Transparency Myanmar

transparency.myanmar@gmail.com

Rawstory.com, 4th May 2010

မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အခြား ဝန်ကြီး ၂၂ ဦးတို့ ယခင် အပတ်က စစ်ဖက် ရာထူးများ စွန့်လွှတ်ခဲ့ကြခြင်းနှင့် ဝန်ကြီးချုပ်က ပါတီသစ် ဖွဲ့စည်းခဲ့ခြင်းတို့ အပေါ် အမေရိကန် ပြည်ထောင်စုက သတိကြီးစွာ ထား၍ တုန့်ပြန် ဆောင်ရွက်လျက် ရှိသည်။

"ဒီကိစ္စက အပေါင်းလက္ခဏာ ဆောင်တဲ့ အဆင့်တစ်ခု ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လုပ်ဆောင်မှုတွေပေါ် မူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Philip Crowley က သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် သံတမန် နည်းလမ်းအရ ဆွေးနွေးမှုများကို စတင် ပြုလုပ်ခဲ့သော သမ္မတ ဘားရက် အိုဘားမား အစိုးရက ပြောကြားရာတွင် "သူတို့ တကယ်ပဲ ပွင့်ပွင့်လင်းလင်း တံခါးဖွင့်တာလား။ ဒါမှမဟုတ် အခု ရာထူး စွန့်လွှတ်မှုတွေက 'သိုးယောင်ဆောင်တဲ့ ဝံပုလွေ' ဗျူဟာလား ဆိုတာနဲ့ ပတ်သက်လို့ မြန်မာ အစိုးရကို ဒီကိစ္စက အဆုံးအဖြတ် ပေးသွားမှာပါ" ဟု ဆိုသည်။

ဧပြီလ ၂၆ ရက်နေ့က ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဝန်ကြီး ၂၂ ဦး စစ်ဖက် ရာထူး စွန့်လွှတ်ခဲ့ကြခြင်းသည် ယခုနှစ် ရွေးကောက်ပွဲများ မတိုင်မီ စစ်ဖက် ခေါင်းဆောင် အချို့ကို အရပ်သား အဖြစ် အသွင်ပြောင်းခြင်း ဖြစ်ဖွယ် ရှိသည်။

၎င်းတို့ အရပ်သား အသွင်ပြောင်းပြီး ၄ ရက် အကြာတွင် ဦးသိန်းစိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ဖွဲ့စည်းမည်ဟု နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

"မြန်မာနိုင်ငံမှာ လုပ်ဖို့ လိုနေတာက အမှန်တကယ် စစ်မှန်တဲ့ နိုင်ငံရေး နယ်ပယ် တစ်ခု ဖွင့်လှစ်ပေးဖို့ပါ။ ဒီနယ်ပယ်ဟာ ဗိုလ်ချုပ်လူထွက်တွေ အတွက် သာမကပဲ မြန်မာ လူ့အဖွဲ့အစည်းမှာ အပြုသဘောဆောင်တဲ့ ရည်ရွယ်ချက်နဲ့ ပါဝင်ချင်တဲ့ ပြည်သူတွေ အားလုံးကိုလည်း အခွင့်အရေး ပေးရမှာပါ" ဟု Crowley က ပြောကြားခဲ့သည်။

"ဒါက သူတို့ လုပ်ရမယ့် ကိစ္စဖြစ်သလို သူတို့ မလုပ်ချင်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်နေပါတယ်" ဟု ၎င်းက ဖြည့်စွက်သည်။

Crowley က နိုင်ငံတကာ စံညွှန်းများနှင့် မညီညွတ်ဟု ၎င်းသတ်မှတ်ခဲ့သော ရွေးကောက်ပွဲ ဥပဒေသစ် အပေါ် အမေရိကန် ပြည်ထောင်စု၏ ပြစ်တင် ဝေဖန်မှုကို ထပ်မံ ပြောကြားလိုက်သည်။

မတ်လ ၁၀ ရက်က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေသစ်အရ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ပါတီမှ ထုတ်ပယ်ခံရမည့် အဖြစ်နှင့် ရင်ဆိုင်နေရသလို ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် အခြားနိုင်ငံရေး အကျဉ်းသားများနှင့်အတူ ပိတ်ပင် တားဆီးခြင်း ခံနေရသည်။

"မြန်မာနိုင်ငံမှာ နိုင်ငံရေး နယ်ပယ် ပွင့်လာဖို့ ရှိနေပါတယ်။ ခင်ဗျား သိတဲ့အတိုင်း နိုင်ငံတွင်းက တိုင်းရင်းသား အုပ်စုတွေ အားလုံးနဲ့လည်း အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လေ" ဟု Crowley က ပြောကြားသည်။

"တကယ်လို့ အခုလို ဗိုလ်ချုပ်တွေက သူတို့ဘာသာ အရပ်ဝတ်လဲတဲ့ ကိစ္စက နိုင်ငံရေး နယ်ပယ်ကို ဖွင့်ဟနိုင်မယ်ဆိုရင် ကျွန်တော်တို့ကလည်း အပေါင်း လက္ခဏာဆောင်တဲ့ ဆောင်ရွက်ချက် အဖြစ် အမှန်တကယ် ရှုမြင်ပေးမှာပါ" ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment