Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 27th April 2010

မြန်မာ စစ်ဖက် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အခြား ထိပ်ပိုင်း ခေါင်းဆောင် ၄ ဦး အတွက် သီးသန့် ပြင်ဆင်ထားသော လေယာဉ် ၂ စင်းကို ဆင်ဖြူတော်ဟု အမည်ပေးထားကြောင်း သိရှိရသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာန၏ အဆိုအရ အဖြူရောင် သုတ်ထားသော ATR 72-500 အမျိုးအစား လေယာဉ် ၂ စင်းကို ထိပ်တန်း စစ်ဖက် ခေါင်းဆောင် ငါးဦး ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့ အသုံးပြုကြမည်ဟု သိရသည်။

ကံကောင်းခြင်းများ သယ်ဆောင်လာရန် ရည်ရွယ်သည့် အဆိုပါ နာမည်ကို ဗေဒင်ဆရာများက အကြံပေးခဲ့ခြင်း ဖြစ်သည်။

ယင်းလေယာဉ်များကို ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့လေကြောင်းမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ရပြီး လုံခြုံရေး တင်းကြပ်ထားသော အထူးဂိုဒေါင်တွင် ထိန်းသိမ်းထားသည်။

ဓာတ်ပုံ မှတ်တမ်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၉ နိုဝင်ဘာ သီရိလင်္ကာ ခရီးစဉ်တွင် Myanmar Airways International ပိုင် လေယာဉ်ကို အသုံးပြုခဲ့သည်ကို တွေ့ရသည်။

လေယာဉ်များကို ဆင်ဖြူတော်ဟု အမည်ပေးခြင်းသည် ကံဆိုးမှုများကို ရှောင်လွှဲရန် သာမကပဲ၊ ရန်သူများကို အောင်နိုင်ရန် အတွက်ပါ ရည်ရွယ်ခြင်း ဖြစ်သည်ဟု ရန်ကုန်မှ နာမည်ကြီး ဗေဒင်ဆရာ တစ်ဦးက ပြောကြားခဲ့သည်။

"အတိတ်တုန်းကတော့ မြန်မာ ဘုရင်တွေ တန်ခိုးထွားလာပြီဆိုရင် သဘာဝအလျှောက် ဆင်ဖြူတော် ပေါ်တတ်တယ်။ ဒါမှမဟုတ်ရင် အိမ်နီးချင်း နိုင်ငံတွေက လေးစားသမှုနဲ့ ဆက်သရတယ်။ ဆင်ဖြူတော်ပိုင်တဲ့ ရှင်ဘုရင်တွေဟာ ရန်သူကို အောင်နိုင်တဲ့ အထောက်အထားတွေ မြန်မာ့သမိုင်းမှာ ရှိတယ်" ဟု ဗေဒင်ဆရာက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၎င်း၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် စစ်ဖက် အသိုင်းအဝိုင်းသည် မမြင်ရသော ကံတရားကို အလွန် ယုံကြည်ကာ ဗေဒင်ဆရာများနှင့် ယတြာ အကြံပေးများကို အလွန် အားထားသည့် အချက်မှာ လူတိုင်းသိ လျှို့ဝှက်ချက် တစ်ခုပင် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ခရီးအတူ သွားရသော တပည့်တပန်းများသည် ထီးသုံးနန်းသုံး စကားများ အသုံးပြု ပြောဆိုကြသည်ဟု စစ်ဖက်နှင့် နီးစပ်သော သတင်းရပ်ကွက်မှ သိရှိရသည်။

၂ဝဝ၉ တွင် ထုတ်ဝေသော ၅ဝဝဝ ကျပ်တန် ငွေစက္ကူတွင် ဆင်ဖြူတော်ပုံ အသုံးပြုခြင်းမှာ ဗေဒင် သဘောတရား အဓိက ဖြစ်သလို ၂၀၀၆ တွင် ပျဉ်းမနား ဒေသ တောတွင်းသို့ ပြောင်းရွှေ့သွားသည့် မြို့တော်ကို နေပြည်တော်ဟု သမုတ်ခြင်းမှာလည်း အလားတူပင် ဖြစ်သည်ဟု ဗေဒင်ဆရာက ပြောကြားသည်။

နေပြည်တော် သတင်းရပ်ကွက်၏ အဆိုအရ စစ်ဖက် အစိုးရ ခေါင်းဆောင် အချို့သည် ကံမကောင်းမှုများကို ရှောင်လွှဲရန် ကြိုးစားသည့် အနေဖြင့် ဗေဒင် ယတြာ ကျွမ်းကျင်သူများနှင့် အပတ်စဉ် တိုင်ပင် ဆွေးနွေးလေ့ ရှိသည်ဟု သိရသည်။

တစ်ချိန်တည်းတွင်ပင် ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးသည် ကဆုန်လပြည့်နေ့တွင် ဘုရားကိုးဆူ ပူဇော်ပွဲ ကျင်းပကြောင်း နိုင်ငံပိုင် New Lights of Myanmar သတင်းစာက ဖော်ပြခဲ့သည်။

ဘုရားကိုးဆူ ပူဇော်ပွဲသည် မြန်မာဘုရင်များနှင့် ဆွေတော်မျိုးတော်များ၏ အလေ့အထ တစ်ခု ဖြစ်သည်ဟု မြန်မာမှု ကျွမ်းကျင်သူများက ပြောကြားသည်။

မြန်မာနိုင်ငံ ကဲ့သို့သော ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများတွင် ဗုဒ္ဓဘာသာဝင် အများစုမှာ လပြည့်၊ လကွယ်၊ လဆန်း၊ လဆုတ် ၈ ရက်များ၌ ဘုန်းကြီးကျောင်းများ၌ ဥပုသ် သီတင်း သီလ ဆောက်တည်လေ့ ရှိကြသည်။

"အဓိကကတော့ ကိုးဂဏန်းကို ကံကောင်းမှု အတွက် ပူဇော်ကြတာပါ။ ကုသိုလ် ကောင်းမှု လုပ်တာ မဟုတ်ပါဘူး။ ဗေဒင်ဆရာတွေ အကြံပေးလို့ လုပ်ကြရတယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု မလေးရှား အခြေစိုက် ဆာဆာနာမိုလီ နိုင်ငံတကာ မြန်မာ ဘုန်းတော်ကြီးအသင်း အတွင်းရေးမှူး Rev Ujjota ဧရာဝတီသို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment