Transparency Myanmar

transparency.myanmar@gmail.com

AFP, 11th May 2010

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေမှုများ အပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်းနှင့် ကျိုးကြောင်း ဆီလျော်မှု မရှိသည့် ကိစ္စများကို ချက်ချင်း ပြင်ဆင်ရန် ထိပ်တန်း အမေရိကန် သံတမန်က တနင်္လာနေ့က ပြောကြားလိုက်သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် အစိုးရ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်များနှင့် လည်းကောင်း တွေ့ဆုံအပြီးတွင် ပြင်းထန်သော ဝေါဟာရများ ပါဝင်သော ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

"ကျွန်တော်တို့ တွေ့ရှိချက် အရကတော့ အခု ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာမှာ တရားဝင်ဖို့ မဖြစ်နိုင်ပါဘူး" ဟု Campbell က ယခုနှစ် မြန်မာအစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ အစီအစဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာ အစိုးရကို တိုက်တွန်းလိုတာကတော့ အခု ရွေးကောက်ပွဲ မလုပ်ခင် ကျန်တဲ့ အချိန်လေးမှာ ဒီလုပ်ငန်းစဉ်ကို လမ်းဖွင့်ပြီး အမြန်ဆုံး ပြုပြင်ဖို့ပဲ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

အနောက်နိုင်ငံများ၏ မြန်မာ အစိုးရအား အထီးကျန် ပစ်ပယ်ထားမှုများသည်၊ အောင်မြင်မှု မရသောကြောင့် Obama အစိုးရသည် မြန်မာ အစိုးရ အုပ်ချုပ်သူများနှင့် တွေ့ဆုံ ဆွေးနွေးရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။

သို့သော် ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများကို ကြည့်၍  ဝေဖန် သုံးသပ်သူများက စစ်တပ်မှ ချုပ်ကိုင်မှု အာဏာကို တရားဝင်အောင် ပြုလုပ်မည့် ဆင်လုံးသာ ဖြစ်သည်ဟု ရှုတ်ချကြခဲ့ခြင်းကြောင့်၊ Obama အစိုးရကလည်း ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများကို ထိရောက်စွာ ဝေဖန်ခဲ့သည်။

"မြန်မာ အစိုးရ ခေါင်းဆောင်မှုပိုင်းက တုန့်ပြန်မှုဟာ အလွန်အမင်း စိတ်ပျက်ဖွယ် ကောင်းပေမယ့်လည်း၊ ကျွန်တော် တွေ့ခဲ့ရတဲ့ (အစိုးရ မဟုတ်တဲ့) အပြင်လူတွေကတော့ အတော် စိတ်ကျေနပ်ဖို့ ကောင်းပါတယ်" ဟု Campbell က ဖြည့်စွက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အများက ဝေဖန်နေကြသော ရွေးကောက်ပွဲ ဥပဒေအရ ပြီးခဲ့သည့် အပတ်က ဖျက်သိမ်းခဲ့ရပြီး ဖြစ်သည်။

အသက် ၆၄ နှစ်ရှိ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ ဧည့်ဂေဟာ၌ Campbell နှင့် တစ်နာရီကျော်ကြာ စကားပြောခဲ့သည်။

Campbell သည် သူမနှင့် ရန်ကုန်တွင် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း တွေ့ဆုံခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သတင်းထောက်များသို့ စကားပြောကြားခဲ့ခြင်း မရှိသော်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ထိပ်တန်း NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောကြားရာတွင် အခြား အတိုက်အခံ ခေါင်းဆောင်များက Campbell နှင့် သီးခြား တွေ့ဆုံရာတွင် ဝါရှင်တန်က မြန်မာ အစိုးရအား ဖိအား ပိုမိုပေးရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

"ကျွန်တော်တို့ ထင်တာကတော့ အမေရိကန်က မြန်မာအစိုးရ အပေါ် ဆက်ဆံတာ ပျော့လွန်းတယ် ထင်တာပဲ" ဟု ဦးဝင်းတင်က ပြောသည်။

"ပိုမို ပြင်းထန်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အရေးယူမှုတွေ လုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ကမ္ဘာကြီးက တောင်းဆိုနေသလို အများ လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ပါဘူး။ ရွေးကောက်ပွဲ ရလဒ်ကို ဘာမှ မမျှော်လင့်ပါနဲ့လို့ ထပ်ပြောချင်ပါတယ်" ဟု ၎င်းက ပြောသည်။

NLD သည် ၎င်းတို့၏ ခေါင်းဆောင်အား ပါတီမှ ထုတ်ပယ်ရမည် ဖြစ်သဖြင့် ရွေးကောက်ပွဲ အတွက် ပါတီကို ပြန်လည် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့ပြီး၊ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

ပြီးခဲ့သည့် အပတ်က အမေရိကန် ထိပ်တန်း ရီပတ်ဗလစ်ကင် ဆီနိတ်တာ Mitch McConnell က မြန်မာ ခေါင်းဆောင်များသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အတွက် အမှန်တကယ် တိုးတက်မှုများ မပြုလုပ်နိုင်ခြင်းကြောင့် ပိုမို တင်းကြပ်သော အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

NLD အတွင်းမှ အုပ်စုတစ်စုသည် ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့ရာ၌ ၎င်းတို့သည် အမျိုးသား ဒီမိုကရေစီ အင်အားစု (National Democratic Force) အမည်ဖြင့် နိုင်ငံရေးပါတီ တစ်ခု တည်ထောင်မည်ဟု ပြောကြားခဲ့သည်။

အဆိုပါ အဖွဲ့သည် ရွေးကောက်ပွဲတွင် ပါဝင်လိမ့်မည် ဖြစ်ပြီး၊ NLD အဖွဲ့ဝင်ဟောင်း ဒေါက်တာ သန်းငြိမ်းမှ ဦးဆောင်မည် ဖြစ်သည်။

"လာမည့် ရွေးကောက်ပွဲ အတွက် နိုင်ငံရေး ပါတီတွေဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချနေကြရတာကြောင့် ကျွန်တော် လေးစားပါတယ်" ဟု Campbell က ပြောခဲ့သည်။

"အချို့က ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ကြပြီး၊ အချို့ကတော့ မဝင်ဘူးလို့ ဆုံးဖြတ်ကြတယ်။ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ်၊ ဒါသူတို့ရဲ့ အခွင့်အရေးပါပဲ။ အမေရိကန် ပြည်ထောင်စု အနေနဲ့ သူတို့ အားလုံးရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်" ဟု ၎င်းက ပြောသည်။

အစိုးရ၏ မတရား ဖိနှိပ်မှုများကြောင့် NLD မှာလည်း ယဲ့ယဲ့သာ ကျန်ရှိတော့ပြီး၊ NLD ခေါင်းဆောင်ပိုင်းကလည်း အသက် ၈၀ နှင့် ၉၀ များ ဖြစ်ကုန်ပြီ ဖြစ်ရာ၊ ၎င်းတို့၏ တင်းမာသော ရပ်တည်ချက် အတွက် မျိုးဆက်သစ်များက ပိုမို၍ လက်တွေ့ကျသော ချဉ်းကပ်မှုများ ပြုလုပ်ရန် မေးခွန်းထုတ်လျက် ရှိနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment