Transparency Myanmar

transparency.myanmar@gmail.com

VOA News, By Laurel Bowman, 26th April 2010

          မြန်မာနိုင်ငံတွင် ယခုအခါ ပြည်နယ်တိုင်း အဆင့်၊ ဒေသအဆင့်၊ အမျိုးသား အဆင့် ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိသည်။ သို့သော် ဝေဖန်မှု များစွာ ခံရသော ရွေးကောက်ပွဲ ဥပဒေသည် အဓိက အတိုက်အခံ ပါတီကို ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်စေခြင်းကြောင့် နိုင်ငံရေး လှုပ်ရှားသူ အများစု အနေဖြင့် ဝမ်းနည်းပြီး၊ စိတ်မကျေနပ်မှုများ ဖြစ်ကြရသည်။

          ယခု အကြောင်းအရာသည် အိန္ဒိယနိုင်ငံတွင် နေထိုင်ကြသော ဒီမိုကရေစီ လှုပ်ရှားသူများ၏ မြန်မာ့ ရွေးကောက်ပွဲ ဥပဒေအပေါ် တုန့်ပြန်မှုများကို ဖော်ပြမည် ဖြစ်သည်။

          "ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရဟာ ပြည်သူတွေကို လိမ်ညာနေတာပါ" ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။

          မြန်မာအစိုးရကမူ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဆိုသည်။ မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးတွင် မစ်ရှင်ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ Priscilla Clapp က ပြောကြားရာတွင် ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သော အခြေခံဥပဒေသည် စစ်တပ်၏ အာဏာ ချုပ်ကိုင်မှုကို သေချာစေခဲ့ရာ၊ ယခု ရွေးကောက်ပွဲသည် ထိုလမ်းကို လိုက်မည့် ခြေလှမ်းပင် ဖြစ်သည်ဟု ဆိုသည်။

          "စစ်ခေါင်းဆောင် အများစုဟာ ရာထူးက နုတ်ထွက်ပြီး စည်းရုံးရေး ဆင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ" ဟု Priscilla Clapp က ပြောသည်။

         ရွေးကောက်ပွဲ ဥပဒေတွင် နိုင်ငံရေး အကျဉ်းသားများကို ပါတီတွင် ပါဝင်ခွင့်ကိုလည်း ကန့်သတ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဓိက အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဖြစ်ပြီး၊ နေအိမ် အကျယ်ချုပ် ကျခံနေရသည်။ ထို့ကြောင့် သူမ၏ ပါတီသည် ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။

          "NLD အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ခံစားနေရတော့ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဘယ်လိုလုပ်ပြီး လိပ်ပြာ သန့်နိုင်ပါ့မလဲ" ဟု Jared Genser က ပြောသည်။

          Jared Genser သည် ဝါရှင်တန်မှ ရှေ့နေ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ ရှေ့ နေဖြစ်ပါသည်။ ၎င်းက မြန်မာ အစိုးရ၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောစရာ အများကြီး ရှိကြောင်း၊ သို့သော် အကောင်းတစ်ခုမျှ မပါကြောင်း ပြောသည်။

          "ကျွန်တော် ထင်တယ်၊ ၁၉၉၀ တုန်းက ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် တရားမျှတစွာ ကျင်းပပေးခဲ့တော့၊ သူတို့ ရှုံးတယ်လေ။ အဲဒီ သင်ခန်းစာကြောင့် အခု အဲလို ထပ်ဖြစ်အောင်တော့ ခွင့်ပြု လိမ့်မယ် မထင်ဘူး" ဟု ၎င်းက ပြောသည်။

          Genser သည် ဝါရှင်တန်ရှိ ကမ္ဘာအနှံ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသော အဖွဲ့ ဖြစ်သည့် Freedom Now ၏ ဥက္ကဌ ဖြစ်သည်။ ၎င်းသည် မကြာသေးမီက မြန်မာလူမျိုး အမေရိကန် နိုင်ငံသား ညီညီအောင် ခေါ် ကျော်ဇောလွင်အား လွတ်မြောက်ရန် ကူညီခဲ့သည်။

          "ကျွန်တော့် မျက်စိရှေ့မှာ ဆေးကု မခံရ၊ ရေတောင် မသောက်ရတဲ့ သေလုဆဲဆဲ လူတွေ အများကြီး တွေ့ခဲ့ရတယ်" ဟု ညီညီအောင်က ပြောသည်။

          ညီညီအောင်က ပြောကြားရာတွင် ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်က အစိုးရက အာဏာလွှဲ ပြောင်းရန် ငြင်းဆန် ခဲ့ဖူးသောကြောင့် မြန်မာ အများစုက ယခု ရွေးကောက်ပွဲသည်လည်း အလိမ်အညာ အတုအယောင်သာ ဖြစ်မည်ဟု ခံစားနေရသည်ဟု ဆိုသည်။ ဒီမိုကရေစီအတွက် အကောင်းဆုံး မျှော်လင့်ချက်မှာ နိုင်ငံတကာ အသိုင်းအဝန်းမှ  ရပ်တည်ချက် မလျော့ရေးနှင့် ဖိအား ဆက်တိုက် ပေးနေရေးပင် ဖြစ်ကြောင်း ၎င်းက ပြောသည်။

          "ကျွန်တော်ရဲ့ အမှုကိုပဲ ကြည့်ပါ။ အမေရိကန် အစိုးရရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် အခုလို ကွန်ဂရက်ရှေ့မှာ ထိုင်နေနိုင်တာပေါ့" ဟု ၎င်းက ပြောသည်။

          ညီညီအောင်နှင့် အခြား မြန်မာ ဒီမိုကရေစီအရေး လှုပ်ရှားသူများက ပြောကြားရာတွင် အမေရိကန်သည် မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ စီးပွားရေးအရ အရေးယူမှုများ ပြုလုပ် ခဲ့သော်လည်း၊ မြန်မာ နိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု နည်းပါးကြောင်း ပြောသည်။ ပြီးခဲ့သည့်နှစ်က Obama အစိုးရသည် မြန်မာနိုင်ငံအပေါ် ဆက်ဆံရေး မူဝါဒသစ်ကို ကျေညာခဲ့သည်။ ဝေဖန် သုံးသပ်သူများက မြန်မာ အစိုးရသည် နိုင်ငံတကာ ဝေဖန်မှုများကို တုံ့ပြန်မှု ရှိနေဆဲ ဖြစ်ကြောင်း တရုတ်၊ အိန္ဒိယနှင့် အာဆီယံအတွင်းမှ မြန်မာ မဟာမိတ်များသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် ဆွေးနွေးပွဲများ ပြုလုပ်သင့်သည်ဟု ဆိုသည်။

          ဂျပန်နှင့် မလေးရှားသည် မကြာသေးမီက လွတ်လပ်၍ တရားမျှတပြီး အားလုံး ပါဝင်သော အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။ သံအမတ်ကြီး Clapp က အားနည်းချက်များ ရှိနေသော ရွေးကောက်ပွဲတွင်လည်း လုပ်ပေးနိုင်သည့် ကတိကဝတ်များ ပါဝင်နေ သေးသည်ဟု ထင်မြင်နေသည်။

          "သူတို့ နေရာ တစ်ခုကနေ စတော့ စနေပါပြီ၊ အချေအတင် ဆွေးနွေးမှုတွေကို အဆင့်တစ်ခု အထိ ခွင့်ပြုလာရမှာပါ။ အခုကတော့ ဘာမှ လုပ်ခွင့် မပြုဘူးလေ" ဟု Priscilla Clapp က ပြောသည်။

         မြန်မာနိုင်ငံသည် တစ်ချိန်က အရှေ့တောင် အာရှတွင် အချမ်းသာဆုံး နိုင်ငံ ဖြစ်ခဲ့သော်လည်း ယခု အဆင်းရဲဆုံး ဖြစ်နေရပြီး ဒီမိုကရေစီအတွက် မျှော်လင့်ချက်မှာမူ ရှိနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment