Transparency Myanmar

transparency.myanmar@gmail.com

voanews.com, By Kate Woodsome, 27th April 2010

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ တရုတ် အလံထူထားသော နယ်စပ်မြို့ နန်ဆန်အနီး မြန်မာဘက်ခြမ်း တိုက်ခေါင်မိုး တစ်ခုပေါ်တွင် မြန်မာ အစိုးရ တပ်ဖွဲ့ဝင်များ ရပ်နေကြသည်ကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က မြင်တွေ့ခဲ့ရသည်။

မြန်မာနိုင်ငံ အစွန်အဖျားမှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှာ အစိုးရ ပြည်သူ့စစ် အဖြစ် ပူးပေါင်းမည်လား (သို့) တရားမဝင် အဖွဲ့အစည်း အဖြစ် ရပ်တည်မည်လား ဆိုသည့် ရွေးချယ်မှုနှင့် ဗုဒ္ဓဟူးနေ့က ရင်ဆိုင်နေကြရပြီး တိုက်ခိုက်မှုများ ဖြစ်နိုင်သော အခြေအနေနှင့်လည်း ရင်ဆိုင် နေရသည်။ နှစ်ဖက် အဖွဲ့များ အကြား လိပ်ခဲတည်းလည်း အခြေအနေက တရုတ် မြန်မာ နယ်စပ် တလျှောက် တိုက်ပွဲများ ဖြစ်ပွားနိုင်ခြင်း အပေါ် အသစ်တဖန် စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်။

မြန်မာ စစ်ဖက် အစိုးရက တစ်နိုင်ငံလုံး နီးနီးကို တင်းကြပ် ထိန်းချုပ်ထားသော်လည်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် နယ်ခြား တလျှောက်တွင်မူ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များက ထိရောက်စွာ စိုးမိုးထားသည်။ ယခုနှစ် ရွေးကောက်ပွဲများ မတိုင်မီ အစိုးရ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းရန် အစိုးရက ဖိအားပေးနေခြင်းကို လက်ခံရန် အင်အားကြီး သူပုန် အဖွဲ့များက ငြင်းဆန်ထားကြသည်။

အကြီးဆုံး လက်နက်ကိုင် အဖွဲ့ (UWSA) ဝ တပ်ဖွဲ့က ရေရှည် စစ်ပွဲ အတွက် ပြင်ဆင်နေကြောင်းနှင့် ဝ ခေါင်းဆောင်များမှာ စစ်တိုက်ရန် ဆန္ဒမရှိသော်လည်း အစိုးရက ရွေးချယ်စရာ အနည်းငယ်သာ ပေးခဲ့သည်ဟု ယူဆနေကြကြောင်း တရုတ် နယ်စပ် အခြေစိုက် စစ်ရေး ကျွမ်းကျင်သူ အောင်ကျော်ဇောက ပြောကြားသည်။

ဝ နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်များသည် အစိုးရနှင့် အပစ်ရပ် သဘော တူညီချက်ကို လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုခန့်က လက်မှတ် ရေထိုးခဲ့ကြခြင်း ဖြစ်သည်။ အစိုးရက တင်းကြပ်စွာ ထိန်းချုပ်ထားသော ဗမာ တိုင်းရင်းသားများနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့မှာ နိုင်ငံရေးနှင့် ဘာသာရေး လွတ်လပ်ခွင့်များ ပိုမို ရရှိကြသည်။ လျှပ်စစ် မီးပျက်၍ မှောင်မိုက်နေသော ကျန်တစ်နိုင်ငံနှင့် မတူ ခြားနားစွာပင် ဒေသတွင်း သစ်လုပ်ငန်း၊ တရားမဝင် မူးယစ်ဆေး ရောင်းဝယ်မှု၊ နယ်စပ် ကုန်သွယ်ရေးတို့မှ ရရှိသော ဝင်ငွေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုကို ကောင်းစွာ ပြုလုပ်နိုင်ကြသည်။

တိုက်ရန် အဆင်သင့်

အစိုးရ နယ်ခြားစောင့်တပ်သို့ ပူးပေါင်းခြင်းသည် ၎င်းတို့၏ ရပိုင်ခွင့်များကို စွန့်လွှတ်ရန် အတွက် ပထမ အဆင့် ဖြစ်နိုင်သည်ဟု ဝ တို့က ပြောကြားသည်။ တိုက်ရန် အဆင်သင့် ဖြစ်နေသော ရှမ်းပြည် မြောက်ပိုင်းမှ ဝတပ်ဖွဲ့တွင် အနည်းဆုံး တပ်ဖွဲ့ဝင် ၂၀၀၀၀ ခန့် ရှိသည်ဟု ၎င်းတို့က ဆိုသည်။ ဒေသတွင်းမှ ရရှိသော သတင်းများအရ အဆိုပါ နယ်မြေတွင် မြန်မာ အစိုးရ တပ်ဖွဲ့ဝင် ၅၀၀၀ ခန့် အနည်းဆုံး တပ်စွဲထားသည်ဟု သိရသည်။

အစိုးရက အင်အားပြသည့် အနေဖြင့် ဂျက်တိုက် လေယာဉ်များ၊ တင့်ကားများကို ပြင်ဆင် ထားသော်လည်း ဇွန်လတွင် မုတ်သုံ မိုးရာသီ ဝင်လာတော့မည် ဖြစ်၍ စစ်ပွဲကြီး ဆင်နွှဲရန် တပ်မတော်တွင် အချိန် မရှိတော့ဟု အောင်ကျော်ဇောက မှတ်ချက် ပေးသည်။

နှစ်ဖက် စစ်အင်အား တည်ဆောက်မှုများက ပြည်သူ အချို့ကို ထိတ်လန့်စေပြီး၊ အချို့ ဒေသခံများမှာ ၎င်းတို့၏ ကားနှင့် တန်ဖိုးကြီး ပစ္စည်းများကို အိမ်နီးချင်း တရုတ်ပြည်တွင်းသို့ ရွှေ့ပြောင်းလျက်ရှိကာ သက်ကြီးရွယ်အိုများနှင့် ကလေးများမှာလည်း တရုတ်နိုင်ငံဖက်သို့ ရွှေ့ပြောင်းနေကြသည်ဟု အောင်ကျော်ဇောက ဆက်လက် ပြောကြားသည်။

မြန်မာ အစိုးရ၏ ဆိုးဝါးလှသော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများက အရပ်သားများကို စိုးရိမ် ပူပန်မှုများ ဖြစ်ပွားစေသည်ဟု ပြောကြားသူမှာ ဝါရှင်တန် အခြေစိုက် US Campaign for Burma မှ ဒါရိုက်တာ Jennifer Quigley ဖြစ်သည်။

'ဒီကိစ္စက သိပ်ကို အန္တရာယ် ကြီးလာနိုင်ပါတယ်' ဟု Quigley က ဆိုသည်။ "အရပ်သားတွေကို တိုက်ခိုက်တာက  မြန်မာ အစိုးရ အတွက်တော့ လုပ်နေကျ ထုံးစံလို ဖြစ်နေပြီ။ လယ်တွေ၊ မြေတွေ သိမ်းတာ၊ အတင်း အဓမ္မ ခိုင်းစေတာ၊ ကလေး စစ်သားတွေ စုဆောင်းတာ စတဲ့ ကိစ္စတွေ ဖြစ်လာဖို့ အလားအလာ အရမ်းများနေပါတယ်" ဟု သူမက ပြောကြားသည်။

ပြီးခဲ့သော နှစ်အတွင်း မြန်မာ စစ်တပ်က တရုတ်မျိုးနွယ်စုဝင် ကိုးကန့် တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့စဉ် စစ်ပြေး ဒုက္ခသည်ပေါင်း ၃၀၀၀၀ ခန့် တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်။ ယခု ဝတပ်ဖွဲ့နှင့် ဝအရပ်သား အရေအတွက်မှာ ကိုးကန့်များထက် လွန်စွာ များပြားသည်။

ဝ တပ်ဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားပါက တရုတ်နိုင်ငံ အတွက် ခက်ခဲသော ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်ဟု Quigley က ပြောကြားခဲ့သည်။ "ဒီတခါ တရုတ်နိုင်ငံထဲ ထွက်ပြေးမယ့် ဒုက္ခသည် အရေအတွက် တစ်သိန်းလောက် ရှိတာကို တွေ့ရလိမ့်မယ်" ဟု သူမက ဆိုသည်။

သွက်လက်စွာ ရောင်းဝယ်နေသော ကုန်သွယ်ရေးမှ ဝင်ငွေ ကြီးမားစွာ ရရှိနေသည့် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ ယူနန်ပြည်နယ် ဘက်ခြမ်းတွင် တရုတ် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စောင့်ကြပ်လျက် ရှိသည်။ ၂၀၀၈ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ ပို့ကုန် လုပ်ငန်းမှ ဒေါ်လာ ၂ ဘီလျံ နီးပါး ရရှိခဲ့သည်ဟု တရုတ်နိုင်ငံက သတင်း ထုတ်ပြန်ခဲ့သည်။

နယ်စပ် တိုင်းရင်းသားတို့နှင့် မြန်မာ အစိုးရတို့ အကြား တင်းမာမှုများကို ပြေငြိမ်းစေရန် ကြိုးစားသည့် အနေဖြင့် မြန်မာနိုင်ငံသို့ တရုတ် တာဝန်ရှိ ပုဂ္ဂိုလ်များ ပုံမှန် လာရောက်လျက် ရှိပြီး မြန်မာ အာဏာပိုင်များနှင့် ဝ တို့၏ လတ်တလော ဆွေးနွေးပွဲများတွင် ဝ တို့၏ လုံခြုံရေးကို အာမခံရန် ၎င်းတို့ လိုက်ပါလာလေ့ ရှိသည်။

အာဏာ စုစည်းနေသူ

ဆင်းရဲ နွမ်းပါးကာ၊ ပစ်ပယ်ခံနေရသော အခြား မည်သည့် နိုင်ငံမဆို ၎င်းတို့၏ အိမ်နီးချင်း အင်အားကြီး သူဌေးနိုင်ငံ၏ စိုရိမ် ပူပန်မှုကို အလေးထားရမည် ဖြစ်သည်ဟု နိုင်ငံရေး ပညာရှင်များက ဆိုသည်။ သို့ရာတွင် မြန်မာနိုင်ငံ ကိစ္စမှာမူ ၎င်းတို့၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကြောင့် မတူ ခြားနားသော ဇာတ်လမ်းတစ်ပုဒ် အဖြစ် လာနိုင်သည်။

"ဒါက မေးခွန်းကြီး တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လူအများ နားလည်ရခက်တဲ့ လူစားမျိုး ဖြစ်နေလို့ပါ" ဟု Quingley က ပြောကြားသည်။

"တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်ဖို့ တိုင်းမှူးတွေက လိုလားပုံ မရပေမယ့် ဗိုလ်ချုပ်မှူးကြီးကတော့ သူ့ရဲ့အာဏာကို စုစည်းဖို့ကိုပဲ အာရုံထားနေပါတယ်" ဟု သူမက ဆိုသည်။

"ဗမာ တစ်နိုင်ငံပဲ ရှိရမယ်။ စစ်တပ် တစ်ခုပဲ ရှိရမယ်။ အနှောင့်အယှက် ပေးနေတဲ့ ပြည်တွင်း တိုင်းရင်းသား ပြဿနာတွေ မရှိရဘူး။ ဒီလိုဆိုတော့ သူတို့ရဲ့ နောက်ဆုံး ဖြေရှင်းနည်းကို ရဖို့အတွက် တရုတ်နဲ့ ဆက်ဆံရေး ပျက်ပြားဖို့ ဗိုလ်ချုပ်မှူးကြီး ဆန္ဒ ရှိမရှိ နောက်ပြီးတော့ ရွေးကောက်ပွဲ မတိုင်ခင် စစ်တိုက်မတိုက်။ ဒါတွေပဲ ရှိတော့တယ်လေ" ဟု Quingley က ပြောဆိုခဲ့သည်။

တရုတ် နယ်စပ်မှ တိုင်းရင်းသား လက်နက်ကိုင်ဟောင်း၊ စစ်ရေး အကဲခတ် အောင်ကျော်ဇောကမူ "အစိုးရက ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ ကိစ္စမရှိဘူး။ ဝ တွေက အဆင်သင့် ဖြစ်နေပြီ" ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment