Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်တွင် ရှပ်နီဝတ် ဆန္ဒပြသမားများက သံလမ်းပေါ်တွင် ပိတ်ဆို့ထားသော တာယာများကို ဖယ်ရှားပေးရန် သဘောတူလိုက်ပြီးနောက် ကောင်းကင် ရထားများ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မြို့ BTS ကောင်းကင်ရထား အာဏာပိုင် အဖွဲ့က ရှပ်နီဝတ် ဆန္ဒပြအုပ်စုနှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ရှပ်နီများက ချစ်လုံမ်ဘူတာ သံလမ်းတွင် ပိတ်ဆို့ထားသော တာယာများကို  ဖယ်ရှားပေးလိုက်ခြင်း ဖြစ်သည်။

အစောပိုင်း အချိန်တွင် ရှပ်နီများ၏ လုပ်ရပ်ကြောင့် အာဏာပိုင်များက ကောင်းကင်ရထား ဘူတာရုံများအား ပိတ်ပင်ထားရန် အမိန့်ထုတ်ခဲ့ရသည်။ ရှပ်နီ ခေါင်းဆောင်များက ဆန္ဒပြမှုများ ပြုလုပ်ရာ Rajprasong ရပ်ကွက်တွင် ပိတ်ဆို့မှုများ ပြုလုပ်ခြင်းသည် ရှပ်နီအုပ်စု၏ ဆုံးဖြတ်ချက် ဖြစ်ပြီး မိမိတို့ တစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရှပ်နီ ဆန္ဒပြသူများက ချစ်လုံမ်ဘူတာသို့ တက်ရောက်ပြီး ရထားသံလမ်းပေါ်သို့ တာယာများ ပစ်ချခဲ့ကြသည်။ ဘန်ကောက် မြို့သူမြို့သား အများစုမှာ မြို့တွင်း ခရီး သွားလာရေးအတွက် ကောင်းကင် ရထားကိုသာ အများဆုံး အမှီသဟဲ ပြုကြလေ့ ရှိရာ အဆိုပါနေ့က လွန်စွာ ဒုက္ခရောက်ခဲ့ကြသည်။ The Nation သတင်းစာ အဆိုအရ ထိုနေ့တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ မြို့သူမြို့သား အများစုက ကောင်းကင်ရထား စီးရန် ဘူတာရုံသို့ ရောက်ရှိ လာကြကြောင်း၊ သို့သော် ကောင်းကင်ရထားများ ရပ်နားထား၍ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြကြောင်း သိရသည်။

ရှပ်နီ ဆန္ဒပြ သမားများသည် ဘူတာရုံတွင် တပ်ဆင်ထားသော စီစီတီဗီ ကင်မရာများကို ဖယ်ရှားခဲ့ကြသောကြောင့် သူတို့၏ လုပ်ဆောင်ချက်များကို ရိုက်ကူးနိုင်ခဲ့ခြင်း မရှိ ကြောင်း Skytrain အမှုဆောင် အရာရှိ Anat Apapirom က ရုပ်သံ အင်တာဗျူး တစ်ခုတွင် ပြောကြားသည်။

The Nation သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment