Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ နယ်ခြားဒေသ စောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်ပြီး စစ်အစိုးရကို လိုလားသော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ထက်ခြမ်းကွဲမည့် အလားအလာမျိုး ရှိသည် ဟူသော ကောလဟလများ ထွက်ပေါ်နေသည်။

      သတင်း ပေးပို့ချက်များအရ DKBA အဖွဲ့မှ အများစုသည် စစ်အစိုးရ၏ နယ်ခြား ဒေသစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေး အဆိုပြုချက်ကို ပယ်ချရန် အသင့် အနေအထားတွင် ရှိသည်။ DKBA အဖွဲ့အတွင်း နယ်ခြားဒေသစောင့် တပ်ဖွဲ့ ကိစ္စအပေါ် သဘောထား ကွဲလွဲမှုများ ဖြစ်နေသောကြောင့် မြန်မာစစ်တပ်က DKBA အဖွဲ့ ထိန်းချုပ်ရာ နယ်မြေတစ်ဝိုက်သို့ တပ်များ တိုးမြှင့် ချထားကြောင်း သိရသည်။ အဆိုပါ ဒေသများတွင် ဗိုလ်မှူးကြီး စောလဘွဲ့ ဦးစီးသည့် တပ်မဟာ-၅ ဌာနချုပ်လည်း ပါဝင်သည်။ ဗိုလ်မှူးကြီး စောလဘွဲ့သည် နယ်ခြားဒေသ စောင့်တပ် ကိစ္စကို ဆန့်ကျင်သူတစ်ဦး ဖြစ်ပြီး မြန်မာ စစ်အစိုးရနှင့် စစ်ခင်းရပါက လက်ဦးမှု ရယူရန် ပြင်ဆင်မှုများလည်း ပြုလုပ်လျက် ရှိသည်။

      ဧပြီလ ၂၈ ရက်နေ့ခန့်မှ စ၍ တင်းမာမှုနှင့် ထိတ်လန့်မှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည့်အတွက် အဆိုပါ ဒေသတွင် နေထိုင်သော ကျေးရွာသူ ကျေးရွာသားများမှာ အခြား ဒေသသို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြကြောင်း DKBA မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက DVB သတင်းဌာနသို့ ပြောကြားသည်။

      "မြန်မာ စစ်အစိုးရက ကျေးရွာ အတော်များများမှာ တပ်တွေ ဖြန့်လိုက်တော့ DKBA ဘက်ကလည်း သူတို့ လုပ်သလို တပ်တွေ အသင့်ဖြစ်အောင် လုပ်လာတယ်" ဟု ၎င်းက ဆိုသည်။ "ရွာသားတွေက အဲဒီဘက်မှာ မနေရဲလောက်အောင် ဖြစ်နေကြတယ်။ ကျွန်တော့် အထင် ပြောရရင် စစ်တပ်က DKBA တွေထက် လက်ဦးမှု ရအောင် လုပ်တဲ့အနေနဲ့ တပ်တွေ လွှတ်နေတာ။ ခြိမ်းခြောက်တဲ့ သဘောပေါ့။ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်မယ်လို့ ထင်ပါတယ်" ဟု ၎င်းက ဆိုသည်။

      ကရင် အမျိုးသား ယူနီယံ (KNU) ဒုတိယ ဥက္ကဋ္ဌ David Thakrabaw က "DKBA အများစုက နယ်ခြား ဒေသစောင့် တပ်ဖွဲ့ကိစ္စကို လက်သင့် မခံကြပါဘူး" ဟု DVB သို့ ပြောကြားသည်။ DKBA အဖွဲ့တွင်း နယ်ခြားဒေသ စောင့်တပ်ကိစ္စနှင့် ပတ်သက်၍ ထက်အောက် အကွဲအပြဲ ဖြစ်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

      ဤအတောအတွင်းမှာပင် ဧပြီလ ၂၈ ရက်နေ့က DKBA နှင့် စစ်အစိုးရအကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည် ဟူသော အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ် လာခဲ့သည်။ မြန်မာ စစ်အစိုးရက DKBA မိသားစုဝင်များ ထွက်ပြေး တိမ်းရှောင်သွားကြသည် ဟူသော ကိစ္စကို စုံစမ်း သိရှိပြီးနောက် ယင်းသို့ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ယခုအခါ ထိုင်းနိုင်ငံ Phop Phra ပြည်နယ်သို့ မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်းများစွာ ရောက်ရှိနေကြောင်း သိရသည်။

      ကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ၏ အဆိုအရ ဒုက္ခသည်များသည် အုပ်စုငယ်များအဖြစ် ရောက်ရှိလာကြောင်း၊ ၎င်းတို့ကို နေထိုင်စရာများ ပေးထားပြီး မိသားစုဝင် ဆွေမျိုးများနှင့် အတူ ထားရှိကြောင်း သိရသည်။ ကရင်ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် ကော့ကရိတ်နှင့် ဖားအံမြို့အနီးရှိ ကျေးရွာပေါင်း ၂၀ တို့မှ ဖြစ်ကြသည်။

      ထိုင်းနိုင်ငံ Phop Phra ပြည်နယ် ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသော ကရင် ဒုက္ခသည် အမျိုးသမီး တစ်ဦးက "ကျွန်မတို့ကို DKBA စစ်သားတွေက သတိပေးပါတယ်။ သူတို့နဲ့ 
မြန်မာစစ်တပ် တိုက်ပွဲဖြစ်တော့မယ် ဆိုပြီး သတိပေးတာပါ။ ကျွန်မတို့လည်း အဲဒါတွေ ကြားရတော့ အရမ်း ကြောက်လန့်သွားတယ်။ အဲဒါနဲ့ပဲ ဒီဘက်ကို ထွက်ပြေးလာခဲ့ကြတာပါ။ ကျွန်မရဲ့ ခင်ပွန်းကတော့ အခြေအနေတွေကို စောင့်ကြည့်ဖို့ ဆိုပြီး နေရစ်ခဲ့တယ်" ဟု ပြောကြားသည်။

      အမည်မဖော်လိုသော DKBA အရာရှိတစ်ဦးကမူ ၎င်းတို့အဖွဲ့သည် နယ်ခြား ဒေသစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး အသေးစိတ် အစီအစဉ်ကို စစ်အစိုးရထံသို့ မပေးပို့ခင် ကာလအတွင်း အချိန် ဆွဲထားကြကြောင်း ပြောကြားသည်။ ချစ်ထူး ဦးဆောင်သော DKBA တပ်မဟာ ၉၉၉ ကမူ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်ကို လက်သင့်ခံသည်။ ဤအတော အတွင်း၌ ကျင်းပ ပြုလုပ်သော နယ်ခြား ဒေသစောင့်တပ် ကိစ္စ အစည်းအဝေးသို့ တပ်မဟာ ၅ က တက်ရောက်ခဲ့ခြင်း မရှိပေ။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment