Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံမှ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် သင့်ခံရသူများအတွက် ပေးရန် ကျန်ရှိ နေသေးသည့် နိုင်ငံတကာ ရန်ပုံငွေများ ထပ်မံပေးအပ်ရန် Oxfam အဖွဲ့က တောင်းခံလိုက်ကြောင်း သိရသည်။

Oxfam ၏ အဆိုအရ နာဂစ်မုန်တိုင်း ဖြစ်ပေါ်သည့် အချိန်မှစ၍ ယခုအချိန်ထိ ပေးမည်ဟု ကတိပြုထားသည့် အလှူငွေ စုစုပေါင်း၏ လေးပုံတစ်ပုံသာ ရရှိသေးကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ယခုအခါ မုတ်သုံရာသီ အတွင်းသို့ ချဉ်းကပ် ဝင်ရောက်နေပြီ ဖြစ်ရာ နေထိုင်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး စသည့် ကဏ္ဍတို့အတွက် အကူအညီ အထောက်အပံ့များ ပိုမို လိုအပ်နေပြီ ဖြစ်ကြောင်း Oxfam က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် အတွင်း တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တစ်သိန်း လေးသောင်းခန့် သေဆုံးပြီး ၂ ဒဿမ ၅ သန်းခန့် လူမှုဘဝ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်တိုက်ဆိုသလို ဖိအားပေး ပြောဆိုမှုများ ပြုလုပ်ခဲ့ရာ စစ်အစိုးရက နောက်ဆုံးတွင် နိုင်ငံခြား အကူအညီများ ဝင်ရောက်ခွင့် ပြုခဲ့သည်။ သို့သော် ယခုအခါ နိုင်ငံခြား အကူအညီများမှာ တဖြည်းဖြည်းချင်း လျော့နည်းလာပြီး မိမိတို့ အနေဖြင့် ပြန်လည် နာလန်ထူရေး လုပ်ငန်းစဉ်များကို လုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်လာရကြောင်း Oxfam က သတိပေး ထောက်ပြသည်။

"ကျွန်မအထင် ပြောရရင် မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့တွေ ဆက်ပေးရေး၊ မပေးရေး ကိစ္စအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သဘောထားတွေ ဆက်ပြီး ကွဲလွဲ နေကြတယ်" ဟု Oxfam ၏ အရှေ့အာရှရေးရာ ဒါရိုက်တာ Sarah Ireland က ပြောကြားသည်။ မြန်မာနိုင်ငံသို့ မုတ်သုံ ရာသီဥတု ကျရောက်တော့မည် ဖြစ်ရာ နာဂစ်ဒဏ်သင့် ဒေသ နေရေးထိုင်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး ကိစ္စတို့ကို ဦးစားပေး ကူညီရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ တစ်လျှောက်တွင် နာဂစ် ဒဏ်သင့်သူများ အတွက် လိုအပ်ချက်များ ပိုမို များပြားလျက် ရှိသည်။ လပွတ္တာမြို့နယ်မှ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးက "နာဂစ် ဖြစ်ပြီးကတည်းက အကူအညီ အထောက်အပံ့ အချို့ ရောက်လာပါတယ်။ ဒါပေမဲ့ အခုတော့ အကူအညီ ပေးရေး အေဂျင်စီ တွေက သူတို့ရဲ့ လုပ်နေတာတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပါပြီ။ လူအများစုဟာ အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။ တချို့ မိသားစုတွေ ဆိုရင် အိမ်တစ်အိမ်ကို မျှပြီး နေထိုင်နေကြရပါတယ်" ဟု မိန့်ကြားသည်။

Oxfam ၏ အကူအညီ ပေးရေး ရန်ပုံငွေ တောင်းခံချက်ကို ကုလသမဂ္ဂကလည်း လိုက်လံ ပြောဆို ပေးထားသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment