Transparency Myanmar

transparency.myanmar@gmail.com

BBC News, 3rd May 2010

          အီရန်၏ နျူကလီယာ ရည်မှန်းချက်များသည် ကမ္ဘာကို အန္တရာယ်ကြီးအောင် ပြုလုပ် နေသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်သည်။

အီရန် အနေဖြင့် တာဝန်ယူရန် ပြင်ဆင်ထားသင့်ကြောင်း ကုလသမဂ္ဂတွင် ပြုလုပ်သော နျူကလီယာ မပြန့်ပွားရေး စာချုပ်ဆိုင်ရာ ညီလာခံတွင် သူမက ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

အီရန် သမ္မတ မာမွတ် အာမက် ဒီနီဂျက်က "နျူကလီယာ နည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုလိုသူများအား နျူကလီယာ လက်နက် ပိုင်ဆိုင်သော နိုင်ငံများက ခြိမ်းခြောက်နေသည်" ဟု  စောစောပိုင်းက စွပ်စွဲခဲ့သည်။

၎င်း၏ မိန့်ခွန်း ပြောကြားမှုကို အမေရိကန်၊ ယူကေ နှင့် ပြင်သစ် ကိုယ်စားလှယ်များက အစည်းအဝေးခန်းမှ ထွက်ခွာ ကန့်ကွက်ခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စုသည် ရာစုနှစ် တစ်ဝက်ကျော်မျှ လျှို့ဝှက်ထားခဲ့သော ၎င်း၏ နျူကလီယာ လက်နက် အင်အား အရေအတွက်ကို ထုတ်ဖော် ကြေညာမည်ဟု ဝန်ကြီး ကလင်တန်က ပြောကြားခဲ့သည်။

အမေရိကန်က ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် နျူကလီယာ လက်နက် ဖျက်သိမ်းမှု စနစ်အတွင်း ပွင့်လင်း မြင်သာမှု တိုးတက်လာရန်နှင့် အခြားနိုင်ငံများ လိုက်ပါ ကျင့်သုံးရေးကို တိုက်တွန်း အားပေးရန် ဖြစ်သည်ဟု သူမက ဆိုသည်။

"ဒီနေ့ကစပြီး အမေရိကန် ပြည်ထောင်စုဟာ လက်နက်တိုက်ထဲမှာ သိုလှောင်ထားတဲ့ နျူကလီယာ လက်နက် အရေအတွက်နဲ့ ၁၉၉၁ ကစပြီး ဖျက်သိမ်းခဲ့တဲ့ လက်နက် အရေအတွက်ကို လူသိရှင်ကြား ထုတ်ပြန်မှာ ဖြစ်ပါတယ်" ဟု သူမက ပြောကြားခဲ့သည်။

"ဒါ့ကြောင့် အမေရိကန် ပြည်ထောင်စုဟာ လက်နက် ဖျက်သိမ်းရေး အစီအစဉ်ကို ကိုယ်တိုင် အကောင်အထည် ဖော်လိမ့်မယ်ဆိုတဲ့ အချက်ကို သံသယ ရှိနေသူတွေ အတွက်တော့ ဒါဟာ ကျွန်မတို့ရဲ့ သမိုင်းမှတ်တမ်းပါ။ ဒါဟာ ကျွန်မတို့ရဲ့ ကတိပါ။ သူတို့က လုံးဝ အမှားခံလို့ မရတဲ့ အချက်ပြမှုကို ပို့လိုက်တာပါ" ဟု သူမက ပြောဆိုခဲ့သည်။

ထို့နောက် အချိန်တို အတွင်းမှာပင် အမေရိကန် ကာကွယ်ရေးဌာနက ၎င်း၏ လက်နက်တိုက်တွင် သိမ်းဆည်းထားသော နျူကလီယာ ထိပ်ဖူး စုစုပေါင်း ၅၁၁၃ ခု ရှိကြောင်း ထုတ်ဖော် ကြေညာလိုက်သည်။

ဝန်ကြီး ကလင်တန်သည် သူမ၏ မိန့်ခွန်းတွင် အီရန်ကို မှန်မှန် ဝေဖန်ခဲ့ပြီး "သမ္မတ အာမက် ဒီနီဂျက်သည် အမေရိကန်နှင့် အခြား နိုင်ငံများ အပေါ် ငြီးငွေ့စရာကောင်းသော၊ မှားယွင်းသော၊ တစ်ခါတစ်ရံ ရိုင်းစိုင်းသော စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်" ဟု စွပ်စွဲလိုက်သည်။

အီရန်သည် တာဝန်ယူမှုကို ရှောင်ရှားရန် ကြိုးစားသည့် အနေဖြင့် ၎င်း၏ လုပ်ဆောင်မှု မှတ်တမ်း အပေါ် အများက အာရုံစိုက်နေခြင်းကို ရှောင်လွှဲရန် မည်သည့် ကိစ္စမဆို ပြုလုပ်လိမ့်မည်ဟုလည်း သူမက ပြောကြားသည်။

ယနေ့ အစည်းအဝေး ခန်းမအတွင်း ရှိနေသော နိုင်ငံများအနက် အီရန်သည် နျူကလီယာ လုံခြုံမှုဆိုင်ရာ လုပ်သင့်သည့် တာဝန်များကို လုံးဝ လိုက်လျော လုပ်ဆောင်ခြင်း မရှိကြောင်း   နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က သတ်မှတ်ထားသည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်ဟုလည်း သူမက ဆိုသည်။

"အီရန်ဟာ လုံခြုံရေး ကောင်စီနဲ့ IAEA ကို အာခံ စိန်ခေါ်ခဲ့ပြီး နျူကလီယာ မပြန့်ပွားရေး အစီအစဉ်ရဲ့ အနာဂတ်ကိုလည်း ဖျက်လိုဖျက်ဆီး လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပစ်ပယ်မှုနဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရတာပါ" ဟု သူမက ပြောကြားသည်။

အီရန်၏ ယူရေနီယမ် သန့်စင်ရေး အစီအစဉ်ကြောင့် ၎င်းနိုင်ငံအပေါ် စတုတ္တမြောက် ကုလသမဂ္ဂ စီးပွားရေး အရေးယူ ပိတ်ဆို့မှု အစီအစဉ်များ ချမှတ်ရန် အခြား လုံခြုံရေးကောင်စီ အဖွဲ့ဝင်များကို အမေရိကန်က လတ်တလော ဆွေးနွေးညှိနှိုင်းနေသည်။

တီဟီရန်ကမူ ၎င်း၏ နျူကလီယာ အစီအစဉ်သည် ငြိမ်းချမ်းရေး အတွက် သီးသန့် သုံးစွဲရန် ဖြစ်သည်ဟု ခုခံ ငြင်းဆိုနေသည်။

နျူကလီယာ မပြန့်ပွားရေး သဘောတူညီချက် NPT တွင် ကြီးမားသော လိုက်လျောမှုများ ပါဝင်သည်ဟု BBC သံတမန်ရေးရာ သတင်းထောက် Jonathan Marcus က ပြောကြားသည်။

အဓိက နျူကလီယာ ပါဝါ ၅ နိုင်ငံဖြစ်သည့် အမေရိကန်၊ ယခင် ဆိုဗီယက် ယူနီယံ၊ တရုတ်၊ ယူကေနှင့် ပြင်သစ်တို့က နောက်ဆုံး အဆင့်တွင် လက်နက် ဖျက်သိမ်းကြရန် သဘောတူ ထားကြသည်။ အခြား လက်မှတ် ရေးထိုးခဲ့ကြသော နိုင်ငံများကလည်း နျူကလီယာ လက်နက် လုံးဝ မထုတ်လုပ်ရန်နှင့် အပြန်အလှန်အားဖြင့် အရပ်ဖက်သုံး နျူကလီယာ နည်းပညာကို အပြည့်အဝ ရရှိရန် သဘောတူခဲ့ကြသည်။

သို့ရာတွင် မူလလက်ဟောင်း နျူကလီယာ လက်နက်နိုင်ငံများက ၎င်းတို့ တာဝန်ရှိသော လက်နက် ဖြုတ်သိမ်းမှုကို ထိထိရောက်ရောက် ပြုလုပ်ခြင်း မရှိဟု ဝေဖန် ဆန်းစစ်သူများက အငြင်းပွားနေသဖြင့် အထက်ပါ သဘောတူညီချက်မှာ လျော့တိလျော့ရဲ ဖြစ်လာသည့် လက္ခဏာ ရှိသည်ဟု BBC သတင်းထောက်က ပြောဆိုသည်။

အီရန် သမ္မတ အာမက် ဒီနီဂျက်က ၎င်း၏ မိန့်ခွန်းတွင် နျူကလီယာ ပါဝါနိုင်ငံများ၏ လက်နက် ဖျက်သိမ်းမှု ပျက်ကွက်ခြင်းကို ဝေဖန် ပြစ်တင်ခဲ့ပြီး "သူတို့ရဲ့ နျူကလီယာ လက်နက် ထုတ်လုပ်မှု၊ သိုလှောင်မှုနဲ့ အရည်သွေး မြှင့်တင်မှုတွေကြောင့် တခြားနိုင်ငံတွေကလည်း ကိုယ်ပိုင်လက်နက် ထုတ်နိုင်မှ တရားမျှတမယ်လို့ ယူဆလာတာပေါ့" ဟု ပြောကြားခဲ့သည်။

"နျူကလီယာဗုံးက လူသားတွေကို ဖျက်ဆီးမယ့် မီးစတစ်ခုပါ။ ကာကွယ်ရေး လက်နက် မဟုတ်ပါဘူး။ နျူကလီယာ လက်နက် ပိုင်ဆိုင်မှုဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ သူတပါးကို အနှောင့်အယှက် ဖြစ်စေတဲ့ ရှက်စရာ ကိစ္စတစ်ခုပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment