Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ ကမ္ဘာ့ဘဏ် (World Bank) သည် တရုတ်နိုင်ငံ၏ စီးပွားရေးသြဇာ ကြီးထွားလာမှုကို အသိအမှတ် ပြုလိုက်ပြီး တရုတ်အနေဖြင့် အမေရိကန်နှင့် ဂျပန်ပြီးလျှင် ကမ္ဘာ့ဘဏ် အဖွဲ့အစည်း အတွင်း မဲပေး ဆုံးဖြတ်ချက် ပေးနိုင်မည့် ပါဝါကို ရယူရန်လည်း သဘော တူညီလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်ခြင်းသည် ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန် အပါအဝင် အနောက်ကမ္ဘာမှ အင်အားကြီး နိုင်ငံများ၏ အထက်သို့ တရုတ် နိုင်ငံအား တင်ပို့လိုက်ခြင်း ဖြစ်သည်။ စီးပွားရေး ခေါင်းထောင်လာသော နိုင်ငံများအား ကမ္ဘာ့ဘဏ်၏ လုပ်ငန်း ဆောင်တာများကို ပိုမို သိရှိ နားလည်စေရန်နှင့် ကမ္ဘာ့ဘဏ်အတွင်း ပြောရေးဆိုခွင့် ရှိရန်လည်း ရည်ရွယ်သည်။

ကမ္ဘာ့ဘဏ်၏ အရင်းအနှီးကို ဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံ အထိ တိုးမြှင့်ရန် အဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့ကြသည်။ ယင်းသို့ ကမ္ဘာ့ဘဏ် အရင်းအနှီး တိုးမြှင့်ခြင်းသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်သည်။

တရုတ်နိုင်ငံ၏ အစုရှယ်ယာ၊ တစ်နည်းအားဖြင့် မဲပေးခွင့် အာဏာ သည် ၂ ဒဿမ ၇၈ ရာခိုင်နှုန်းမှ ၄ ဒဿမ ၄၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားခြင်းလည်း ဖြစ်သည်။ ကမ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံးနိုင်ငံ ဖြစ်သော အမေရိကန် ပြည်ထောင်စုမှာ နံပါတ် ၁ နေရာတွင် ရှိပြီး ၁၅ ဒဿမ ၈၅ ရာခိုင်နှုန်း ဖြစ်ကာ ဗီတို အာဏာ သုံးခွင့်လည်း ရရှိထားသည်။ ဂျပန်နိုင်ငံမှာ ၆ ဒဿမ ၈၄ ရာခိုင်နှုန်း ဖြစ်သည်။

တရုတ်နိုင်ငံအား ကမ္ဘာ့ဘဏ်က ယင်းသို့ လုပ်ပိုင်ခွင့်များ ပေးလိုက်မှုကို တရုတ် ဘဏ္ဍာရေး ဝန်ကြီး Xie Xuren က ကြိုဆိုပါကြောင်း ပြောဆိုသည်။

"ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ မဲပေးခွင့် အာဏာ ညီတူမျှတူ ရရှိရေးအတွက် အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်တဲ့အတွက် အလေးထားမိပါတယ်" ဟု Xie Xuren ၏ ပြောကြားချက်ကို ကိုးကား၍ Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။

ကမ္ဘာ့ဘဏ်အတွင်း ဆုံးဖြတ်ချက် ချမှတ်ရာတွင် အမေရိကန်နှင့် ဥရောပ နိုင်ငံများက လွှမ်းမိုး ခြယ်လှယ်မှုများ ပြုလုပ်လေ့ ရှိသည်ကို တရုတ်၊ ဘရာဇီး၊ အိန္ဒိယ နှင့် ရုရှား စသည့် နိုင်ငံများက မကျေနပ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ပြီး နောက်ပိုင်း အလွတ် သဘောမျိုးဖြင့် ရယူထားသော သဘောတူညီချက် အရ အမေရိကန် ပြည်ထောင်စုသည် ဘဏ်ဥက္ကဋ္ဌ နေရာကို ရယူခဲ့ပြီး ဥရောပက ညီနောင် အဖွဲ့အစည်း ဖြစ်သော နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကို ဦးဆောင်သည်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Robert Zoellick က ယခုကဲ့သို့ မဲပေးခွင့် အာဏာနှင့် ပတ်သက်၍ အပြောင်းအလဲ ပြုလုပ်လိုက်ခြင်းသည် တတိယကမ္ဘာ ဟူသော သဘော တရားမျိုးများ ပယ်ဖျောက် လို၍ ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာသည် ဝင်ရိုးစုံ စီးပွားရေးဆီသို့ လျင်မြန်စွာ ချီတက်သွားနေပြီ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကမ္ဘာ့ဘဏ်၏ မူဝါဒရေးရာ ချမှတ်ရေး ဆိုင်ရာ ကော်မတီ အစည်းအဝေး အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ Robert Zoellick က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး နာလန်ထူအောင် ပြုလုပ်ရာတွင် စီးပွားရေး တိုးတက် ဖွံ့ဖြိုးလာသော နိုင်ငံများ၏ ဝယ်လိုအားသည် လွန်စွာ အရေးပါသည့် စီးပွားရေး ရင်းမြစ် တစ်ခု ဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေးတွင် ဝင်ရိုးစုံ တိုးတက် ဖြစ်ထွန်းမှုမျိုး ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားသည်။

သို့သော် ကမ္ဘာ့ဘဏ်သည် ၂၀၀၉ ခုနှစ်အတွင်း တူရကီနိုင်ငံတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ ဆင်းရဲ နွမ်းပါးသော နိုင်ငံများ၏ ပြောရေးဆိုခွင့်ကို အကာအကွယ် ပေးပါမည် ဟူသော ကတိ ကဝတ်ကို ချိုးဖောက်ခဲ့ကြောင်း ဖွံ့ဖြိုးရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Oxfam က ပြောကြားသည်။

"အာဖရိကတိုက်က ဆာဟာရ နိုင်ငံပေါင်း ၄၇ နိုင်ငံရဲ့ သုံးပုံတစ်ပုံဟာ ကမ္ဘာ့ဘဏ်မှာ ရပိုင်ခွင့်တွေ ပျောက်ဆုံးခဲ့ပါတယ်" ဟု Oxfam ၏ ပြောခွင့်ရ အမျိုးသမီး အရာရှိ တစ်ဦးက ဆိုသည်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာ့ဘဏ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် David Theis က အဆိုပါ ကိစ္စသည် လွဲမှားသော ကြေညာချက် တစ်ရပ်သာ ဖြစ်ကြောင်း၊ အကြောင်းမှာ ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် မဲပေးခွင့်ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး၍ ဖြစ်ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်အရ  အာဖရိကနိုင်ငံများ၏ ရှယ်ယာမှာ မြင့်တက်ခဲ့ပြီ ဖြစ်ကြောင်း တုံ့ပြန် ပြောကြားသည်။

ယခုကဲ့သို့ ကမ္ဘာ့ဘဏ်၏ အရင်းအနှီးကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်သောကြောင့် မိမိတို့ အနေဖြင့် အနာဂတ် ကာလတွင် ငွေထုတ်ချေးမှုများကို ဖြတ်တောက်ပစ်ရမည့် အရေးကိစ္စတို့နှင့် ရင်ဆိုင်ရတော့မည် မဟုတ်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Robert Zoellick က ပြောကြားသည်။

၂၀၀၈ ခုနှစ်၊ ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်သည့် အချိန်မှ စ၍ အဖွဲ့ဝင် နိုင်ငံများသို့ ဒေါ်လာ ၁၀၅ ဘီလီယံ ထောက်ပံ့ ပေးနိုင်ခဲ့ပါသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ Timothy Geithner က ကမ္ဘာ့ဘဏ်သည် အရင်း မြင့်တက်လာရေး အတွက် ခိုင်မာပြီး မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စကို လုပ်ဆောင် ခဲ့ကြောင်း ပြောကြားလိုက်သည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment