Transparency Myanmar

transparency.myanmar@gmail.com

      နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ မြန်မာ စစ်အစိုးရက ဖန်တီး ပြုလုပ်ထားသော နိုင်ငံရေး အခြေအနေများကြောင့် အမေရိကန် အစိုးရမှာ အကျပ်ရိုက် ဒုက္ခရောက်နေရကြောင်း အမေရိကန် ထိပ်တန်း သံတမန်တစ်ဦး ဖြစ်သော Kurt Campbell က မေလ ၉ ရက်နေ့တွင် သုံးသပ် ပြောဆိုလိုက်သည်။

      အရှေ့ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell သည် မေလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာသည်။ ၎င်းသည် အဆိုပါ ခရီးစဉ်အတွင်း စစ်အစိုးရ ခေါင်းဆောင်များနှင့် သာမက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။

      "ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ကိစ္စတွေက ကျွန်တော်တို့ကို အကျပ်ရိုက် ဒုက္ခ ရောက်စေပါတယ်။ မြန်မာ ရွေးကောက်ပွဲနဲ့ မြန်မာ စစ်အစိုးရက ဖန်တီးလိုက်တဲ့ နိုင်ငံရေး အခြေအနေ တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အင်မတန် စိုးရိမ် ပူပန်မိပါတယ်" ဟု မစ္စတာ Campbell က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် များကို ပြောကြားသည်။

      ယခုနှစ်အတွင်း ကျင်းပရန် ရှိသည့် မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲသည် ရာစုနှစ်ဝက်မျှ ဆုပ်ကိုင်ခဲ့သည့် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရန်သာ အဓိက ဦးတည်ထားခြင်း ဖြစ်သည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများက ဆိုသည်။

      မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးသည် ၁၉၈၈ ခုနှစ်တွင် စစ်တပ်က ဒီမိုကရေစီ အရေးတော်ပုံ ဆန္ဒပြပွဲကြီးကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့် အချိန်မှစ၍ အေးတိအေးစက် ဖြစ်ခဲ့ရသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ပေါ်ထွန်းရေး လူထုအုံကြွမှုတွင် စစ်တပ်က အင်အားသုံး နှိမ်နင်းခဲ့သဖြင့် လူပေါင်း ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသည်။ ဝါရှင်တန် အစိုးရသည် ထိုအချိန်မှ စ၍ မြန်မာနိုင်ငံ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချသူ တစ်ဦး ဖြစ်လာသည်။ မြန်မာ စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ပြီး ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက် တင်မြှောက်ခြင်း ခံရသော နိုင်ငံရေးပါတီ NLD ကို အာဏာ လွှဲပြောင်းပေးမှု မပြုလုပ်သည့် အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများ တင်းတင်းကြပ်ကြပ် ပြုလုပ်လာသည်။

      မည်သို့ပင်ဆိုစေ မစ္စတာ Campbell က မိမိအနေဖြင့် ဝါရှင်တန် အစိုးရ၏ မူဝါဒ ဖြစ်သော မြန်မာစစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

      အမေရိကန် သမ္မတ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် ယခင် ကျင့်သုံးခဲ့သည့် နိုင်ငံခြားရေး မူဝါဒဖြစ်သော အထီးကျန် ဖြစ်ရေးကို ရပ်ဆိုင်းကာ စေ့စပ်ညှိနှိုင်းရေး ဟူသော မူဝါဒသစ် တစ်ရပ်ကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ စေ့စပ် ညှိနှိုင်းရေးဟု ဆိုသည့်တိုင် ပိတ်ဆို့ အရေးယူမှုများကိုမူ ဆက်လက် ကျင့်သုံးနေဆဲပင် ဖြစ်သည်။

      လက်ရှိ အနေအထားတွင် စစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများကို ကြည့်ပါက ဒီမိုကရေစီ လိုလားသော အတိုက်အခံများ၊ နိုင်ငံရေး အကျဉ်းသားများ၊ တိုင်းရင်းသား လူနည်းစုများနှင့် စစ်အစိုးရ အကြား တွေ့ဆုံစကား ပြောဆိုမှု လျော့နည်းနေသည်ကို တွေ့ရကြောင်း မစ္စတာ Campbell က ပြောဆိုသည်။ အဆိုပါ အရေးကိစ္စများကို ယခု ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်တွင် ထည့်သွင်း ဆွေးနွေးသွားရန် ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

      မြန်မာနိုင်ငံသည် မြောက်ကိုရီးယား၏ အကူအညီဖြင့် နျူကလီယာ နည်းပညာ ရရှိရန် ကြိုးပမ်းနေဖွယ် ရှိသည်ဟူသော ကိစ္စအတွက် စိုးရိမ် ပူပန်မိကြောင်း အမေရိကန် အစိုးရက သဘောထား ထုတ်ပြန်ထားသည်။

      မြန်မာ စစ်ခေါင်းဆောင်များက စစ်မှန်သော နိုင်ငံရေး တိုးတက် ဖြစ်ထွန်းမှုများ ပေါ်ပေါက်အောင် အကောင်အထည် မဖော်နိုင်သေးသရွေ့ အမေရိကန် အစိုးရက နိုင်ငံရေး နှင့် စီးပွားရေး ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများကို ဆက်လက် ကျင့်သုံးနေမည် ဖြစ်သည်ဟု ဆိုသည်။

      မစ္စတာ Campbell သည် ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် မြန်မာ စစ်အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်သို့ လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။ ၎င်းသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံပြီး ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ခဲ့သည်။ ဦးသောင်းသည် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးကြီးသော ပုဂ္ဂိုလ် ဖြစ်သည်။

      "မစ္စတာ Kurt Campbell လာရောက် လည်ပတ်တာကို ကျွန်တော့် အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ်ကနေ သူ ဘာတွေ အောင်မြင်မှု ရမယ်လို့ မျှော်လင့်ထားလဲ ဆိုတာကို ကျွန်တော် လုံးဝ နားမလည်နိုင်ပါဘူး" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

      ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးကောက်ပွဲသည် အတုအယောင် မျှသာ ဖြစ်သောကြောင့် ပါဝင် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ NLD သည် ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ရမည့် နောက်ဆုံး နေ့ရက်အထိ ရွေးကောက်ပွဲ ဝင်ရန် ငြင်းဆိုခဲ့ရာ ယခုအခါ ဥပဒေကြောင်းအရ နိုင်ငံရေးပါတီ အဖြစ်မှ တရားဝင် ပယ်ပျက်သွားပြီ ဖြစ်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment