Transparency Myanmar

transparency.myanmar@gmail.com

      ယခုအခါ မြန်မာနိုင်ငံတွင်း သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေရာများသို့ စေတနာရှင်များက ရေသွားရောက် လှူဒါန်းမှုများ ပြုလုပ်ရာ၌ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံဖွံ့) က လိုက်လံ အနှောင့်အယှက် ပေးလျက် ရှိကြောင်း စုံစမ်းသိရရှိရသည်။

      မကြာသေးခင် ရက်သတ္တပတ်အတွင်း ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ မိုးခေါင်ရေရှား ဖြစ်ပေါ်နေသော ဒေသသို့ အလှူရှင် အဖွဲ့တစ်စု ရေလှူဒါန်းရန် သွားရောက်ရာတွင် ရဲများ၏ စုံစမ်း စစ်ဆေးမှုကို ခံရကြောင်း စေတနာ့ ဝန်ထမ်းများက Irrawaddy သတင်းဌာနသို့ ပြောကြားသည်။ ၎င်းတို့၏ အဆိုအရ ရဲများက အလှူရှင် အုပ်စုခေါင်းဆောင်၏ အမည်ကို မေးမြန်းပြီး မော်တော်ယာဉ် လိုင်စင်နှင့် မည်သည့် နေရာသို့ ရေသွားရောက် လှူမည် ဟူသော အချက်ကို မှတ်သားခဲ့ကြကြောင်း သိရသည်။

      ယခင် ပဲခူးမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အမတ်ဟောင်း ဦးမြတ်လှက "အာဏာပိုင်တွေက သူတို့ ပြောတဲ့ နေရာကို ရေသွားလှူပေးဖို့ အလှူရှင်တွေကို အမိန့်ပေး နေပါတယ်။နောက်ပြီး သူတို့က ကြံ့ဖွံ့အလံကို ရေလှူတဲ့ ကားပေါ်မှာ တပ်ဖို့ပေးတယ်။ ဒါပေမဲ့ အလှူရှင်တွေက သူတို့ ပေးတဲ့ အလံတွေကို လွှတ်ပစ်လိုက်ကြတယ်" ဟု ပြောဆိုသည်။

      ယခု ကာလအတွင်း ဖြစ်ပေါ်လျက် ရှိသော အပူလှိုင်းဂယက်ကြောင့် မြန်မာနိုင်ငံ နေရာ အတော်များများတွင် မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်လျက် ရှိသည်။ ဒေသခံ စေတနာရှင်များက အလှူငွေများ လိုက်လံစုဆောင်းကာ ရေပြတ်လပ်သော နေရာများသို့ ရေများ လိုက်လံ ဝေငှလျက် ရှိကြသည်။ လှူဒါန်း ရရှိသော ရေများကို သောက်သုံးရေ လုံးဝ ပြတ်လပ်နေသော ကျေးရွာဒေသများသို့ ပေးပို့ ဖြန့်ဝေလျက် ရှိသည်။ ဒေသခံများ၏ အဆိုအရ မုတ်သုန်ရာသီ ဝင်ရောက်မှု နောက်ကျပြီး အပူချိန် အလွန်အမင်း မြင့်တက်မှုကြောင့် ရေတွင်းရေကန်များ၊ မြစ်ချောင်းများ ခြောက်ခန်းလျက် ရှိရာ စစ်တပ်ကလည်း မည်သည့်အရာမျှ မလုပ်ပေးနိုင်ကြောင်း သိရသည်။

      ရန်ကုန် အခြေစိုက် နာရေးကူညီမှု အသင်း (FFSS) မှ သရုပ်ဆောင် ဦးကျော်သူက "တကယ်လို့ ကျွန်တော်တို့ကို သူတို့ရဲ့ အလံ လွှင့်ခိုင်းရင် ကျွန်တော်တို့ကတော့ လက်ခံမှာ မဟုတ်ဘူး။ ကျွန်တော်တို့ နာရေးကူညီမှု အသင်းတံဆိပ်ပဲ သုံးရမှာပဲ" ဟု Irrawaddy သတင်းဌာနသို့ ပြောကြားသည်။ ဦးကျော်သူ၏ နာရေးကူညီမှု အသင်းသည် ရန်ကုန်မြို့တွင် အခမဲ့ နာရေး ဝန်ဆောင်မှု များပေးသလို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းလည်း ဖွင့်လှစ်ထားသည်။ FFSS သည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နာဂစ် ဆိုက်ကလုန်း ဝင်ရောက်စဉ်ကလည်း မုန်တိုင်း ဒုက္ခသည်များကို တက်ကြွစွာ အကူအညီ ပေးခဲ့သည်။

      ပဲခူးမြို့နယ်မှ အလုပ်သမားရေးရာ ကိစ္စများ လုပ်ဆောင်ပေးသူ ဦးအေးမြင့်က ၎င်းတို့ ဒေသတွင် ကြံ့ဖွံ့က ဆိုက်ကားအစီးရေ ၅၀ ခန့် ငှားရမ်းပြီး ဆိုက်ကားပေါ်တွင် ရေသန့်ဘူးများ တင်ဆောင်ကာ ဓာတ်ပုံ မှတ်တမ်း ရိုက်ယူကြကြောင်း၊ ကြံ့ဖွံ့အသင်းကလည်း ရေများ လိုက်လံလှူဒါန်းနေသည် ဟူသော အချက်ကို ပြသရန် ယင်းသို့ ဓာတ်ပုံ ရိုက်ကူးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

      "ဓာတ်ပုံရိုက်ပြီးတော့ ဆိုက်ကားသမားတွေကို သူတို့ ပိုက်ဆံ ထုတ်ပေးပြီး ပြန်ခိုင်းကြတယ်။ သူတို့က ရေလှူနေပါတယ် ဆိုပြီး ဟန်ဆောင်နေကြတာ" ဟု ဦးအေးမြင့်က ပြောကြားသည်။

Irrawaddy သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment