Transparency Myanmar

transparency.myanmar@gmail.com

Mizzima News, By Daniel Pedersen, 4th May 2010

          ယခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲများ အတွက် စစ်ဖက် အုပ်ချုပ်သူများ၏ ပြင်ဆင် နေမှုကြောင့် စစ်ပြေး ဒုက္ခသည်များ ဝင်ရောက်လာနိုင်သည်ဟု မှန်းဆကာ မဲဆောက်အနီး မြန်မာနယ်စပ်နှင့် အနီးတဝိုက်ကို ထိုင်းစစ်တပ်က ကာကွယ်ရေးဇုံ အဖြစ် သတ်မှတ် ဖွဲ့စည်းခဲ့သည်။

          မြန်မာ အစိုးရ တပ်ဖွဲ့များကြောင့် မြန်မာ စစ်ပြေး ဒုက္ခသည် တစ်သောင်းခန့် ထိုင်းနယ်စပ်ကို မကြာမီ ဖြတ်ကျော် ဝင်ရောက်လာမည်ဟု မျှော်လင့်ထားကြသည်။

ပထမတွင် နယ်ခြားစောင့်တပ်၊ ထို့နောက်တွင် အစိုးရ ပြည်သူ့စစ် စသည့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရန် မြန်မာ အစိုးရ၏ တောင်းဆိုမှုကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပယ်ချခဲ့ပြီးနောက် ပစ်ခတ်မှုနှင့် ဒုက္ခသည်များ ထွက်ပြေးမှုတို့ စတင်နေပြီ ဖြစ်သည်။

မွန်ပြည်နယ်တွင် နေထိုင်သူများမှာ နယ်စပ် မြန်မာဖက်ခြမ်းတွင် စုဝေး ရောက်ရှိနေကြပြီး၊ ကရင်ပြည်နယ်ကို ဖြတ်ကျော်ခဲ့ကြပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်း အိုးအိမ် ဖယ်ရှားခံရသူများ နေထိုင်သည့် ဟာလေ့ကာနီ စခန်းတွင် ပုန်းအောင်း နေထိုင်လျက် ရှိသည်။

မြန်မာဖက်ခြမ်းမှာ စစ်ရေး တည်ဆောက်မှုကို ထိုင်းစစ်တပ်က လေ့လာ စောင့်ကြည့်နေခဲ့ပြီး။ အဓိက ထိုးစစ်ကြီး ဆင်နွှဲရန် စစ်တပ်များ စုဖွဲ့နေသည်ဟု ထင်မြင်ချက် ပေးခဲ့သည်။ စစ်ပွဲများ ဖြစ်လာတော့မည်ဟု ထိုင်းတို့က ယုံကြည်ထားသည့်အလျှောက် စစ်ပွဲကြောင့် ထွက်ပြေးလာသူများ ခိုလှုံ နေထိုင်ရန် မဲဆောက် မြောက်ဘက်တွင် တစ်နေရာ၊ မဲဆောက် တောင်ဘက်တွင် တစ်နေရာ နယ်မြေ ၂ ခု ရွေးချယ်ခဲ့သည်။

တောင်ဘက်ရှိ နယ်မြေမှာ တပ်ခ်ပြည်နယ်၊ ပေါ့ဖရား ခရိုင် အတွင်းရှိ ဝါလေ ခရိုင်ခွဲ ဖြစ်ပြီး၊ မနှစ်က DKBA များထံ လက်လွှတ် ဆုံးရှုံးခဲ့ရသော KNLA စခန်းဟောင်း ဝါလေစီးနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ နောက်တနေရာမှာ ထိုင်းမြန်မာ နယ်စပ် မွိုင် မြစ်ကူးတံတားသစ် အနီးမှ ကော့ကိုးခရိုင် ဖြစ်သည်။

ဝါလေသည် KNLA တပ်မဟာ ၆ နယ်မြေ၏ ကျောဘက်တွင် ရှိပြီး ကော့ကိုးမှာမူ KNLA တပ်မဟာ ၇ နယ်မြေနှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။

ယခု တစ်ကြိမ်တွင်မူ ထိုင်း စစ်တပ်က ပြတ်ပြတ်သားသားပင် ဒုက္ခသည်များ အတွက် အမြဲတမ်း အဆောက်အဦများကို ဆောက်လုပ်ခြင်း မရှိဟု ပြောကြားခဲ့သဖြင့် စစ်ပွဲကြောင့် ထွက်ပြေးလာရသူများမှာ အိမ်ပြန်ရန် မျှော်လင့်ထားရလိမ့်မည်။ ယခင်နှစ်က DKBA ထိုးစစ်ကြောင့် ထောင်ပေါင်း များစွာသော ဒုက္ခသည်များ တကွဲတပြားဖြင့် မဲဆောက် မြောက်ဘက်သို့ ဝင်ရောက်လာကာ ထိုင်းနိုင်ငံအတွင်းရှိ မိုင်ရာနှင့်ချီ၍ ဝေးသော ဒေသများအထိ ပျံ့နှံ့ ရောက်ရှိသွားခဲ့သည်။ ထိုဖြစ်ရပ်မှ သင်ခန်းစာ ရယူခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က အချိန်တိုအတွင်း လူပေါင်း ၆၀၀၀ ခန့် ထိုင်းနယ်မြေတွင်း ဝင်ပြေးလာခဲ့ကြသလို အရေးကြီးသည့် KNLA အခြေစိုက် စခန်းများလည်း DKBA လက်အောက် ရောက်ရှိသွားခဲ့သည်။

ယခင်နှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဖြစ်ပွားခဲ့သော အထက်ပါ ဖြစ်စဉ်တွင် လုံးလုံးလျားလျား စခန်းသစ်တစ်ခု တည်ဆောက်ပေးမည်ဟု ထိုင်းအာဏာပိုင်များက NGO အဖွဲ့များနှင့် သဘောတူခဲ့သည်။ အကြောင်းမှာ ဒုက္ခသည် အရေအတွက် များပြား လွန်းသောကြောင့်ပင် ဖြစ်သည်။ သို့ရာတွင် DKBA (သို့) အစိုးရ တပ်ဖွဲ့များ၏ လုံခြုံရေးအရ ခြိမ်းခြောက်မှုကြောင့် စခန်းသစ် ဆောက်လုပ်ရန် မဖြစ်နိုင်သော နေရာ အနည်းငယ် ရှိကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

ယခု ထိုင်းတို့ ချမှတ်ထားသော စည်းမျဉ်းသစ်များမှ ယာယီ ဒုက္ခသည် စခန်းများ၏ ဆွဲဆောင်မှု အားလုံးကို ဖယ်ရှားထားခြင်း ဖြစ်သည်။ ရေတိုင်ကီများ၊ အိမ်သာသစ်များကို ခွင့်ပြုထားခြင်း မရှိပါ။ နယ်စပ်မှ ကီလိုမီတာ ၁၀၀ ကွာဝေးသော တိုက်ပွဲမှ ထွက်ပြေးလာသူများကို ထိုင်းနိုင်ငံတွင်း ဝင်ရောက် ခွင့်မပြုတော့ပါ။ ယခု ဒုက္ခသည် စခန်းသစ် ၂ ခုသို့ ရောက်ရှိနိုင်ရန်ကိုလည်း အပြင်းအထန် ကန့်သတ်ထားသည်။ နယ်စပ် ဖြတ်ကူးဝင်လာသူများကို ယာယီ လုံခြုံရေး အရသာ ခွင့်ပြုနိုင်မည်ဟု ထိုင်းစစ်သားများက နောက်ဆုံး ပြောကြားထားသည်။

ထို့အပြင် KNU (သို့) DKBA နှင့် ဆက်နွယ်သူများကို နယ်စပ် ဖြတ်ကူးခွင့် တားဆီးထားသလို ယခင် ရှိပြီးသား ဒုက္ခသည် စခန်းဟောင်းများတွင်လည်း လူသစ် လက်မခံတော့ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment