Transparency Myanmar

transparency.myanmar@gmail.com

BBC News, 23rd May 2010

ထိုင်းနိုင်ငံ၌ အစိုးရ ဆန့်ကျင် ဆန္ဒပြသူ ရှပ်နီများကြောင့် ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများ ပြီးဆုံးပြီး တပတ်အကြာ တနင်္လာနေ့တွင် ဘန်ကောက်မှ စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ ရုံးများ ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေကြသည်။

မြို့တော် နေထိုင်သူများက ရှင်းလင်း သန့်စင်မှု ပြုလုပ်နေခြင်း နှင့်အတူ ဘန်ကောက် မြို့တော်သည် ပုံမှန် အခြေအနေသို့ ပြန်သွားနေသည်ဟု ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားက ပြောကြားလိုက်သည်။

လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရသော အကြမ်းဖက် ဖြိုခွဲမှုများ အပြီးတွင် ထောင်ပေါင်း များစွာသော ပြည်သူများက တံမြက်စည်းများ၊ ရေပုံးများဖြင့် လမ်းများကို သန့်စင်ခဲ့ကြသည်။

သို့ရာတွင် မြို့တော်တွင်း ညမထွက်ရ အမိန့်ကိုမူ နောက်ထပ် ၂ ည သက်တမ်း တိုးထားသည်။

"အရာအားလုံး အေးချမ်းပြီး ပုံမှန် ပြန်ဖြစ်နေပါပြီ" ဟု ဝန်ကြီးချုပ်က တနင်္ဂနွေနေ့ ရုပ်သံမိန့်ခွန်းတွင် ထုတ်လွှင့်သွားသည်။

ဝန်ကြီးချုပ်က ဆန္ဒပြပွဲများ အတွင်း ပုန်းအောင်းနေခဲ့သော စစ်တပ် အခြေစိုက် စခန်းမှ ၎င်း၏ ရုံးခန်းသို့ ပြန်တော့မည်ဟု ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြသည်။

 

တုန်လှုပ်သွားခဲ့ကြ

မြို့တော်၏ အဓိက ရပ်ကွက်များကို ၂ လကြာ သိမ်းပိုက်ထားခဲ့သော အစိုးရ ဆန့်ကျင် ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွဲခဲ့စဉ် အတွင်း လုံခြုံရေး တပ်ဖွဲ့များ၏ လုပ်ဆောင်ချက် အပြုအမှုများကို ဝန်ကြီးချုပ် အဘီဆစ်က ကာကွယ် ပြောကြားခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်စီးနင်းမှုကြောင့် ရှပ်နီ ခေါင်းဆောင်များ အညံ့ခံခဲ့ပြီးနောက်တွင် ဒေါသထွက်နေသော ဆန္ဒပြသူ အချို့က မြို့လယ်ခေါင် ဆိုင်များ၊ ကုန်တိုက်များနှင့် စီးပွားရေး လုပ်ငန်းများကို မီးရှို့ခဲ့ကြသည်။

တာယာပုံ အတားအဆီးများ မီးလောင်မှုကြောင့် ကျန်ရစ်ခဲ့သော ကျပ်ခိုးများကို ရှင်းလင်းရန် အချို့ ဆိုင်ဝင်ပေါက်များတွင် ကြမ်းပြင်ဆေး လျှပ်စစ်ကိရိယာများဖြင့် ပွတ်တိုက် ဆေးကြောခဲ့သလို၊ အညစ်အကြေး၊ အမှိုက်များကို သန့်ရှင်းရန်အတွက် အင်အားပြင်း ရေပိုက်ခေါင်းများ အသုံးပြုခဲ့ရသည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

နံရံများနှင့် လမ်းများပေါ်မှ နိုင်ငံရေး ပိုစတာများ ဖြုတ်ခွာရန်နှင့် ဆေးရေးစာများကို ဆေးကြောရန် အတွက် စည်ပင်သာယာ လုပ်သားများကို စေတနာ့ဝန်ထမ်း ပြည်သူများက ကူညီခဲ့ကြသည်။

"ပထမတော့ ဘာတွေ ဖြစ်နေလဲဆိုပြီးတော့ ကြောင်သွားတယ်။ ဒါပေမယ့် နောက်တော့ ဘန်ကောက်မြို့သားတွေ အများကြီး ကူညီဖို့ ထွက်လာတာကို မြင်ရပြီးတော့ အင်အားတွေ ပြည့်သွားသလို ခံစားလိုက်ရတယ်" ဟု ရေလုံရာဘာ ဖိနပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်ထားသူ အသက် ၄၀ အရွယ် ဝါနာပေါင်ဆူခိုပန်က AP သို့ ပြောကြားခဲ့သည်။

ဘန်ကောက် မိုးပျံရထား အချို့မှာ တနင်္ဂနွေနေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

မြို့တော်ကို ဆေးကြော သန့်ရှင်းခြင်းသည် လွယ်ကူသော အလုပ် မဟုတ်သကဲ့သို့ လူ့အဖွဲ့အစည်း တခုလုံး အတွင်းမှ အကွဲအပြဲများကို ကုသရေးမှာလည်း စိမ်ခေါ်မှုများ ပိုများလာလိမ့်မည်ဟု ဘန်ကောက်မှ BBC သတင်းထောက် ကရစ်ရှုမား ဗာစဝါနီက ပြောကြားသည်။

တိုင်းပြည်တွင်း ပြဿနာများမှာ ပြီးဆုံးရန် မလွယ်ကူဟု ဘန်ကောက်မှ ပြည်သူ အများစုက ယူဆနေကြကြောင်း သူမက ပြောကြားလိုက်သည်။

တရားမဝင် အာဏာရလာသော အဘီဆစ် အစိုးရ နုတ်ထွက်ပေးရန် ရှပ်နီများက တောင်းဆိုနေသည်။

ဝန်ကြီးချုပ် အဘီဆစ်က နိုဝင်ဘာလတွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ယခင်က ကမ်းလှမ်းခဲ့သော်လည်း ဆန္ဒပြပွဲများ အဆုံးသတ်ရန် ရှပ်နီများက ငြင်းဆန်ခဲ့ပြီးနောက် ကမ်းလှမ်းမှု ရုတ်သိမ်းခဲ့သည်။

၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းမှုတွင် တိမ်းရှောင်သွားခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ထောက်ခံခဲ့သည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှ ဘန်ကောက်သို့ ရောက်လာသည့် ဆန္ဒပြသူ အများစုမှာ ခိုင်မာ အားကောင်းနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment