Transparency Myanmar

transparency.myanmar@gmail.com

The New York Times, By Seth Mydans, 6th May 2010

အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီသည် အနှစ်နှစ်ဆယ် လုံးလုံး မြန်မာ စစ်အစိုးရကို ဒီမိုကရေစီနှင့် ပတ်သက်၍ ဆန့်ကျင်ရာ ဗဟိုချက်မ ဖြစ်ခဲ့ပြီး သောကြာနေ့ နံနက် ၁၂း၀၁ နာရီတွင် တရားဝင် ရပ်ဆိုင်းသွားပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များက ပြောကြားရာတွင် ပါတီအနေဖြင့် နိုင်ငံရေးနှင့် မသက်ဆိုင်သော အဖွဲ့ အဖြစ် လူမှုရေး လုပ်ငန်းများဖြင့် အကောင်းဆုံး လုပ်ဆောင်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။

ပါတီ ရပ်ဆိုင်းသွားခဲ့ရခြင်းမှာ ရွေးကောက်ပွဲသည် ဒီမိုကရေစီ မကျဟု ဝေဖန်ကာ ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ပါတီအဖြစ် မှတ်ပုံတင်ရန် ငြင်းဆိုခဲ့ခြင်းကြောင့် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့် မရှိတော့ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒီမိုကရေစီ အရေးအခင်း အရှုပ်အထွေးများ အကြားမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အစိုးရက အာဏာ လွှဲပေးခဲ့ခြင်း မရှိခဲ့ပါ။ ထိုအချိန်မှ စ၍ ဗိုလ်ချုပ်များကို စိန်ခေါ်ခဲ့သော အဓိက အသံ အကျယ်ဆုံး အဖွဲ့ဖြစ်ပြီး၊ ရွေးချယ် တင်မြှောက်ခံရသော အမတ်များ အပါအဝင် အဖွဲ့ဝင် ရာပေါင်းများစွာမှာ အဖမ်းခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ လွန်ခဲ့သော အနှစ်နှစ်ဆယ် အတွင်း အချိန် အတော်များများအား နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိခြင်း ခံခဲ့ရသည်။

"ကျွန်တော်တို့ တိုက်ပွဲငယ်လေးကို ရှုံးတာပါ။ စစ်ပွဲကြီးမှာ ရှုံးနိမ့်တာ မဟုတ်ပါဘူး" ဟု ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ရန်ကုန်မြို့မှ တယ်လီဖုန်းဖြင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

ဦးဥာဏ်ဝင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်ပြီး ပြီးခဲ့သည့်လ လဆန်းပိုင်းက သူမထံ သွားရောက်စဉ်က "သူမက ကျွန်တော့်ကို ပြောတယ်။ ပြည်သူတွေ အတွက် လူမှုရေး လုပ်ငန်းတွေနဲ့ ပြန်စရမှာပဲ" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ပါတီသည် နိုင်ငံရေး အကျဉ်းသား တစ်ဦးချင်းအား အလှူငွေ မှန်မှန် လှူဒါန်းပြီး၊ ၂၀၀၈ ခုနှစ် မေလက နာဂစ် မုန်တိုင်း အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်လျက် ရှိသည်။

"ကျွန်တော်ကတော့ ပါတီက ပြီးဆုံးသွားပြီလို့ မထင်ဘူး" ဟု Rutgers တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ မြန်မာ့အရေး ကျွမ်းကျင်သူ Josef Silverstein က ပြောကြားခဲ့သည်။ "ကျွန်တော် ထင်တယ်။ သူတို့က အသံဗလံ မထွက်ဘဲ လုပ်လို့ ရအောင် မှန်းဆနေပုံ ရတယ်။ အစိုးရကလည်း ခွင့်ပြုလိမ့်မယ် ထင်တယ်"  ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသော အသက် ၈၂ နှစ်ရှိ ပါတီ ဒုတိယ ခေါင်းဆောင် ဦးတင်ဦးက ငယ်ရွယ်တဲ့ မျိုးဆက်သစ်များမှာ ပါတီ၏ ဒီမိုကရေစီ လုပ်ငန်းများ ဆက်လုပ်နိုင်မည် ဖြစ်ကြောင်း ၎င်းအနေနှင့် ယုံကြည်မှု အပြည့်ရှိကြောင်း ဆိုသည်။

"ကျွန်တော်တို့ကတော့ ကြီးပါပြီ။ ဒါပေမယ့် မျိုးဆက်သစ် တွေကတော့ တက်ကြွပါတယ်"  ဟု ၎င်းက ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောသည်။

"လူတွေ ဖြစ်စေချင်တာကို ကျောခိုင်းတာတော့ မဟုတ်ပါဘူး။ လူထုကို ဘယ်တော့မှ မစွန့်ခွာပါဘူး" ဟု ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ဖြစ်ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စ၍ နေအိမ် အကျယ်ချုပ် ၇ နှစ် ကျခံနေရာမှ လွတ်မြောက်ခဲ့သူ ဦးတင်ဦးက ပြောသည်။

ယခုနှစ်တွင် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဆိုအရ ယခုနှစ် ရွေးကောက်ပွဲများ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ အတိုက်အခံကို ကန့်သတ်မှုများ ပြုလုပ်ခြင်းကြောင့် ဝေဖန် သုံးသပ်သူများရော၊ အတိုက်အခံ အတွက်ပါ ယခု ရွေးကောက်ပွဲသည် အရပ်သား အစိုးရ နောက်ကွယ်မှ စစ်အစိုးရ အုပ်ချုပ်မှုကို တရားဝင်အောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားရာတွင် မြန်မာ အစိုးရသည် အများ လက်ခံသော ရွေးကောက်ပွဲ ဖြစ်ရေးအတွက် လိုအပ်သော အခြေအနေများ ဖြစ်ပေါ်အောင် မလုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment