Transparency Myanmar

transparency.myanmar@gmail.com

Mizzima, By Mungpi, 27th April 2010

          အမေရိကန် ပြည်ထောင်စုရှိ မြန်မာ့ အသိုင်းအဝိုင်းမှ နိုင်ငံရေး လှုပ်ရှားသူများနှင့် အသိုင်းအဝိုင်းအတွင်း ခေါင်းဆောင်များက မြန်မာ အစိုးရသည် အိုဘားမား အစိုးရ၏ ဆက်ဆံရေး မူဝါဒသစ် အပေါ်တွင် အပေါင်း လက္ခဏာ ဆောင်သော တုန့်ပြန်မှုများ မရှိသောကြောင့် မြန်မာ့ စစ်ခေါင်းဆောင်များ အပေါ် ရည်ရွယ် ချမှတ်သော အရေးယူမှုများကို ဆက်လက် တိုးတက် ပြုလုပ်ရန် အမေရိကန် ဆီနိတ်တာ Richard Lugar အား တိုက်တွန်းခဲ့သည်ဟု ဆီနိတ်တာ၏ တာဝန်ခံ တစ်ဦး၏ အဆိုအရ သိရှိရသည်။

          ဆီနိတ်တာ Lugar ၏ အကြီးတန်း နိုင်ငံခြား ဆက်ဆံရေး ကော်မတီ လက်ထောက် Keith Luse က မဇ္ဈိမသို့ ပြောကြားရာတွင် မြန်မာ တိုင်းရင်းသား ခေါင်းဆောင်များသည် ဆီနိတ်တာ၏ မဲဆန္ဒ နယ်မြေ အင်ဒီယားနား ပြည်နယ်တွင် တနင်္ဂနွေနေ့က အစည်းအဝေး တစ်ခု ပြုလုပ်ပြီး၊ ၎င်းတို့၏ အမြင်ကို ထုတ်ဖော်ခဲ့ကြရာ၌ အမေရိကန် အနေဖြင့် မြန်မာစစ် အစိုးရ အပေါ် ရည်ရွယ်သော စီးပွားရေးအရ အရေးယူမှုများ ဆက်လက် ပြုလုပ်နေရမည်ဟု ဆိုသည်။

          အဆိုပါ အစည်းအဝေးသည် ပြီးခဲ့သည့် စက်တင်ဘာလက အမေရိကန် သမ္မတ Obama ချမှတ်ခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် မူဝါဒသစ်နှင့် ပတ်သက်၍ မြန်မာ အသိုင်းအဝိုင်းမှ နိုင်ငံရေး ခေါင်းဆောင်များ၏ ထင်မြင်ချက်များ ဖော်ထုတ်ရန် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း Mr Luse က ပြောသည်။

          ရီပတ်ဗလစ်ကင် ဆီနိတ်တာ Lugar သည် အဆိုပါ ကော်မတီတွင် အတိုက်အခံ ခေါင်းဆောင် အဖြစ် ထိပ်ဆုံးတွင် ရှိပြီး၊ ဥက္ကဌမှာ ဒီမိုကရက်တစ် ဆီနိတ်တာ John Kerry ဖြစ်သည်။    

          Luse ၏ အဆိုအရ အဆိုပါ အစည်းအဝေးတွင် မြန်မာ တိုင်းရင်းသား ခေါင်းဆောင် အသီးသီးက မြန်မာ အစိုးရသည် Obama အစိုးရ၏ မူဝါဒသစ်ကို အပြုသဘောဆောင်သော တုန့်ပြန်မှု မရှိသောကြောင့် ပစ်မှတ်ကို ပိုမို ထိရောက်စေသော အရေးယူမှုများ အတွက် ဆီနိတ်တာ Lugar အနေဖြင့် ပိုမို ဆက်လက် ထောက်ခံသင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဆီနိတ်တာနှင့် ကွန်ဂရက်သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံအား အရေးယူရေး နိုင်ငံတကာ ရာဇဝတ် တရားရုံးသို့ ထောက်ခံ တင်ပြနိုင်ရန် ဖိအားပေးသင့်ကြောင်း အစည်းအဝေးသို့ ဆီနိတ်တာ Lugar ကိုယ်စား တက်ရောက်လာသူ Luse က ပြောသည်။

          အမေရိကန်သည် လွန်ခဲ့သော ဆယ်စုနှစ် ကျော်ကျော် ကတည်းက မြန်မာနိုင်ငံ အပေါ် ငွေကြေးဆိုင်ရာ အရေးယူမှုများနှင့် သံတမန်ရေးအရ အထီးကျန်စေမှုများ ပြုလုပ်ခဲ့ပြီး၊ ပြီးခဲ့သည့် စက်တင်ဘာလက မြန်မာနိုင်ငံ အပေါ် လက်ရှိ အရေးယူမှုများကို ဆက်လက် ထားရှိမည် ဖြစ်သော်လည်း မြန်မာ စစ်တပ် ခေါင်းဆောင်များနှင့် တိုက်ရိုက် ဆက်ဆံမည်ဖြစ်ကြောင်း မူဝါဒသစ်ကို ကြေညာခဲ့သည်။

          ထို့နောက် အမေရိကန်နှင့် မြန်မာ အစိုးရ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပြီး၊ ၁၄ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် အမေရိကန် အစိုးရ အဆင့်အမြင့်ဆုံး ကိုယ်စားလှယ် အဖြစ် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။

          သို့သော် မြန်မာ အစိုးရသည် မည်သည့် အရေးပါသော တိုးတက်မှုများမှ မပြုလုပ်ခဲ့ဘဲ၊ နောက်ပိုင်းတွင် ရွေးကောက်ပွဲ အစီအစဉ်များဖြင့် အလုပ်ရှုပ်လျက် ရှိသည်။ အမေရိကန် အဆိုပါ ရွေးကောက်ပွဲ အစီအစဉ်များကို နိုင်ငံတကာ စံများနှင့် ညီညွတ်မှု မရှိကြောင်း ပြောကြားခဲ့သည်။

          "ခင်ဗျားတို့ သိပြီးတဲ့ အတိုင်းပါပဲ။ Obama အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မူဝါဒသစ် ချမှတ်ခဲ့တယ်။ ဆီနိတ်တာ Lugar က အဲဒီ ပေါ်လစီ အပေါ်မှာ အင်ဒီယားနားမှာ ရှိတဲ့ မြန်မာတွေက ဘယ်လိုမြင်ပြီး တုန့်ပြန်မလဲဆိုတာ စိတ်ဝင်စားပါတယ်။ သူတို့ သဘောတူသလား။ ဒါမှမဟုတ် တခြား အကြံပြုချင်တာများ ရှိမလားပေါ့" ဟု Luse က တနင်္ဂနွေနေ့က ကျင်းပသော အစည်းအဝေးနှင့် ပတ်သက်၍ မဇ္ဈိမသို့ ပြောပြသည်။

          အင်ဒီယားနား ပြည်နယ် Fort Wayne တွင် မြန်မာလူမျိုး (၁၅၀၀) ခန့် နေထိုင်ပြီး၊ အမေရိကန် ပြည်ထောင်စုတွင် မြန်မာအစိုးရ ဆန့်ကျင်သူ အုပ်စု အများဆုံး ရှိသောမြို့ ဖြစ်သည်။ အများစုသည် ကျောင်းသားများ အဖြစ် လည်းကောင်း၊ အလုပ်သမား သမဂ္ဂတွင် လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပါတီနိုင်ငံရေးဖြင့် လည်းကောင်း လှုပ်ရှားခဲ့ကြသူများ ဖြစ်ပြီး အစိုးရ၏ ဖိနှိပ်မှုများကြောင့် မွေးရပ်မြေကို စွန့်ခွာ ထွက်ပြေးလာကြသူများ ဖြစ်ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment