Transparency Myanmar

transparency.myanmar@gmail.com

တောင်ကိုရီးယား ရေတပ် စစ်သင်္ဘော တိုက်ခိုက်ခံရပြီး နစ်မြုပ်ခဲ့မှုတွင် မြောက်ကိုရီးယား အနေဖြင့် နှစ်နိုင်ငံ စစ်ရပ်ဆိုင်းရန် သဘောတူညီမှု ဖောက်ဖျက်ခြင်း ရှိ၊မရှိ ဟူသော ကိစ္စကို ကုလသမဂ္ဂ ဌာနချုပ်က စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ကုလသမဂ္ဂသည် ယခုအခါ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့များကို စုရုံးကာ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အပါအဝင် နှစ်နိုင်ငံ စစ်ရပ်ဆိုင်းရေး သဘောတူညီချက် အပေါ် မြောက်ကိုရီးယား နိုင်ငံက ချိုးဖောက်မှု ရှိ၊မရှိ ဟူသော ကိစ္စကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ကုလသမဂ္ဂက ဆိုသည်။

      စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပေးနေသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ တူရကီ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ဆွီဒင်နှင့် ဆွစ်ဇာလန်တို့ ဖြစ်သည်။ စုံစမ်း စစ်ဆေးမှုကို တောင်ကိုရီးယား နိုင်ငံက ဦးဆောင်မှု ပြုသည်ဟု သိရသည်။

      လတ်တလော စုံစမ်း စစ်ဆေးမှုများအရ မတ်လ  ၂၆ ရက်နေ့က နစ်မြုပ်ခဲ့သော Cheonan အမည်ရ တောင်ကိုရီးယား စစ်သင်္ဘောသည် မြောက်ကိုရီးယားက တော်ပီတို ဒုံးကျည်ဖြင့် တိုက်ခိုက် ခံခဲ့ရကြောင်း သိရသည်။ ထိုဖြစ်ရပ်ကြောင့် Cheonan စစ်သင်္ဘောပေါ်မှ သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည်။

      မြောက်ကိုရီးယား အစိုးရကမူ လက်ရှိ စွပ်စွဲ ပြောဆိုချက်များကို ငြင်းပယ်ထားသည်။

      မြောက်ကိုရီးယားက အဆိုပါ ကိစ္စကို စုံစမ်းစစ်ဆေးရန် မိမိတို့ဘက်မှ အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ စေလွှတ်လိုသည်ဟု ဆိုသော်လည်း တောင်ကိုရီးယားက လက်မခံပေ။ အကြောင်းမှာ ယခု ကိစ္စကို စစ်ရပ်ဆိုင်းရန် သဘောတူညီမှု ဘောင်အတွင်းကပင် ဖြေရှင်း လိုသောကြောင့်ဟု တောင်ကိုရီးယားက ဆိုသည်။

      "မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ခိုင်မာစွာ ပြောလိုသည်မှာ ယခုကိစ္စသည် စစ်ရပ်ဆိုင်းရေး သဘောတူညီချက် ဟူသော အကြောင်းပြချက်ဖြင့် ဖြေရှင်းရသည်အထိ အကျိုးအကြောင်း ဆက်စပ်မှုမရှိ ဟူသော အချက်ပင် ဖြစ်သည်။ တောင်ကိုရီးယား၏ လုပ်ကြံ ဖန်တီးမှုသာ ဖြစ်သည်" ဟု မြောက်ကိုရီးယား အစိုးရက ဆိုသည်။

      တောင်ကိုရီးယား အနေဖြင့် ယုံမှားသံသယ ဖြစ်မှုများ မထားရှိဘဲ သက်သေ အထောက်အထား များကို ထုတ်ဖော် ပြသနိုင်ရန် မြောက်ကိုရီးယား စုံစမ်း စစ်ဆေးရေး အဖွဲ့ကို  လက်ခံသင့်သည်ဟု ပြုံးယမ်း အစိုးရက ဆိုသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment