Transparency Myanmar

transparency.myanmar@gmail.com

Associated Press, www.signonsandiego.com, 30th April 2010

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်နှစ်က တိုက်ခတ်ခဲ့သော နာဂစ် ဆိုက်ကလုန်းဒဏ်ကြောင့် ပျက်စီးမှုများ အတွက် ပြန်လည် ထူထောင်ရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် နိုင်ငံတကာမှ ဒေါ်လာ သန်းရာပေါင်းများစွာ လိုအပ်လျက် ရှိနေသေးကြောင်း ကုလသမဂ္ဂက သောကြာနေ့က ပြောကြားခဲ့သည်။

မုန်တိုင်း အပြီး ကယ်ဆယ်ရေး လုပ်ငန်းများကြောင့် ကျန်းမာရေး၊ အာဟာရ ဖွံ့ဖြိုးမှုနှင့် ပညာရေး ကဏ္ဍများတွင် သိသိသာသာ တိုးတက်မှုများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံရှိ လူသားချင်း ကိုယ်ချင်းစာနာမှု အကူအညီများ ညှိနှိုင်းရေးမှူး Bishow Parajuli က ပြောသည်။

"ဒါပေမယ့် နှစ်နှစ်လောက် ကြာလာတော့။ ဟာကွက်တွေ ဖြစ်လာပြီး၊ ရေရှည် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေဟာ လုပ်ငန်း နှေးကွေးသွားတယ်။ အချို့ ရပ်တောင်သွားပါပြီ။ ကျွန်တော်တို့ဆို ဘာမှ မလုပ်နိုင်တော့ဘူး။ လူတွေက အကူအညီလိုနေတုန်းဘဲ" ဟု ၎င်းက ပြောသည်။

သုံးနှစ် ပြန်လည် ထူထောင်ရေး အစီအစဉ်အရ ဒေါ်လာ သန်း ၆၉၀ လိုအပ်ရာ ဒေါ်လာသန်း ၁၈၀ ရရှိပြီး ဖြစ်ကြောင်း Parajuli က ပြောသည်။

ကုလသမဂ္ဂက ပြောကြားရာတွင် မကြာသေးမီက အကဲဖြတ် အစီရင်ခံစာအရ မုန်တိုင်းဒဏ်ခံ မိသားစု တစ်သိန်းခန့်မှာ ၎င်းတို့၏ နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးရန် လိုအပ်လျက် ရှိကြောင်း၊ လူဦးရေ ၁၈၀၀၀၀ ခန့်မှာ ရေပြတ်လတ်မှုကို ကြုံတွေ့နေရပြီး စိုက်ပျိုးရေး ကဏ္ဍတွင် ထောက်ပံ့မှုများနှင့် ၎င်းတို့ အသိုင်းအဝိုင်း အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးမှာ လိုအပ်လျက် ရှိနေသေးကြောင်း ဆိုသည်။

ကုလသမဂ္ဂ ကြေညာချက်တွင် ဆိုက်ကလုန်း ပြန်လည် ထူထောင်ရေးသည် ရေရှည်လုပ်ငန်း ဖြစ်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် နာဂစ် ပြန်လည် ထူထောင်ရေး အစီအစဉ်ကို ဆက်လက် ထောက်ပံ့ကြရန် တောင်းပန်ခဲ့သည်။

အဆိုပါ ရေရှည် ပြန်လည် ထူထောင်ရေး စီမံချက်ကို မြန်မာ အစိုးရ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အေဂျင်စီများနှင့် အာဆီယံ ၁၀ နိုင်ငံမှ အဖွဲ့ဝင်များ ပါဝင်သော အဖွဲ့မှ ရေးဆွဲခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment