Transparency Myanmar

transparency.myanmar@gmail.com

United Press International,29th April 2010

မြန်မာနိုင်ငံတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ကူညီနေသော ကယ်ဆယ်ရေး ဝန်ထမ်းများ အပေါ် တင်းကြပ်မှုများ ဖြေလျှော့ပေးရေး အတွက် မြန်မာ အစိုးရ အပေါ် နိုင်ငံတကာက ဖိအားပေးရန် Human Rights Watch က ကြာသပတေးနေ့တွင် တောင်းဆိုလိုက်ပါသည်။

၂၀၀၈ ခုနှစ် မေလတွင် လူပေါင်း တစ်သိန်း လေးသောင်းခန့် သေဆုံး၍ လူပေါင်း ၂သန်းခွဲခန့်ကို ဒုက္ခရောက်စေခဲ့သော နာဂစ်စ် ဆိုက်ကလုံး မုန်တိုင်း အပြီးမှစ၍ နိုင်ငံတွင်း လာရောက် ကူညီ လုပ်ကိုင်နေကြသော ကယ်ဆယ်ရေး ဝန်ထမ်းများ အပေါ် မြန်မာ အစိုးရက လိုသည်ထက်ပိုသော တင်းကျပ် ချုပ်ချယ်မှုများ ပြုလုပ်နေသလို အခြေခံ လွတ်လပ်ခွင့်များကိုလည်း ဆက်လက် ပိတ်ပင်ထားသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် စွပ်စွဲထားသည်။

အခြားနိုင်ငံရေး အကျဉ်းသားများနှင့် အတူ အကျဉ်းကျနေသော ဒေသခံ လူမှု ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သား ၂၀ ကျော်ကို လွှတ်ပေးရန်နှင့် လူသားခြင်း စာနာထောက်ထားသော အကူအညီများ တနိုင်ငံလုံးသို့ ပြန့်နှံရောက်ရှိနိုင်ရေးအတွက် ထပ်မံ ကြိုးပမ်းကြရန် Human Rights Watch က တောင်းဆိုခဲ့သည်။

ဆိုးဝါးသော သဘာဝ ဘေးအန္တာရာယ်ကြီး ဖြစ်သည့် နာဂစ်စ် ဆိုက်ကလုံး အပြီး ၂နှစ်ခန့်တွင် ဒေသခံ လူမှု ကယ်ဆယ်ရေး ဝန်ထမ်းများမှာ မြန်မာအစိုးရ၏ အဆက်အပြတ် ဖိနှိပ်မှုကို ခံစားနေကြရဆဲ ဖြစ်သည်ဟု HRW မှ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Elaine Pearson ကပြောကြားပါသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် လူမှု ကယ်ဆယ်ရေး ဝန်ထမ်းများနှင့် အဖွဲ့အစည်းများ အပေါ် လွတ်လပ်စွာ ပြောဆို၊ စည်းရုံး၊ လှုပ်ရှား နိုင်ခွင့် အခွင့်အရေးများကို ပိတ်ပင် ချိုးဖောက်လျက်ရှိကြောင်း အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားသည်။

ရေ ရရှိရေး၊ မိလ္လာစနစ်၊ အိမ်ယာ တည်ဆောက်မှု၊ အခြေခံ ကျန်းမာရေး လိုအပ်ချက်နှင့် အလုပ်အကိုင် ကဏ္ဍများ အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အခက်အခဲများ ဆက်လက် ဖြစ်ပေါ်နေသည်ဟု Human Rights Watch က ဆိုပါသည်။

မြန်မာ အစိုးရသည် သဘာဝ ဓါတ်ငွေ့ရောင်းချမှုမှ ရရှိသော ဘဏ္ဍာငွေများဖြင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုံလောက်စွာ ထောက်ပံ့ ကူညီရန် ပျက်ကွက်နေသည့် အပြင် စနစ်တကျ အကျင့်ပျက် ခြစားမှုနှင့် ဖိနှိပ် ချုပ်ချယ်မှုများကြောင့် သန်းပေါင်းများစွာသော ပြည်သူလူထုမှာ မလိုလားအပ်သော ဆင်းရဲတွင်း၌ ရှင်သန်နေကြရသည်ဟု HRW က ပြောကြားပါသည်။

မြန်မာ စစ်ဖက်အစိုးရသည် လူမှု ကယ်ဆယ်ရေး လုပ်ငန်းများ အပေါ် အလွန် အမင်း ချုပ်ချယ် တင်းကြပ်ထားသလို နှစ်ပေါင်းများစွာ စီးပွားရေး မှားယွင်းခန့်ခွဲမှုများကြောင့် စားနပ်ရိက္ခာ ဖူလုံရေး၊ သန့်ရှင်းသော ရေရရှိရေးနှင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု စသော မြန်မာပြည်သူများ၏ လူသားခြင်း စာနာထောက်ထားသော လိုအပ်ချက်များမှာ အလွန်အမင်း ကြီးမားနေသည်ဟု Pearson ကပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment