဖြစ်သည်" ဟု ဂျီ-၂၀ နိုင်ငံများက
ကြေညာချက် ထုတ်ပြန်သည်။

သို့သော် အချို့သော ဖြစ်စဉ်များအတွက် ဂျီ-၂၀ နိုင်ငံများ စိုးရိမ် ပူပန်လျက် ရှိသည်။ "မတူညီသော မြန်နှုန်းများ ဒေသတစ်ခုလုံးတွင် တွေ့မြင်ရသည်" ဟု ဆိုသည်။

"ဤသို့သော အခြေအနေ၊ အနေအထားမျိုးထဲတွင် မတူညီသော မူဝါဒရေးရာ တုံ့ပြန်မှုများ လိုအပ်သည်ဟု ကျွန်ုပ်တို့ မှတ်ယူမိသည်" ဟု ကြေညာချက်က ဆိုသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Timothy Geithner က ဂျီ-၂၀ နိုင်ငံများ အကြား ပူးပေါင်းမှု ရှိသော၊ ဆုံးဖြတ်ချက် ချမှတ်ရဲသော လုပ်ဆောင်ချက် အတိုင်းအတာများ ရှိသည်ကို တွေ့ရကြောင်း၊ ဆိုလိုသည်မှာ ကမ္ဘာ့စီးပွားရေးသည် တိုးတက်မှု ရှိနေပြီး ဘဏ္ဍာရေး စနစ်ကိုလည်း ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်ကို ဆိုလိုကြောင်း ပြောကြားသည်။

ကမ္ဘာ့ စီးပွားရေး ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် နိုင်ငံများအနေဖြင့် ပြန်လည် နာလန်ထူရေးအတွက် အသုံးစရိတ်များ လျှော့ချနိုင်ရေးအတွက် ယုံကြည် စိတ်ချရသော မဟာဗျူဟာများ ချမှတ်သင့်ကြောင်း ကြေညာချက်က ဆိုသည်။

IMF အနေဖြင့် ဧရာမ ဘဏ်ကြီးများနှင့် အခြားသော ဘဏ္ဍာရေး အင်စတီကျူးရှင်းကြီးများ အပေါ် အခွန် စည်းကြပ်ရန် အဆိုပြုလွှာကို အသေးစိတ် သုံးသပ် စိစစ်ရန် ဘဏ္ဍာရေး ဝန်ကြီးများက တောင်းဆိုခဲ့ကြသည်။ ဘဏ္ဍာရေး ကဏ္ဍအနေဖြင့် ဘဏ်လုပ်ငန်း စနစ် ပြုပြင်ရေးအတွက် အစိုးရနှင့် ချိတ်ဆက်နေသော ကြားဝင် ဖြေရှင်းမှုများကို မည်သို့ မည်ပုံ ငွေကြေး ထည့်ဝင်သွားမည် ဟူသော အချက်ကို IMF က စိစစ်သုံးသပ်ရန် တောင်းဆိုခြင်း ဖြစ်သည်။

ဂရိအကျပ်အတည်း

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး တည်ငြိမ်မှုကို မည်သည့်အရာက ဖိအားပေး ခြိမ်းခြောက်ခဲ့သည် ဟူသော အချက်ကို ဂျီ-၂၀ နိုင်ငံများ ကြေညာချက်က ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။ ဂျီ-၂၀ ဆွေးနွေးပွဲတွင် ဂရိနိုင်ငံကိစ္စက အားလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့ကြောင်း BBC သတင်းထောက် Andrew Walker က ပြောကြားသည်။

အီးယူနှင့် IMF အနေဖြင့် ဂရိနိုင်ငံအတွက် ခိုင်မာသော စီးပွားရေး ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကမ်းလှမ်းချက်များနှင့် ဘဏ္ဍာရေး အကူအညီများ ပေးရန် မစ္စဆာ Timothy Geithner က တောင်းဆိုပေးသည်။

ကနေဒါ ဘဏ္ဍာရေး ဝန်ကြီး Jim Flaherty ကမူ ဂျီ-၂၀ နိုင်ငံများသည် စည်းလုံး ပူးပေါင်းမှု ရှိပြီး ဖြစ်ပေါ်နေသော အကျပ်အတည်းကို အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်း ထုတ်ဖော် ပြောဆိုသည်။

"ဒီကိစ္စဟာ ကျွန်တော်တို့ အားလုံး စိုးရိမ်ပူပန်ရမယ့် ကိစ္စတစ်ခုပါ။ ဂရိနိုင်ငံရဲ့ အခြေအနေကို ကျွန်တော်တို့တတွေ အနီးကပ် စောင့်ကြည့်နေမှာပါ" ဟု ၎င်းက ဆိုသည်။ ဂရိနိုင်ငံ၏ အရေးကိစ္စသည် ဘဏ္ဍာရေး ဈေးကွက်အပေါ် ထားရှိသည့် ယုံကြည်စိတ်ချမှုကို အောက်ခြေမှ လှိုက်စားစေသလို ဖြစ်ခဲ့ကြောင်း၊ သို့အတွက်ကြောင့် ဂရိအနေဖြင့် အစိုးရဘဏ္ဍာကို ပြန်လည် ကောင်းမွန် လာစေရေးအတွက် ယုံကြည် စိတ်ချရသော အစီအစဉ်များ ချမှတ်သင့်ကြောင်း ကနေဒါ ဘဏ္ဍာရေး ဝန်ကြီးက ဆက်လက် ပြောဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment