Transparency Myanmar

transparency.myanmar@gmail.com

အကယ်၍ မြန်မာစစ်တပ်နှင့် ဆက်ဆံရေး ပိုမို တင်းမာလာပြီး ပြည်တွင်းစစ်ဖြင့် အဖြေရှာမည့် အခြေအနေသို့ ဆိုက်ရောက်လာပါက မိမိတို့ အနေဖြင့် ခုခံ ကာကွယ်သွားရန် ပြင်ဆင်ထားမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ရှစ်ခု ပါဝင် ဖွဲ့စည်းထားသော မဟာမိတ် အဖွဲ့တစ်ခု ဖြစ်သည့် အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDF) က ပြောကြားသည်။

မြန်မာ စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြား ဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ဖိအားပေးမှုများ ပိုမို ပြုလုပ်လာသည့် အတွက်ကြောင့် NDF က ယင်းသို့ တုံ့ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိက အပစ်အခတ် ရပ်စဲရေး အုပ်စုကြီး နှစ်ခု ဖြစ်သော ညီညွတ်သော ဝ ပြည်နယ်ပါတီ (UWSA) နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့က နယ်ခြားဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ကမ်းလှမ်းချက်ကို ပြိုင်တူ ဖယ်ချခဲ့ကြရာ စစ်အစိုးရနှင့် တင်းမာမှုများ ပိုမို ဖြစ်ပေါ်လျက် ရှိသည်။ ထို့အတူ မွန်ပြည်သစ် ပါတီ (NMSP) ကလည်း ဧပြီလ နောက်ဆုံး ပတ်တွင် စစ်အစိုးရ၏ အလားတူ ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။ "NDF အဖွဲ့ဝင် အုပ်စုတွေ စေ့စပ် ညှိနှိုင်းပြီးပါပြီ။ စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နယ်နိမိတ်ထဲကို နိုင်ငံရေးအရ ဖိအားပေးမှုတွေ လုပ်လာမယ် ဆိုရင် လက်နက်ကိုင် ခုခံ ကာကွယ်သွားကြဖို့ သဘောတူညီ ထားကြပါတယ်" ဟု NDF ၏ အထွေထွေ အတွင်းရေးမှူး Mai Phone Kyaw က ပြောကြားသည်။

NDF အဖွဲ့တွင် မွန်ပြည်သစ် ပါတီနှင့် ကရင် အမျိုးသား ယူနီယံ (KNU) လည်း ပါဝင်သည်။ KNU သည် မြန်မာ အစိုးရနှင့် နှစ်ပေါင်း ၆၀ ခန့်အကြာ ပဋိပက္ခ ဖြစ်ပွားခဲ့သော လက်နက်ကိုင် အဖွဲ့အစည်းကြီး တစ်ခုဖြစ်သည်။

"တကယ်လို့ ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြား သွားခဲ့မယ်ဆိုရင် မြန်မာနိုင်ငံ အထက်ပိုင်း၊ အလယ်ပိုင်းနဲ့ အောက်ပိုင်းမှာ ရှိတဲ့ အုပ်စုတွေ အားလုံးနဲ့ ပူးပေါင်းသွားမှာပါ၊ တကယ်လို့ အခြေခံ ရပိုင်ခွင့်တွေ မပေးဘဲ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ဖွဲ့ဖို့ ဆက်ပြီး ဖိအားပေး ခံရမယ်ဆိုရင် ပြည်တွင်းစစ် မီးတောက်ဟာ ပိုမိုကြီးထွားလာမှာ ဖြစ်ပါတယ်" ဟု Mai Phone Kyaw က ပြောသည်။

အကယ်၍ နယ်ခြား ဒေသစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ကမ်းလှမ်းချက်ကို မလိုက်လျောပါက အင်အားသုံး ဖြေရှင်းသွားမည် ဖြစ်သည်ဟု မြန်မာ စစ်အစိုးရက ခြိမ်းခြောက်ထားသည်။ ယခုနှစ်တွင် ကျင်းပရန် ရှိသည့် ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ထောက်ပံ့မှုများ ရရှိရန် စစ်အစိုးရက ယင်းသို့ စီစဉ်နေခြင်း ဖြစ်သည်ဟု ယူဆရသည်။ အကယ်၍ မြန်မာစစ်တပ်က အင်အားသုံးပြီ ဆိုပါက "ကျွန်တော်တို့ လက်နက်ကိုင် အုပ်စုတွေကလည်း မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ စနစ်တကျ တိုက်ခိုက်မှုတွေ လုပ်သွားမှာပါပဲ" ဟု ၎င်းက ဆက်လက် အသိပေး ပြောဆိုသည်။

ယခုအခါ မွန်ပြည်သစ် ပါတီက စစ်အစိုးရ၏ အဆိုပြုချက်ကို ပယ်ချခဲ့သောကြောင့် မွန်ပြည်သူ မြောက်များစွာမှာ အစိုးရနှင့် စစ်ဖြစ်မည်ကို စိုးရိမ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံထဲသို့ ဒုက္ခသည် အဖြစ် ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်း စုံစမ်း သိရရှိရသည်။
DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment